California အိပ်မက်မှာ နေထိုင်ခြင်း_ California ပြည်နယ်အုပ်ချုပ်ရေးမှူးလောင်း Steve Hilton နှင့် တွေ့ဆုံခြင်း
by Myanmar Gazette
California ပြည်နယ်အုပ်ချုပ်ရေးမှူးလောင်း Steve Hilton နှင့်ဆွေးနွေးပွဲကို American Community Media က မေ၁၉၊ ၂၀၂၆တွင် ကျင်းပခဲ့သည်။
Steve Hilton သည် ၂၀၁၂က California သို့ ပြောင်းရွှေ့လာခဲ့ပြီး Stanford University တွင် စာပေပို့ချခြင်း၊ စာအုပ်များရေးသားခြင်း၊ podcasts များကို တင်ဆက်ခြင်း၊ ထင်ရှားသော တီဗီအစီအစဉ်တစ်ခုကို တင်ဆက်ခြင်းနှင့် Golden Together ဟုခေါ်သော အကျိုးအမြတ်မယူသည့် မူဝါဒရေးရာအဖွဲ့အစည်းကို ဦးဆောင်ခြင်းတို့ ပြုလုပ်ခဲ့သည်။ United Kingdom မှ မူလလာသူဖြစ်သော Steve Hilton သည် ကွန်မြူနစ်စနစ်ကို စွန့်ခွာထွက်ပြေးလာကြသည့် Hungary ဒုက္ခသည် မိဘနှစ်ပါးမှ မွေးဖွားလာပြီး အလုပ်သမားလူတန်းစား မိသားစုတွင် ကြီးပြင်းခဲ့သည်။
Steve Hilton သည် Oxford University သို့ တက်ရောက်ခဲ့ပြီး ယခင် ဝန်ကြီးချုပ် Margaret Thatcher ဦးဆောင်သော Conservative Party တွင် လုပ်ကိုင်ခဲ့ပြီး ကိုယ်ပိုင်ကုမ္ပဏီကို တည်ထောင်ခြင်း၊ London တွင် စားသောက်ဆိုင်အချို့ ဖွင့်လှစ်ခြင်းတို့ဖြင့် စီးပွားရေးလောကထဲသို့ ကူးပြောင်းခဲ့ပြီးမှ 10 Downing Street တွင် ဗြိတိန်ဝန်ကြီးချုပ် David Cameron ၏ အကြီးတန်းအကြံပေးအဖြစ် ပြန်လည်လုပ်ကိုင်ခဲ့သည်။
ပြည်နယ်ဘတ်ဂျက်။
Steve Hilton က ၁၆ နှစ်ကြာ တစ်ပါတီတည်းက ထိန်းချုပ်ထားသော တိုးတက်ပြောင်းလဲရေးဝါဒီ အုပ်ချုပ်မှုသည် California ကို နိုင်ငံအတွင်း ဆင်းရဲမွဲတေမှုနှင့် အလုပ်လက်မဲ့နှုန်း အမြင့်ဆုံး ဖြစ်လာစေခဲ့ပြီး လူနေမှုစရိတ်ကိုလည်း အဆမတန် ကြီးမြင့်စေခဲ့သည်ဟု ဆိုသည်။
“ကျွန်တော့်ရဲ့ အပြုသဘောဆောင်ပြီး လက်တွေ့ကျတဲ့ ပြောင်းလဲမှု အစီအစဉ်ကတော့ ကျွန်တော်တို့ ပြည်နယ်ရဲ့ လူနေမှုစရိတ်ကို သက်သာစေဖို့ ဖြစ်ပါတယ် – ဓာတ်ဆီ တစ်ဂါလန် ၃ ဒေါ်လာ ဖြစ်စေရမယ်၊ လျှပ်စစ်ဓာတ်အားခကို ထဝက် လျှော့ချရမယ်၊ ပထမဆုံး ဒေါ်လာ တစ်သိန်းကို အခွန်ကင်းလွတ်ခွင့် ပေးရမယ်၊ ပြီးတော့ ခင်ဗျားတို့ ဝယ်ယူနိုင်မယ့် ဈေးနှုန်းရှိတဲ့ အိမ်တစ်လုံး ဖြစ်စေရမယ်။”
ပထမဆုံး ဝင်ငွေ ဒေါ်လာ ၁၀၀,၀၀၀ ပေါ်တွင် အခွန်ကင်းလွတ်ခွင့် ရရှိစေရန်အတွက် Steve Hilton သည် ပြည်နယ်၏ အသုံးစရိတ်ကို ပစ်မှတ်ထား လျှော့ချရန် အဆိုပြုထားသည်။ ၎င်းသည် ထို ဒေါ်လာ ၈ ဘီလီယံ ကုန်ကျမည့် အစီအစဉ်အတွက် ပြည်နယ်ဘတ်ဂျက်ကို သေချာစွာ စစ်ဆေးခြင်းဖြင့် ရန်ပုံငွေ ရှာဖွေရန် စီစဉ်ထားပြီး၊ ၎င်း၏ အဖွဲ့အစည်းက ပြည်နယ်ဘတ်ဂျက်အတွင်း ဖြုန်းတီးမှု၊ လိမ်လည်မှုနှင့် အလွဲသုံးစားမှုများသည် တစ်နှစ်လျှင် ခန့်မှန်းခြေ ဒေါ်လာ ၈၀ ဘီလီယံခန့် ရှိနေသည်ဟု ဆိုသည်။ ထို့အပြင် ၎င်းက နှစ်စဉ် ဒေါ်လာ ၈၀၀ ကောက်ခံသော အသေးစားစီးပွားရေးလုပ်ငန်းအခွန်ကို ဖယ်ရှားရန်၊ ဖက်ဒရယ်အဆင့်၏ “မုန့်ဖိုး/တစ်စ်ပ် (tips) ပေါ်တွင် အခွန်မကောက်ရ” ဆိုသော အစီအစဉ်ကို တူညီစွာ ကျင့်သုံးရန်နှင့် မော်တော်ယာဉ် မှတ်ပုံတင်ကြေးကို ပုံသေ ၇၁ ဒေါ်လာသို့ လျှော့ချရန် အဆိုပြုထားသည်။
နေထိုင်ခွင့်ဆိုင်ရာ။
တရားဝင် ရွှေ့ပြောင်းအခြေချသူတစ်ဦးနှင့် နိုင်ငံသားပြုခွင့်ရထားသူတစ်ဦးအနေဖြင့် Steve Hilton သည် ၎င်း၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒကို တရားဥပဒေစိုးမိုးရေးနှင့် ဖက်ဒရယ်အာဏာပိုင်များနှင့် တင်းကျပ်စွာ ပူးပေါင်းဆောင်ရွက်ရေးအပေါ်တွင် အခြေခံထားပြီး၊ ယင်းသည် ပြည်နယ်၏ လက်ရှိ ခိုလှုံခွင့်ပေးထားသော (sanctuary) ချဉ်းကပ်မှုများနှင့် သိသိသာသာ ကွာခြားနေသည်။
“ကျွန်တော် အုပ်ချုပ်ရေးမှူး ဖြစ်လာတဲ့အခါ မြင်တွေ့ရမယ့် ကွာခြားချက်ကတော့ ထိပ်တိုက်ရင်ဆိုင်တဲ့ ချဉ်းကပ်မှုတွေအစား… ဥပဒေအားလုံးကို ငြိမ်းချမ်းစွာ အသက်သွင်းရမယ့် ချဉ်းကပ်မှုမျိုးကို ကျင့်သုံးမှာဖြစ်ပြီး ဖက်ဒရယ် လူဝင်မှုကြီးကြပ်ရေးဥပဒေကို အကောင်အထည်ဖော်မယ့်နေရာမှာ နှောင့်ယှက်တားဆီးတာမျိုး လုပ်မှာ မဟုတ်ပါဘူး။”
Steve Hilton က လူဝင်မှုကြီးကြပ်ရေးမူဝါဒသည် အုပ်ချုပ်ရေးမှူး၏ တာဝန်မဟုတ်ဘဲ ဖက်ဒရယ်အစိုးရ၏ တာဝန်သာ ဖြစ်သည်ဟု ဆိုသည်။
စိုက်ပျိုးရေးကဏ္ဍ။
ဖက်ဒရယ်အစိုးရ၏ ပြည်နှင်ဒဏ်ပေးမှုများကြောင့် California ၏ ဒေါ်လာ ဘီလီယံချီတန်သော စိုက်ပျိုးရေးကဏ္ဍ (အလုပ်သမားအများစုမှာ အထောက်အထားမဲ့များ ဖြစ်ကြသည်) အပေါ် သက်ရောက်မှု ရှိလာနိုင်ခြေနှင့်ပတ်သက်၍ မေးမြန်းရာတွင် Steve Hilton က ထိုမှီခိုနေမှုကို ပြည်တွင်းအလုပ်သမားများနှင့် နည်းပညာဆိုင်ရာ အလိုအလျောက်စနစ် (automation) ဆီသို့ ရွှေ့ပြောင်းရန် အာရုံစိုက် ပြောကြားခဲ့သည်။
“ကျွန်တော်တို့က ‘အော်… ဒီအလုပ်တွေကို လုပ်ဖို့ American တွေကို ရှာမရလို့ အခြားနိုင်ငံတွေကနေ အလုပ်သမားတွေကို တရားမဝင် တင်သွင်းရမယ်’ လို့ ပြောနေပြီး၊ တစ်ဖက်မှာလည်း Californians သန်းပေါင်းများစွာ အလုပ်မလုပ်ဘဲ ရှိနေတဲ့ စနစ်မျိုး ရှိနေတာဟာ ကျိုးကြောင်းဆီလျော်မှု မရှိဘူးလို့ မြင်ပါတယ်။”
၎င်းက California သည် လက်ရှိတွင် သမိုင်းတစ်လျှောက် အလုပ်သမားအင်အား ပါဝင်မှုနှုန်း အနိမ့်ဆုံးဖြစ်နေပြီး လူကြီး ၄ သန်းမှ ၅ သန်းခန့်မှာ အလုပ်မလုပ်ဘဲ ရှိနေသည်ကို ထောက်ပြခဲ့သည်။ Steve Hilton က လက်ရှိ လူမှုဝန်ထမ်းစနစ်သည် အလုပ်လုပ်ခြင်းထက် မှီခိုနေခြင်းကို ပိုမို တွန်းအားပေးနေသည်ဟု ဆိုသည်။ ထို့အပြင် ၎င်းက ပြည်နယ်စိုက်ပျိုးရေးသမဂ္ဂများသည် အလိုအလျောက်စနစ် တိုးတက်လာမှုများကို တက်ကြွစွာ ပိတ်ဆို့ထားခဲ့ကြောင်း၊ အဆိုပါစနစ်များကို အခြားပြည်နယ်များတွင် စိုက်ပျိုးရေး၌ လူအင်အားအပေါ် မှီခိုနေရမှုကို လျှော့ချရန် အောင်မြင်စွာ အသုံးပြုနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
Healthcare မှာ စားရိတ်ထောက်ပံ့မှုများအတွက်။
Steve Hilton သည် California ရှိ ဆေးရုံများနှင့် ပြည်သူ့ကျောင်းများ ကြုံတွေ့နေရသော ဘဏ္ဍာရေး အကျပ်အတည်းများကို မထိန်းချုပ်နိုင်သော ရွှေ့ပြောင်းအခြေချမှုများနှင့် ဆက်စပ်ပြခဲ့ပြီး ဒေသတွင်း အခြေခံအဆောက်အအုံများကို ဝန်ပိစေသည်ဟု ဆိုသည်။
“အခြားနိုင်ငံတွေရဲ့ နိုင်ငံသားတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို ထောက်ပံ့ပေးဖို့ California အခွန်ထမ်းတွေရဲ့ ငွေတွေကို အသုံးပြုဖို့ တောင်းဆိုတာဟာလည်း မဖြစ်သင့်ဘူးလို့ မြင်ပါတယ်။”
အလုပ်သမား ပြတ်လပ်မှုနှင့် ကုန်ကျစရိတ် မြင့်တက်လာမှုများကို ဖြေရှင်းရန်အတွက် Steve Hilton က California ၏ ကျန်းမာရေးစောင့်ရှောက်မှု အသုံးစရိတ်ကို အမျိုးသားအဆင့် စံနှုန်းများနှင့် ကိုက်ညီအောင် ဆောင်ရွက်ရန် ပြောဆိုခဲ့သည်။
ပညာရေးကို နိုင်ငံရေးလက်နက်အနေနဲ့ မသုံးကြရန်။
အမျိုးစုံလင်မှု၊ သာတူညီမျှမှုနှင့် အားလုံးပါဝင်နိုင်မှု (DEI) အစီအစဉ်များနှင့်ပတ်သက်၍ မေးမြန်းရာတွင် Steve Hilton က ၎င်း၏ အစိုးရအဖွဲ့သည် အခွန်ထမ်းပြည်သူများ၏ ငွေကြေးများကို နိုင်ငံရေးသီအိုရီများအစား အခြေခံကျသော ရည်မှန်းချက်များဆီသို့ ထိရောက်စွာ ဦးတည်အသုံးပြုနိုင်စေရန် ပြည်နယ်အစီအစဉ်တိုင်းကို စစ်ဆေးသွားမည်ဟု ပြောကြားခဲ့သည်။
“ကျွန်တော်တို့ အသုံးစရိတ်ရဲ့ အဓိက အာရုံစိုက်မှုဟာ… ပညာရေးဆိုင်ရာ သင်ကြားမှုအပေါ်မှာပဲ ဖြစ်ရပါမယ်။ မိဘတွေဆီကနေ ကျွန်တော် ကြားနေရတာက ပြည်သူ့ကျောင်းစနစ်တွေထဲမှာ… ဒီလို နိုင်ငံရေးဆန်တဲ့ အရာတွေအပေါ် အလေးပေးမှု များလွန်းနေပြီး ကလေးတွေကို စာဖတ်၊ စာရေးနဲ့ သင်္ချာတွက်တာတွေလိုမျိုး အခြေခံတွေကို သင်ကြားပေးဖို့ အာရုံစိုက်မှု မလုံလောက်ဘူး ဖြစ်နေပါတယ်။”
၎င်းက Black နှင့် Latino ကျောင်းသားများအကြား စာဖတ်ခြင်းနှင့် သင်္ချာကျွမ်းကျင်မှု အမှတ်များ အလွန်အမင်း နိမ့်ကျနေခြင်းသည် အဖွဲ့အစည်းပိုင်းဆိုင်ရာ ကျရှုံးမှု၏ သက်သေဖြစ်ပြီး၊ ပြည်သူ့ကျောင်းစနစ်က အခြေခံပညာရပ်များကို မသင်ကြားပေးနိုင်ပါက ကျောင်းသားများအနေဖြင့် California အိပ်မက်ကို ရရှိနိုင်မည်မဟုတ်ကြောင်း ဆိုသည်။
California တောမီးအပေါ်အမြင်။
Steve Hilton က California ၏ ပျက်စီးစေသော တောမီးကြီးများ ဖြစ်ပွားရခြင်း၏ အဓိက အကြောင်းရင်းမှာ ရာသီဥတုပြောင်းလဲမှုတစ်ခုတည်းကြောင့် မဟုတ်ဘဲ “လွန်ကဲသော သဘာဝပတ်ဝန်းကျင်ဝါဒ” နှင့် မှားယွင်းသော သစ်တောစီမံခန့်ခွဲမှု အလေ့အထများ၏ တိုက်ရိုက်ရလဒ်ကြောင့်ဖြစ်သည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။
“သစ်တောတွေကို အုပ်ဆိုင်းပြီး ထူထပ်လွန်းလာအောင် ပစ်ထားခဲ့ကြတယ်။ အဲဒီလို ဖြစ်နေတာကြောင့် သဘာဝအလျောက် မီးလောင်မှုတစ်ခု ဖြစ်ပွားတဲ့အခါမှာ ပိုပြီးတော့ တောမီးကြီး ဖြစ်လာနိုင်ခြေများပြီး ရာသီဥတုပြောင်းလဲမှုကိုပါ ပိုမိုဆိုးရွားစေပါတယ်။”
မိုးကြိုးပစ်ခြင်းကြောင့် မီးလောင်မှုအများဆုံး ဖြစ်ပွားလေ့ရှိသော Northern California အတွက်မူ Steve Hilton က သဘာဝအလျောက် ကွင်းပြင်များ ဖြစ်ပေါ်ခွင့်ပေးပြီး မီးအသေးစားများကို လိုက်လံ မငြှိမ်းသတ်ဘဲ ထားရှိမည့် ပိုမိုသဘာဝကျသော ချဉ်းကပ်မှုကို တွန်းအားပေးသည်။ လူကြောင့် မီးလောင်မှုအများဆုံးဖြစ်သော Southern California အတွက်မူ ၎င်းက လောင်စာများ၊ ခြုံနွယ်များကို ရှင်းလင်းပြီး တောမီးကာကွယ်ရေး နယ်မြေများ ဖန်တီးရန် ကြိုးပမ်းသော ကိုယ်ပိုင်မြေပိုင်ရှင်များကို ဒဏ်ရိုက်လေ့ရှိသည့် ပြည်နယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များကို ဝေဖန်ခဲ့သည်။
အဆောက်အဦးအာမခံစျေးကွက်အပေါ်အမြင်။
အဓိက အာမခံကုမ္ပဏီကြီးများ ပြည်နယ်အတွင်းမှ ထွက်ခွာနေကြသည့် ကိစ္စနှင့်ပတ်သက်၍ Steve Hilton က ယင်းပြဿနာသည် လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုအတွင်း ပြည်နယ် အာမခံကော်မရှင်နာရုံး၏ ပြင်းထန်သော စည်းမျဉ်းစည်းကမ်းများကြောင့် ဖြစ်သည်ဟု ဆိုသည်။
“ကျွန်တော်တို့ဆီမှာ နှောင့်ယှက်တဲ့၊ အမြတ်ထုတ်တဲ့၊ ငွေညှစ်တဲ့ တရားစွဲဆိုမှုတွေ အများကြီး ဖြစ်ပွားခဲ့ပြီး အဲဒါတွေက လူတိုင်းအတွက် အာမခံ ကုန်ကျစရိတ်ကို မြင့်တက်စေပါတယ်။ အဲဒီ ‘တရားစွဲဆိုမှု အခွန်’ ကြောင့် လူတိုင်းရဲ့ ပရီမီယံကြေးတွေပေါ်မှာ ဒေါ်လာ ၃,၀၀၀ ကနေ ဒေါ်လာ ၁၅,၀၀၀ အထိ ပိုမိုကုန်ကျနေစေတယ်လို့ ခန့်မှန်းရပါတယ်။”
ကုမ္ပဏီများအနေဖြင့် ပြန်လည်အာမခံထားခြင်း (reinsurance) နှင့် အနာဂတ် ရာသီဥတုအန္တရာယ်များကို ထည့်သွင်းတွက်ချက်ခွင့်ပြုသည့် မကြာသေးမီက စည်းမျဉ်းပြင်ဆင်ချက်များကို အသိအမှတ်ပြုသော်လည်း၊ Steve Hilton က Proposition 103 အပေါ် ပြည်နယ်၏ နှောင့်နှေးသော လုပ်ဆောင်မှုများကို ဝေဖန်ပြောဆိုခဲ့သည်။ အဆိုပါဥပဒေက နှုန်းထားပြောင်းလဲမှုများကို ရက်ပေါင်း ၆၀ အတွင်း အတည်ပြုရန် သတ်မှတ်ထားသော်လည်း ပြည်နယ်၏ ပြန်လည်သုံးသပ်မှုများသည် ပုံမှန်အားဖြင့် ၁ နှစ်မှ ၂ နှစ်အထိ ကြာမြင့်နေတတ်သည်။ ၎င်းက ဤလုပ်ငန်းစဉ်ကို မြန်ဆန်အောင် ဆောင်ရွက်မည်ဖြစ်ပြီး ပရီမီယံကြေးများကို မြင့်တက်စေသည့် တရားစွဲဆိုမှုများကို ထိန်းချုပ်ရန် ဥပဒေပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်မည်ဟု ကတိပြုခဲ့သည်။
ရာဇဝတ်မှုများအတွက် အရေးယူခြင်းများ။
Steve Hilton က ရာဇဝတ်မှု အမျိုးအစားအချို့အတွက် သီးခြားမူဝါဒများ ထားရှိခြင်းကို ငြင်းပယ်ခဲ့ပြီး၊ Hate Crimes ကို တုံ့ပြန်ရန် ၎င်း၏ အဓိက လက်နက်မှာ ရာဇဝတ်မှုအားလုံးကို ပြင်းပြင်းထန်ထန် နှိမ်နင်းမည့် ဘက်စုံမဟာဗျူဟာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ရာဇဝတ်မှု ထပ်မံကျူးလွန်နှုန်းကို လျှော့ချရန်အတွက် Steve Hilton သည် ပြည်နယ်၏ လက်ရှိ အကျဉ်းထောင်ပိတ်သိမ်းရေး အစီအစဉ်ကို နောက်ပြန်လှည့်ရန် စီစဉ်ထားပြီး၊ ယင်းအစီအစဉ်က ခရိုင်အကျဉ်းထောင်များကို ဝန်ပိစေကာ ဒေသတွင်း အစိုးရရှေ့နေများကို ထောင်ဒဏ်ချမှတ်ရန် ဝေခွဲမရဖြစ်စေသည်ဟု ဆိုသည်။ Virginia ပြည်နယ်၏ ပုံစံကို အခြေခံထားပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ—ဥပဒေကျူးလွန်သူများအကြား ငယ်စဉ်က မသိရှိခဲ့သော စာဖတ်ရန်ခက်ခဲသည့်ရောဂါ (dyslexia) ကို ရှာဖွေကုသပေးခြင်းကဲ့သို့သော လုပ်ငန်းများကို အာရုံစိုက်ခြင်းဖြင့် ပြစ်မှုထပ်မံကျူးလွန်ခြင်း၏ အဓိက အကြောင်းရင်းများကို ဖြေရှင်းမည်ဖြစ်သည်။ ၎င်းက အထူးသဖြင့် Asian နှင့် Jewish လူမျိုးများကို ပစ်မှတ်ထားသည့် အမုန်းပွားစေသော ရာဇဝတ်မှုအချို့ကို ပြင်းထန်စွာ ကိုင်တွယ်ခြင်း မရှိခဲ့သည်မှာ လက်ခံနိုင်စရာမရှိကြောင်းနှင့် သူသာ California ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် ရွေးကောက်ခံရပါက ထိုရာဇဝတ်မှုမျိုးကို လုံးဝ ဖယ်ရှားပစ်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
“ကျွန်တော် စတင်ခဲ့တဲ့အတိုင်းပဲ နိဂုံးချုပ်ချင်ပါတယ်၊ အဲဒါကတော့ ကျွန်တော်ဟာ ရွှေ့ပြောင်းအခြေချသူတစ်ယောက် ဖြစ်ပါတယ်။ ဂုဏ်ယူစရာကောင်းတဲ့ ရွှေ့ပြောင်းအခြေချသူတစ်ယောက်ပါ။ ပြီးတော့ ဒါဟာ ကျွန်တော် အကောင်အထည်ဖော်ချင်တဲ့ အဓိကအချက် ဖြစ်ပါတယ်၊ အဲဒါကတော့ ရွှေ့ပြောင်းအခြေချ မိသားစုတိုင်း၊ တရားဝင် ရွှေ့ပြောင်းအခြေချ မိသားစုတိုင်းအတွက် အခွင့်အလမ်းတွေကို ပြန်လည်ဖော်ဆောင်ပေးဖို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ တရားဝင်နဲ့ တရားမဝင် ရွှေ့ပြောင်းအခြေချမှုအကြား ကွာခြားချက် ရှိရပါမယ်။ အဲလိုမှမဟုတ်ရင် ကျွန်တော်တို့ နိုင်ငံမှာ မှန်ကန်တဲ့ အုပ်ချုပ်မှုစနစ် ရှိလာမှာ မဟုတ်ပါဘူး.။ ပြီးတော့ ကျွန်တော်တို့ ရွှေ့ပြောင်းအခြေချ လူမှုအသိုင်းအဝိုင်းအတွက် California အိပ်မက်ဆိုတဲ့ အဲဒီစိတ်ကူးစိတ်သန်းဟာ ကျွန်တော့်အတွက် အရမ်း အဖိုးတန်ပါတယ်၊ အဲဒါကိုပဲ ကျွန်တော် ပြန်လည်ဖော်ဆောင်ချင်တာ ဖြစ်ပါတယ်။” Hilton က အဆုံးသတ်ပြောကြားခဲ့သည်။

