အောင်မြင်လိုသူများအတွက် အင်္ဂလိပ်စာ (၅) English for Success (5)

kaiMay 28, 20264min0

by Prof; Myo Kyaw Myint

အင်္ဂလိပ်စကားကို အသုံးပြု၍ အောင်မြင်တိုးတက်လိုသူတိုင်းသည် အင်္ဂလိပ်စကားကို အမြဲတစေ ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုတတ်ဖို့၊ ရေးသားတတ်ဖို့ လိုပါသည်။ မိမိအလိုကျသည့်အခါဖြစ်စေ၊ အလိုမကျသည့်အချိန်၌ဖြစ်စေ ယဉ်ကျေးသိမ်မွေ့သော စကားလုံးလေးများသာ သုံးရမည် ဖြစ်ပါသည်။ ဦးစွာပထမ The magic word ဟု လူသိများသည့် please ဆိုသည့်စကားလုံးလေးကို သင့်တော်သလို ထည့်ပြီး သုံးတတ်ရန် လေ့ကျင့်ထားရပါမည်။ ဥပမာ –

  • ရှင်းပြပါရစေ – Please let me explain
  • ကျွန်တော်/ကျမရဲ့ အရည်အချင်းကို ပြခွင့်ပြုပါ – Please give me an opportunity
  • နည်းနည်းလေး စိတ်ရှည်ရှည်ထားပါ – Be patient with me, please

ဒုတိယအနေနှင့် အင်္ဂလိပ်လို ပြောဆိုသည့်အခါ ချိုသာအေးမြစေသည့် Modal လေးများကို အစဉ်သင့်သလို သုံးရမည် ဖြစ်ပါသည်။ Modal ဆိုသည်မှာ can, could, will, would, should, may, must, might တို့ကို ဆိုလိုပါသည်။ ထို modal များအနက် can, could, may တို့က အထူးအသုံးဝင်ပါသည်။ အလားတူပင် would you mind နှင့် do you mind စသည့် expression လေးများကလည်း အထူးအသုံးပြုရန် ကောင်းလှပါသည်။ ဒီလို Modal များကို သုံးပြီး မိမိသည် ခေါင်းရှောင်တတ်သူ မဟုတ်ကြောင်း၊ တာဝန်သိတတ်သူတစ်ယောက် ဖြစ်ကြောင်း လှပစွာ၊ ခန့်ညားစွာ ပြောဆိုတတ်ရန် လိုပါလိမ့်မည်။ ဥပမာ –

  • People may say what they want, but I am not one to pass the buck.လူတွေ ပြောချင်တာ ပြောကြပါစေ၊ ကျွန်တော်က ခေါင်းမရှောင်တတ်ပါ။
  • I can say firmly that I take full responsibility for my work.ကျွန်တော့်လုပ်ရပ်ကို ကျွန်တော် လုံးဝတာဝန်ယူပါတယ်။ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ကျွန်တော် တာဝန်ယူတဲ့အကြောင်း ခိုင်ခိုင်မာမာ ပြောရဲပါတယ်။
  • I never try to blame another person when something goes wrong.တစ်စုံတရာ မှားယွင်းခဲ့ပြီဆိုရင် တခြားလူများအပေါ် အပြစ်ပုံချတတ်သူ မဟုတ်ပါ။
  • Instead, I try to look for a solution.တပါးသူအပေါ် အပြစ်လွှဲချမဲ့အစား ပြဿနာကို ဖြေရှင်းနိုင်ဖို့ ကြိုးစားတတ်သူပါ။

ဒီနေရာမှာ Pass the buck, blame someone else, look for a solution စသည့် ဝေါဟာရလေးများကို အထူးမှတ်သားထားဖို့ လိုပါသည်။

တတိယအနေနှင့် အောင်မြင်လိုသူတိုင်းသည် ဘာအခက်အခဲနှင့်ပဲ ကြုံရကြုံရ၊ positive စိတ်ထားနိုင်ပြီး positive လေးများကို အသုံးချတတ်သည့် အလေ့အကျင့်လေး ရှိနေသင့်ပါသည်။ negative expression လေးများကို အထူးသတိထားပြီး ရှောင်ရပါမည်။ အထူးသဖြင့် Impossible, we cannot do this, it’s beyond our control စသည့် negative expression လေးများကို ရှောင်ပြီး It’s possible, we can do this, we can control this စသည့် positive အသုံးအနှုန်းလေးများကို သုံးတတ်ရန် လေ့ကျင့်ထားပါ။ Problem ဆိုသည့် စကားလုံးကို သုံးမည့်အစား challenges ဟူသော စကားလုံးကို သုံးပါ။ Obstacles ဟူသော စကားလုံးကို opportunities ဟူသော ဝေါဟာရနှင့်လဲပြီး သုံးပါ။

နောက်ဆုံးအနေနှင့် What doesn’t kill us, makes us stronger ဆိုသည့် expression လေးများကို နားလည်သဘောပေါက်ပါစေ။ နောက်တခုအနေနှင့် အောင်မြင်တိုးတက်လိုသူတိုင်းသည် ရှုံးနိမ့်မှု မကြောက်သင့်ပါ။ မကြောက်သည်ကိုလည်း အများက နားလည်သဘောပေါက်အောင် ရှင်းပြနိုင်ရပါမည်။ အင်္ဂလိပ်လိုတော့ Embrace failure လို့ ဆိုနိုင်ပါသည်။ သို့သော် ဒီလိုရှုံးနိမ့်မှုကို ကြိုဆိုနေရုံ၊ လက်ခံနေရုံနှင့်တော့ မအောင်မြင်နိုင်သေးပါ။ အောင်မြင်လိုသူသည် ရှုံးနိမ့်မှုမှ ပေးလာသည့် သင်ခန်းစာကို ယူပြီး မိမိကိုယ်မိမိ လိုအပ်သလို ပြုပြင်ရပါမည်။

ဒီနေရာမှာ အယူအဆ မလွဲဖို့အထူးအရေးကြီးပါသည်။ အချို့က ရှုံးနိမ့်ခြင်းကို လက်မခံဖို့၊ ဇွဲဖြင့် ဆက်ပြီး ကြိုးစားဖို့ မှားတတ်ပါသည်။ Never give up, You can do anything you put your mind to စသည့် လွဲမှားသော ယုံကြည်ချက်များကို ဖယ်ရှားပစ်လိုက်ပါ။ မိုက်မဲခြင်း (Foolishness) နှင့် ဇွဲခက်ခြင်း တို့ကို ရောထွေးမသွားပါစေနှင့်။ ဇွဲခက်ခြင်းခေါ် perseverance သည် ကောင်းပါသည်။ သို့သော် မဖြစ်နိုင်သည့်ကိစ္စတခုကို ဇွဲခက်ပြီး ကြိုးစားနေသူသည် တန်ဖိုးရှိလှသော အချိန်ကို ဖြုန်းတီးနေပါသည်။

Focus on what is possible, not what is impossible.

ဥပမာ – ပင်လယ်ရေများကို ကုန်သွားအောင် ခတ်ထုတ်ပစ်လိုသည် ဆိုပါစေ။ Never give up ဆိုသည့် ဆောင်ပုဒ်နှင့်အညီ နေ့စဉ်နေ့တိုင်းသာ ခတ်ထုတ်နေပါက အသက်သာ သေသွားပါလိမ့်မည်။ ပင်လယ်ကြီးကတော့ ခမ်းခြောက်သွားမည် မဟုတ်ပါ။ စာရေးသူတို့ မြန်မာပြည်ကိုကြည့်ပါ။ စစ်တပ်ကလည်း PDF တွေကို အနိုင်တိုက်နေပါသည်။ PDF တွေကလည်း စစ်တပ်ကို အပြုတ်တိုက်နေပါသည်။ ကြားက ပြည်သူလူထုလည်း ဖွတ်ဖွတ်ညက်ညက် ကြေပါပြီ။

တိုက်ပွဲများကို ရပ်ဆိုင်းပြီး ခေါင်းဆောင်များ ဒူးတိုက် ဆွေးနွေးဖို့ လိုပါသည်။ သို့မှသာ စစ်မှန်သော ငြိမ်းချမ်းရေး ရပြီး မြန်မာနိုင်ငံကြီး တိုးတက်လာမည် ဖြစ်ပါသည်။ အထူးသဖြင့် အောက်ပါ expression လေးကို ကြည့်ပါ။

It is time for the longest civil war in history to come to an end.

ဒီနေရာမှာ သင်ခန်းစာကို ယူတတ်ဖို့လည်း လိုပါသေးသည်။ အောင်နိုင်ဖို့ နီးနေပြီ၊ ဆက်ကြိုးစားလိုပါလို့ ပြောနေတာလား။ တော်လောက်ပြီ၊ အခြားတဖက်က တနည်းတလမ်းနှင့် ကြိုးစားလိုက်ပါဦးလို့ ပြောနေတာလား သေသေချာချာ၊ ကွဲကွဲပြားပြား နားလည်ဖို့ လိုပါသည်။ ဇွဲ (Perseverance) နှင့် မိုက်မဲခြင်း (Foolishness) ကို ခွဲခြားတတ်ရပါမည်။ အင်္ဂလိပ်လို –

Doing the same thing over and over and expecting a different result is foolishness, not perseverance. လို့ ဆိုကြပါသည်။ ဒီတော့ အောင်မြင်လိုသူတိုင်းသည် အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း Be polite, be responsible, be positive, and be willing to learn from mistakes စသည့် အရည်အချင်းလေးများနှင့် ပြည့်စုံပြီး ဆက်စပ်သည့် English expression လေးများကို အသုံးချတတ်ပါစေဟု ဆုတောင်းရင်း နားပါဦးမည်။