မြန်မာ့ဂဇက် အယ်ဒီတာ့သင်ပုန်း – မေ ၂၀၂၆
“You can go to live in France, but you cannot become a Frenchman. You can go to live in Germany or Turkey or Japan, but you cannot become a German, a Turk, or Japanese. But anyone, from any corner of the Earth, can come to live in America and become an American.” – Ronald Reagan (January 11, 1989)
အမေရိကားသို့ ကမ္ဘာအနှံ့မှ ပြောင်းရွှေ့ခိုလှုံသူများကို တွန်းအားပေးသည့် သမ္မတရေဂင်၏ မိန့်ခွန်းဖြစ်သည်။ ဤသို့ဖြင့် အမေရိကားသည် ရွှေ့ပြောင်းအခြေချသူ၊ ပြောင်းခိုသူ၊ ခိုလှုံသူများအား နွေးထွေးစွာ ကြိုဆိုလက်ခံ၍ အမေရိကန်ဖြစ်စေကာ ကမ္ဘာ့နံပါတ်တစ် စူပါပါဝါနိုင်ငံအဖြစ် ရပ်တည်နေနိုင်ခြင်း ဖြစ်၏။
အမေရိကားသို့ ပြောင်းရွှေ့သူများသည်လည်း ဋ္ဌာနေနိုင်ငံ၏ အကျိုးစီးပွားကို ဦးထိပ်ထား သစ္စာစောင့်သိခဲ့ကြသည်။ သူတို့သည် IBM, Microsoft, Alphabet, Nvidia, Broadcom, Tesla, Uber, DoorDash နှင့် Adobe ကဲ့သို့ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီးများကို ဦးဆောင်လျက်ရှိသည်။ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်သည်လည်း တောင်အာဖရိကမှ ပြောင်းရွှေ့လာသူဖြစ်သည်။
(၄၄) သမ္မတ အိုဘားမား၏ ဖခင်သည် ကင်ညာနိုင်ငံသားဖြစ်ပြီး၊ (၄၅-၄၇) သမ္မတ ထရမ့်၏ မိခင်မှာ စကော့တလန်မှ ပြောင်းရွှေ့လာသူဖြစ်သည်။ အမေရိကား၏ အောင်မြင်သော ကုမ္ပဏီ ၄၅% ခန့်ကို ရွှေ့ပြောင်းအခြေချသူများ (သို့) ၎င်းတို့ သားသမီးများက တည်ထောင်ခဲ့ကြကြောင်း American Immigration Council အစီရင်ခံစာတွင် ဖော်ပြထားသည်။
“မေ သို့မဟုတ် ဂုဏ်ပြုလ”
မေလသည် အမေရိကားတွင် ဘွဲ့နှင်းသဘင်ကျင်းပရာ အဓိကဂုဏ်ပြုလဖြစ်သည်။ ဆိုရှယ်မီဒီယာများတွင် ဘွဲ့ရသူတို့၏ ဝံ့ကြွားဂုဏ်ယူကြသည့် စာ/ဓာတ်ပုံ/ဗီဒီယိုများကို တွေ့ကြရမည်။
ဤသူ၏ စောင့်ကြည့်တွက်ချက်မှုအရ အမေရိကမြေတွင် မြန်မာဇာတိနွယ် (စတုတ္ထမျိုးဆက်အထိ) ထည့်တွက်လျှင် ၁ သန်းဝန်းကျင် ရှိနေပြီမှန်းပါသည်။ သို့သော် Elite U.S. universities / ထိပ်တန်းတက္ကသိုလ်များမှ ထွက်သူ ရာဂဏန်းမျှသာ ရှိသေးသည်။ ၁၉၈၈ အရေးတော်ပုံ မဟာမြန်မာရွှေ့ပြောင်းမှုကြီးနောက်ပိုင်း အမေရိကားသို့ ရွှေ့ပြောင်းခိုလှုံလာသည့်သူများသည် ၃၈ နှစ်ခရီး ဖြတ်ခဲ့ပြီမို့ အမေရိကပြည်ပေါက်များပင် ဒုတိယမျိုးဆက်အမေရိကန်များဖြစ်နေကြပေပြီ။
“စတုတ္ထမျိုးဆက် စာနယ်ဇင်းသမား”
သမီးခိုင်သံစဉ်၏ အဘေးဖြစ်သူသည် Gone With The Wind အား “လေရူးသုန်သုန်” အမည်ဖြင့် ၁၉၄၁ ခုနှစ်က မြန်မာအလင်းသတင်းစာတွင် မြန်မာဇာတ်အိမ်ဖွဲ့ပြီး အခန်းဆက် ရေးသားခဲ့သူ စာရေးဆရာ နန္ဒဖြစ်သည်။ အဘိုးဖြစ်သူသည် လုံးချင်းဝတ္ထုအုပ် ၂၀၊ သုတစာအုပ် ၁၁ အုပ်၊ ဆောင်းပါးပေါင်း ၃၇၀၀ နီးပါး ရေးသားနေသည့် အမျိုးသားစာပေဆုရ စာရေးဆရာအောင်ချိန်ဘွားဖြစ်၏။ သမီး၏ဖခင် ဤသူသည် အမေရိကားတွင် တောက်လျှောက်ပုံနှိပ်ထုတ်ဝေနေနိုင်သည် သက်တမ်းနှစ် ၂၀ ရှိပြီဖြစ်သော မန္တလေးဂေဇက်/မြန်မာဂဇက်၏ အယ်ဒီတာချုပ် ဖြစ်ပါသည်။ သမီး၏မေမေသည်လည်း ဝတ္တုတိုဖြင့် ဆေးကျောင်းသူဘဝကတည်းက စာရေးဆရာနှင့် အယ်ဒီတာဖြစ်ကာ ညိုခက်ကျော်အမည်ဖြင့် ရေးသားထားသော သူမ၏ ဝတ္တုတိုတပုဒ်အား အိုဆာကာတက္ကသိုလ်မှ ဂျပန်ဘာသာသို့ ပြန်ဖော်ပြ၍ စာအုပ်အဖြစ် ထုတ်ဝေဖူး၏။ သမီးခိုင်သံစဉ်သည် ကျောင်းသား ၆၀၀၀ ကျော်ရှိသော သူ၏GHC အထက်တန်း ကျောင်းသတင်းစာ Plaid Press တွင် အယ်ဒီတာချုပ်ဖြစ်သည်။ ဤသို့ဖြင့် သမီး ခိုင်သံစဉ်သည် စတုတ္ထမျိုးဆက် အယ်ဒီတာချုပ်နှင့် စာနယ်ဇင်းသမား ဖြစ်ပါ၏။
မေ ၂၈ ရက်နေ့တွင် အထက်တန်းအောင်လက်မှတ်နှင့် The International Baccalaureate (IB) ဒီပလိုမာယူရာတွင် ကျောင်းသား ၁၁၆၀ အနက် Honor Cords ကြိုး ၁၁ ကြိုးနှင့် Valedictorian ကြေးပြားဆုရသူ ဖြစ်လာသည်။
“ယေးလ်တက္ကသိုလ်သို့”
ဤသူ၏သမီးသည် ၂၀၂၆ သြဂုတ်တွင် ယေးလ်တက္ကသိုလ်သို့ Freshman အဖြစ်တက်ရောက်ခွင့်ရရှိသည်ဖြစ်ရာ ယေးလ်တက္ကသိုလ် ရွေးချယ်ရေးဒါရိုက်တာထံမှ လက်ရေးဖြင့် “you will fit in well writing for the YDN” ဟူသောစာကို တိုက်ရိုက်ရရှိထားသည်။ YDN (Yale Daily News) သည် အမေရိကားတွင် သက်တမ်းအကြာဆုံး ကျောင်းသားနေ့စဉ်သတင်းစာဖြစ်သည်။
ဧပြီလ Bulldog Days သွားရာတွင် Asian American Cultural Center ဦးဆောင်ကျောင်းသူ ၂ ဦးအနက် တဦးအား သမီးခိုင်သံစဉ်မှ ယေးလ်မှာ မြန်မာကလပ်ရှိသည်လောမေးမြန်းရာတွင် အဆိုပါကျောင်းသူမှာ ဂျူနီယာယေးလ်ကျောင်းသူ၊ နယူးယောက်မြို့နေ မြန်မာဖြစ်နေလေ၏။
ထိုမှဘော့စတွန်မြို့၏ ရိုးမစားသောက်ဆိုင်သို့ သွားစဉ် စားပွဲအနီးသို့ မိန်းကလေးတစ်ဦးလာရောက်၍ အသံဝဲဝဲဖြင့် မြန်မာလို ပြောမိတ်ဆက်လာသဖြင့် မေးမြန်းကြည့်ရာတွင် ဟားဗတ်တက္ကသိုလ် ဘွဲ့ရပြီးစ မြန်မာမိန်းကလေးဖြစ်နေသည်ကို တွေ့ရ၏။ မာစတာကျောင်း ဆက်တက်ဦးမည် ဆိုပါသည်။
ဤသည်တို့မှာ ယခုလပိုင်းအတွင်း အဖြစ်အပျက်များသာဖြစ်၍ မြန်မာဇာတိနွယ်တို့ မည်မျှအောင်မြင်နေသည်ကို တစွန်းတစ ပြလိုရင်းပါ။ ထူးဆန်းသည့် တူညီမှုတစ်ခုရှိသည်မှာ အဆိုပါသူတို့သည် မြန်မာအသိုင်းအဝိုင်းအတွင်း၌ မရှိကြခြင်းဖြစ်၏။ မည်သို့ဖြစ်သနည်း။?
“Elite U.S. universities ဝင်ခွင့် သော့ငါးချက်”
ဤသူအနေဖြင့် 8 Ivy League Universities နှင့် ထိပ်တန်းတက္ကသိုလ်များ (Stanford, MIT, UChicago, JHU, UC Berkeley, UCLA, U-M, UVA) သို့ ဝင်ခွင့်ရရန် လိုအပ်ချက် ၅ ချက်တွေ့မိသည်။
၁) ပညာရေးထူးချွန်ခြင်း (GPA & Test Scores)
၂) အားကစား/အနုပညာစသဖြင့် ထူးချွန်ခြင်း (Talent /Athletic Achievement)
၃) ခေါင်းဆောင်၍ စုဖွဲ့လှုပ်ရှားမှုများရှိခြင်း (Extracurricular)
၄) အခြားသူများ၏ ကိုယ့်အပေါ်အမြင် (Letters of Recommendation)
၅) သင်ပြောပြချင်တဲ့ သင်အကြောင်း (Essay)
မြန်မာများအတွက် (၂) မှာ ခက်ခဲနိုင်၍ ချွင်းချက်ထား ပယ်ထားနိုင်သည်။
အမေရိကား၏ အထက်တန်းကျောင်းများမှ ပြီးစီးသူ ကျောင်းသားအရေအတွက်မှာတနှစ်လျှင် ၄ သန်းခန့်ရှိ၍ Ivy League (၈ ကျောင်း) သို့တက်ခွင့်ရသူပေါင်းမှာ ၁၈၀၀၀ ဝန်းကျင်နှင့် Public Ivies ဟုခေါ်သော ထိပ်တန်းအစိုးရကျောင်း ၄ ကျောင်း (Berkeley, UCLA, U-M, UVA) သို့ ၁၈၀၀၀ ဝန်းကျင်ရှိသည်။ ချုပ်ဆိုရသော် အမေရိကားတွင် တစ်နှစ်လျှင် အထက်တန်းကျောင်းပြီးသူ ကျောင်းသား ၁၀၀ တွင် ၁ ဦးသာ အဆိုပါ Elite U.S. universities / ထိပ်တန်းတက္ကသိုလ် (၁၆) ခုထဲမှာ ဝင်ခွင့်ရရန် အခွင့်အလမ်းရှိခြင်းတည်း။ (ကောလိပ်တက်ပြီးနောက်မှ transfer students ဖြင့် ဝင်ခြင်းနှင့် international students များကို ချန်လှပ်ထားပါသည်။)
မိဘများသည် ထူး၍ခက်ခဲနေသည်မဟုတ်ပါ။ ၁ နှင့် ၂ မှာ ဆိုင်ရာကျောင်းသား၏ အရည်အချင်းနှင့် တိုက်ရိုက်ဆိုင်သော်လည်း ၃ မှ ၅ ကို မိဘများက ဖြည့်စွက်ကူညီ အဆက်အသွယ် ယူပေးနိုင်ပါသည်။ အထူးသဖြင့် ၃ အတွက် မြန်မာ့ဂဇက်သည် ကူညီပေးရန် အသင့်ရှိပါ၏။
၅ အတွက် Elite U.S. universities ဝင်ခွင့်ရပြီးသူ ကျောင်းသားများထံမှ အကူအညီရယူခြင်းသည် မှန်ကန်ကောင်းမွန်သည်ဟု ထင်၏။
ထိပ်တန်းတက္ကသိုလ်များ၏ အရေးပါသော အားသာချက်တရပ်မှာ အရည်အသွေးမြင့် network နှင့် lifelong connections များ ဖြစ်သည်။ ပညာ/စာသင်ခန်းစာများ ထူး၍ဆန်းနေသည်ကား မဟုတ်။ ဆန်း၍ပြားနေသည်မှာ ထိုထိုဝန်းကျင်၏ နှစ်ရာချီ တည်ဆောက်ပြီးထားသော အဆက်အသွယ် အချိတ်အဆက်များသာ။ မြန်မာသတင်းစာအနေဖြင့် အဆိုပါ Elite များအတွက် Network တည်ဆောက်သွားရန် ကြိုးစားပေးမည်ဖြစ်ပါ၏။ ဤသူ၏ အလုပ်သဘောအရ ဂျူး၊ဥရောပသားများနှင့် ထိတွေ့ဆက်ဆံရပေရာ အောင်မြင်သော လူမျိုးစုအသိုင်းအဝိုင်းများ၏ network တည်ဆောက်ပုံ၊ mentorship ပေးပုံနှင့် philanthropy ယဉ်ကျေးမှုများမှ သင်ယူစရာများစွာရှိသည်။ မြန်မာတို့နှင့် ကိုက်ညီရာကို ဆွဲထုတ်၍ တည်ဆောက်ပါမည်။
သားတို့သမီးတို့..
မြန်မာဟူသည် အရှေ့တောင်အာရှတွင် ထိပ်တန်းနိုင်ငံတစ်ခု ဖြစ်ခဲ့၏။ အကြီးဆုံးအင်ပါယာ/နယ်မြေပိုင်ခဲ့သည့် ရွှေခေတ်များလည်း ရှိဖူးရာ မျိုးရိုးဗီဇအားဖြင့် အညံ့ဟု မဆိုနိုင်။ ယခုကဲ့သို့ တကမ္ဘာလုံး လာစုနေသော ကမ္ဘာ့ရွာ အမေရိကားဝယ် အတားအဆီးဟူ၍ မိုးကောင်းကင်သာရှိသဖြင့် အဆုံးမရှိ အမြင့်တက်ပျံကြပါလေ။ network ချိတ်ဆက် ပေးယူညီမျှကြပါလေ။
ဤသို့လျင် မြန်မာဘွဲ့ရမျိုးဆက်သစ်များကို ဂုဏ်ပြုလိုက်ရပါကြောင်း။


