English for Success (4) – အောင်မြင်လိုသူများအတွက် အင်္ဂလိပ်စာ (၄)

kaiApril 28, 20265min0

by Prof: Myo Kyaw Myint

ယခုလတွင် တိုးတက်အောင်မြင်လိုသူတိုင်း သိထားသင့်သည့် English expression လေးများကို ဖော်ပြလိုပါသည်။

၁။ Don’t work hard, work smart

ပထမဆုံး သိထားသင့်သည့် expression လေးကတော့ Don’t work hard, work smart ပင် ဖြစ်ပါသည်။ Don’t work hard ဆို၍ အလုပ်ကို ကြိုးကြိုးစားစား မလုပ်ရန် တားမြစ်နေခြင်း မဟုတ်ပါ။ လူတစ်ယောက်သည် တစ်နေ့တွင် ၈ နာရီ၊ ၉ နာရီ အလွန်ဆုံး ၁၀ နာရီထက်ပို၍ မလုပ်နိုင်ပါ။ ဒီထက်ပိုလုပ်ရင် ကျန်းမာရေး ထိခိုက်လာပါလိမ့်မည်။

ဒီတော့ work hard မလုပ်ဘဲ work smart လုပ်တတ်ရန် လိုပါသည်။ အထူးသဖြင့် ယခုခေတ်တွင် မိမိက တစ်နေကုန်လုပ်ရမည့်အလုပ်ကို AI က ငါးမိနစ်အတွင်း ပြီးဆုံးအောင် လုပ်ပေးနိုင်ပါသည်။ ဒီတော့ Smart ဖြစ်ဖို့ လိုပါသည်။

“A person can only work about eight or ten hours a day without the work affecting his or her health negatively. Thus, it is important to remember that it is not how long you work that matters, but what you have achieved, that is important.”


၂။ Think outside the box

ဒုတိယ မှတ်ထားသင့်သည့် expression လေးတစ်ခုကတော့ think outside the box ပင် ဖြစ်ပါသည်။ လူအများစုမှာ ထူးထူးခြားခြား မြင်တတ်တွေးတတ်သူများ မဟုတ်ပါ။ အများနည်းတူ မြင်တတ်၊ တွေးတတ်ကြပါသည်။

ဒီတော့ think outside the box လုပ်လိုသူသည် အများက မမြင်မိသည့်ကိစ္စများ၊ မတွေးမိသည့် အကြောင်းအရာများကို မြင်တတ်အောင်၊ တွေးတတ်အောင် လေ့ကျင့်ထားဖို့ လိုပါသည်။ သို့မှသာ သာမန် တွေးတတ်၊ မြင်တတ်သူများ မဖြေရှင်းနိုင်သည့် ကိစ္စများ၊ ပြဿနာများကို think outside the box နည်းဖြင့် ဖြေရှင်းပေးနိုင်ပါလိမ့်မည်။

ဥပမာအားဖြင့် – Hotel Industry ကို ကြည့်ပါ။ ဒီ industry ကို စိတ်ဝင်စားသူအများစုသည် ဘယ်နေရာမှာ hotel ဆောက်သင့်သည်၊ ဘယ်လို hotel မျိုး တည်ထောင်ရင် အောင်မြင်နိုင်သည် စသဖြင့် သာမန်အတွေး၊ သာမန်အမြင်များဖြင့် tourists များကို ဆွဲဆောင်ဖို့ ကြိုးစားကြပါသည်။ သို့သော် Airbnb ကို စတင်တည်ထောင်ခဲ့ကြသည့် Brian Chesky, Joe Gebbia နှင့် Nathan Blecharczyk တို့ကတော့ Thinking outside the box နည်းကို အသုံးပြု၍ Hotel industry ကို လုံးဝပြောင်းလဲသွားစေခဲ့တာ အားလုံးသိကြပြီးသား ဖြစ်ပါသည်။

အလားတူပင် LYFT တို့ UBER တို့က Taxi industry ကို လုံးဝပြောင်းလဲသွားအောင်၊ တစ်နည်းအားဖြင့် Disrupt လုပ်လိုက်ပုံကို အားလုံးသိကြပါသည်။ ထိုသို့ think out of the box လုပ်သူများကြောင့် စကားလုံးအသစ် Disruption ဆိုသည့် စကားလုံးလေး ပေါ်ပေါက်လာခဲ့ရပါသည်။

Disruption: Refers to a process where a new business enters a market with a different approach, often targeting people who are overlooked by major players.


၃။ မှန်ကန်စွာ ဖြေဆိုတတ်ရမည့် မေးခွန်း (၄) ခု

အောင်မြင်တိုးတက်လိုသူတိုင်း မိမိစိတ်ဝင်စားသည့် industry ကိုသော်လည်းကောင်း၊ career ကိုသော်လည်းကောင်း ဘယ်လိုနည်းနှင့် ဘယ်လိုပုံနှင့် disrupt လုပ်သင့်သည်ကို အမြဲတမ်းလိုလို တွေးနေမည်ဆိုရင် အောင်မြင်မှုရဖို့ သေချာပါသည်။ ထို့အပြင် အောက်ပါမေးခွန်းလေးခွန်းကိုလည်း မှန်ကန်စွာ ဖြေဆိုတတ်ရန် လိုပါသည်။

  1. As of now, who is the most important person for you? (အဖြေ – Whoever you are with at the moment.)
  2. When is the most important time for you? (အဖြေ – It is right now, of course.)
  3. Where is the most important place for you? (အဖြေ – It is where you are at the moment.)
  4. And what is the most important thing for you? (အဖြေ – Whatever you are doing now.)

မိမိလုပ်ရမည့်အလုပ်၊ တွေ့ဆုံနေရသည့်သူများ၊ မိမိရောက်ရှိနေသည့် နေရာနှင့် အချိန်တို့ကို ဦးစားပေးပြီး အာရုံစိုက်သူသည် သေချာပေါက် အောင်မြင်မည်ဖြစ်ပါသည်။


၄။ အောင်မြင်လိုသူတိုင်း ရှောင်အပ်သည့်အရာ (Complacency)

အရေးကြီးဆုံး ရှောင်ကြဉ်ရမည့် စကားလုံးမှာ complacency ဖြစ်ပါသည်။ ၎င်း၏ အဓိပ္ပာယ်မှာ –

“A feeling of smug or uncritical satisfaction with oneself or one’s achievement.”

ဒီတော့ စာဖတ်သူအားလုံးကို never be complacent ဟု မှာကြားလိုပါသည်။ မိမိရရှိထားသည့် ရာထူး၊ လစာ စသည့် အောင်မြင်မှုများနှင့် ကျေနပ်မနေသင့်ပါ။ ကြိုးစားအားထုတ်မှုကို ရပ်ဆိုင်းလိုက်သည်နှင့် အခြားသူများက ကျော်တက်သွားပါလိမ့်မည်။ ကျွန်တော်တို့အားလုံး Life-long learners များ ဖြစ်အောင် ကြိုးစားကြဖို့ တိုက်တွန်းလိုပါသည်။

၅။ Premature celebration

နောက်ဆုံးအနေနှင့် Premature celebration မလုပ်မိစေရန် အထူးအရေးကြီးပါသည်။ အောင်မြင်မှုရဖို့ မသေချာသေးခင်မှာ စိတ်လျှော့ချလိုက်ပြီး ပျော်ဖို့၊ ရွှင်ဖို့ မစဉ်းစားပါနှင့်။ မိမိလိုချင်သည့်ဆု မိမိလက်ဝယ် ပိုင်ပိုင်နိုင်နိုင် ရပြီဆိုမှ ပျော်ရွှင်ကြပါ။

ဖော်ပြထားခဲ့သည့် expression လေးများကို အသုံးချပြီး မြန်မာလူမျိုးအားလုံး အောင်မြင်ကြပါစေဟု ဆုတောင်းရင်း နားပါဦးမည်။