2026 FIFA ကမ္ဘာ့ဖလားအိမ်ရှင်နိုင်ငံအနေနဲ့ အမေရိကားက အဆင်သင့်ဖြစ်ပြီလား?
by Myanmar Gazette
United States သည် ၂၀၂၆ ခုနှစ် FIFA ကမ္ဘာ့ဖလားကို လက်ခံကျင်းပရန် ပြင်ဆင်နေချိန်တွင် အိမ်ရှင်မြို့ကြီး ၁၁ မြို့၌ အားကစားဆိုင်ရာ စိတ်လှုပ်ရှားမှုများမှာ စိုးရိမ်ပူပန်မှုများအဖြစ် ပြောင်းလဲလာသည်။ သမိုင်းတစ်လျှောက် အားလုံးပါဝင်နိုင်ဆုံးသော ပြိုင်ပွဲဖြစ်လာမည်ဟု တာဝန်ရှိသူများက ကတိပြုထားသော်လည်း၊ လူ့အခွင့်အရေးအဖွဲ့အစည်းများက ယခုပြိုင်ပွဲသည် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဖိအားပေးမှုများနှင့် လူထုအား ဘေးဖယ်ထားခြင်းများ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေတစ်ခုသို့ ရောက်ရှိသွားမည်ကို စိုးရိမ်နေကြသည်။ မေလ ၂၉ ရက်နေ့က American Community Media မှ ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ကျွမ်းကျင်သူများက ပရိသတ်များ၊ အလုပ်သမားများနှင့် ရွှေ့ပြောင်းနေထိုင်သူ မိသားစုများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ရှင်းပြခဲ့သည်။ လာရောက်မည့် ဧည့်သည် ၁၀ သန်းကျော် ရှိမည်ဟု ခန့်မှန်းထားပြီး Super Bowl ၇၈ ခုကို တစ်ဆက်တည်း ကျင်းပရသည်နှင့် ညီမျှသောကြောင့် လက်ရှိ အမေရိကန်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများသည် ပြိုင်ပွဲ၏ ရည်ရွယ်ချက်နှင့် ဆန့်ကျင်နေသည်ဟု ဝေဖန်သူများက ဆိုသည်။
“ICE Truce” အဆိုပြုချက်။
အဓိက စိုးရိမ်ဖွယ်မှာ U.S. Immigration and Customs Enforcement (ICE) ၏ လုပ်ဆောင်ချက်များ ဖြစ်သည်။ ရွှေ့ပြောင်းမိသားစုများအနေဖြင့် ဖမ်းဆီးခြင်း သို့မဟုတ် ပြည်နှင်ဒဏ်ပေးခြင်းကို စိုးရိမ်နေစရာမလိုဘဲ ပွဲကြည့်ရှုနိုင်စေရန်အတွက် ပြိုင်ပွဲကာလအတွင်း ICE ၏ လုပ်ဆောင်ချက်များကို ယာယီရပ်ဆိုင်းထားရန် “ICE truce” ကို အဆိုပြုထားသည်။
ညွှန်ကြားရေးမှူး Minky Worden, Director of Global Initiatives, Human Rights Watch က “ကျမတို့ရဲ့ အကြီးမားဆုံး စိုးရိမ်ချက်ကတော့ ကမ္ဘာ့ဖလားပွဲကိုယ်တိုင်က ICE ရဲ့ ဖိအားပေးမှုတွေ အဓိကဖြစ်လာမယ့်နေရာ ဖြစ်သွားမှာကိုပါပဲ” ဟု ပြောသည်။ Senegal၊ Haiti နှင့် Iran ကဲ့သို့သော နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၃၉ နိုင်ငံအပေါ် ချမှတ်ထားသည့် ခရီးသွားလာခွင့် ပိတ်ပင်မှုများသည် FIFA ၏ အားလုံးပါဝင်နိုင်မှုဆိုသည့် စကားလုံးနှင့် ဆန့်ကျင်နေကြောင်းကိုလဲ ဆွေးနွေးခဲ့သည်။ “ဒီကမ္ဘာ့ဖလားဟာ ကမ္ဘာအတွက် ကမ္ဘာ့ဖလား မဟုတ်ပါဘူး”
မိသားစုများ ကွဲကွာသွားမည့်အရေး
MetLife Stadium တွင် ခိုလှုံခွင့်တောင်းခံထားသည့် ဖခင်တစ်ဦးကို ၎င်း၏ ကလေးများရှေ့တွင် ICE က ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်ကို တင်ပြခဲ့သည်။ Katherine La Puente, Children’s Rights Senior Coordinator, Human Rights Watch က FIFA ၏ နောက်ကျမှ လုပ်ဆောင်သည့် ကလေးသူငယ် စောင့်ရှောက်ရေး အစီအစဉ်များသည် ထိုကဲ့သို့ ထိတ်လန့်ဖွယ်ရာ ဖြစ်စဉ်များ သို့မဟုတ် အခွင့်အရေး ချိုးဖောက်မှုများမှ ကလေးများကို ကာကွယ်ရန် မလုံလောက်ကြောင်း သတိပေးသည်။
“ကျမတို့ စိုးရိမ်တာကတော့ လာမယ့်ကမ္ဘာ့ဖလားဟာ ကလေးသူငယ်တွေကို ဘက်စုံစောင့်ရှောက်ပေးနိုင်တဲ့ အစီအစဉ် မရှိတာနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ဖယ်ထုတ်ပြီး ကြောက်ရွံ့မှုတွေ ဖြစ်ပေါ်စေတာမျိုး ဖြစ်လာမှာကိုပါပဲ” ဟု La Puente က ပြောသည်။
မသေချာမရေရာမှုများ။
NAACP အတွက်မူ ဤပြိုင်ပွဲသည် စီးပွားရေး အကျိုးအမြတ်နှင့် ထိခိုက်လွယ်သည့် လူထုကို ကာကွယ်ခြင်းကြားမှ လွန်ဆွဲမှုတစ်ခု ဖြစ်နေသည်။ Jamal R. Watkins, Senior Vice President of Strategy and Advancement of the NAACP က လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်လာနိုင်သည့်အတွက် လာရောက်မည့်သူများကို သတိပေးချက် ထုတ်ပြန်ထားကြောင်း ရှင်းပြသည်။
“အမေရိကားမှာ ဒါက ဘယ်လိုမျိုး ဖြစ်ပျက်ခဲ့လဲဆိုတာ ကျွန်တော်တို့ မြင်ခဲ့ပြီးပါပြီ။ ပြည်သူတွေ အသက်ဆုံးရှုံးရတာနဲ့ မိသားစုတွေ ကွဲကွာသွားတာမျိုးတွေ ဖြစ်ခဲ့ပါတယ်” ဟု Watkins က ပြောပြီး အဖွဲ့အစည်းအနေဖြင့် လူသားဂုဏ်သိက္ခာထက် အမြတ်အစွန်းကို ဦးစားပေးသည်မျိုး မဖြစ်စေရန် အလုပ်သမား အခွင့်အရေးကို အလေးထားကြောင်း ဆိုသည်။
နယ်စပ်ဆိုင်ရာ ပြဿနာများ။
အိမ်ရှင်နိုင်ငံများဖြစ်သည့် America, Mexico နှင့် Canada နိုင်ငံတို့ကြား တင်းမာမှုများနှင့် ပြင်းထန်သော ဗီဇာမူဝါဒသစ်များကြောင့် အခြေအနေမှာ ပိုမိုရှုပ်ထွေးနေသည်။ Ariel G. Ruiz Soto, Senior Policy Analyst at Migration Policy Institute က ကမ္ဘာ့ဖလားမကုန်ဆုံးမီ ပြန်သွားကြမည်ကို အာမခံချက်အဖြစ် အမေရိကားအစိုးရက ဒေါ်လာ ၁၅,၀၀၀ အထိရှိသည့် “World Cup visa bond” ကို ပြဌာန်းထားကြောင်း ထောက်ပြသည်။
အားကစားကွင်းအနီးတစ်ဝိုက်တွင် ထိန်းသိမ်းမှုများ ဦးစားပေး လုပ်ဆောင်မည်မဟုတ်ကြောင်း အစိုးရဘက်က ပြောထားသော်လည်း မြို့များအတွင်းနှင့် ပြည်နယ်များအတွင်း မည်သို့လုပ်ဆောင်မည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ “ဒီနေရာတွေမှာ ဘယ်လိုမျိုး စည်းကမ်းထိန်းသိမ်းမှုတွေ လုပ်ဆောင်မလဲဆိုတာ မသိရသေးပါဘူး” ဟု Ruiz Soto က ပြောသည်။
ဇွန်လ ၁၁ ရက်နေ့ ပြိုင်ပွဲစတင်မည့်အချိန် နီးကပ်လာသည်နှင့်အမျှ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၏ ဆွေးနွေးချက်များက ရှင်းသည်။ ရွှေ့ပြောင်းနေထိုင်သူများကို ကြောက်ရွံ့မှုများဖြင့် နေထိုင်စေရမည်ဆိုပါက ကမ္ဘာ့အဆင့်မီ အားကစားပွဲတစ်ခု ဖြစ်လာမည်မဟုတ်ပေ။ FIFA နှင့် အမေရိကားအစိုးရတို့သည် မိမိတို့ ကတိပေးထားသည့် လူ့အခွင့်အရေး စံနှုန်းများကို လိုက်နာကျင့်သုံးနိုင်မလား၊ သို့မဟုတ် ၂၀၂၆ ကမ္ဘာ့ဖလားသည် သမိုင်းတွင် ဂိုးသွင်းမှုများဖြင့်သာမက ဖယ်ထုတ်ခံရမှုများဖြင့် မှတ်တမ်းဝင်သွားမည်လားဆိုသည်ကို စောင့်ကြည့်ရမည် ဖြစ်သည်။

