Digital ထိန်းချုပ်မှုကိုပြန်လည်ရယူခြင်း – California ၏ “DROP” ပလက်ဖောင်းအသစ်ကလူထုစွမ်းဆောင်ရည်၊ကိုယ်ရေးကိုယ်တာလုံခြုံမှုနှင့်လူနည်းစုအသိုင်းအဝိုင်းများကိုကာကွယ်ပေးနေပုံ

kaiMay 27, 20266min0

by SweSwe Aye/ Myanmar Gazette

ဤဖိုရမ်ကို The Governor’s Office of Service and Community Engagement မှတစ်ဆင့် Office of Community Partnerships & Strategic Communications (OCPSC) က တင်ဆက်ခြင်း ဖြစ်သည်။

LOS ANGELES — နေ့စဉ်လူမှုဘဝကို Online မှတစ်ဆင့် ပိုမိုဖြတ်သန်းနေကြရသည့် ယနေ့ခေတ်၌ California တွင် နေထိုင်သူများသည် မိမိတို့၏ ကိုယ်ရေးအချက်အလက်များကို မသိမသာ အရောင်းအဝယ်ပြုလုပ်ခံနေရသည့် ကိစ္စရပ်နှင့် ကြုံတွေ့နေရသည်။ သာမန်စားသုံးသူများနှင့် တိုက်ရိုက်ပတ်သက်မှုမရှိသော Data Brokers ဟုခေါ်သည့် ကုမ္ပဏီများသည် လူအများ၏ ကိုယ်ရေးကိုယ်တာ ခြေရာခံအချက်အလက်များကို နေ့စဉ်နှင့်အမျှ တိတ်တဆိတ် စုဆောင်းခြင်း၊ ဝယ်ယူခြင်းနှင့် ပြန်လည်ရောင်းချခြင်းများ ပြုလုပ်နေကြသည်။ Data Brokers များ သည် လူတစ်ဦးချင်းစီ၏ အမည်၊ email, ဖုန်းနံပါတ်၊ အင်တာနက်အသုံးပြုမှု ရာဇဝင်၊ ကျန်းမာရေးအချက်များနှင့် စျေးဝယ်ယူမှု အလေ့အထများ ပါဝင်သည့် digital ကိုယ်ရေးမှတ်တမ်းတွဲများကို စုစည်းပြီး သီးသန့်လူမှုဘဝများကို စီးပွားဖြစ် ကုန်ပစ္စည်းများအဖြစ် ပြောင်းလဲပစ်ကြသည်။

သာမန် California immigrant ( ရွှေ့ပြောင်းအခြေချသူ)တစ်ဦးအတွက် ဤကဲ့သို့ အွန်လိုင်းပေါ်တွင် မသိမသာ ခြေရာခံခံရခြင်းသည် လက်တွေ့ဘဝတွင် နေ့စဉ်နှင့်အမျှ အန္တရာယ်များကို ဖြစ်ပေါ်စေသည်။ စည်းကမ်းထိန်းချုပ်မှုမရှိသော ကိုယ်ရေးအချက်အလက် လမ်းကြောင်းများသည် ဖုန်းမက်ဆေ့ဂျ်မှတစ်ဆင့် လှည့်စားခြင်း (Text Scams)၊ အနှောင့်အယှက်ပေးသော အီးမေးလ်များ (Email Spam)၊ မလိုအပ်ဘဲ ဖုန်းခေါ်ဆို၍ ပစ္စည်းရောင်းခြင်းများနှင့် ခေတ်မီဆန်းပြားသော ငွေကြေးလိမ်လည်မှုများဆီသို့ တိုက်ရိုက်ဦးတည်နေသည်။

အချက်အလက်ခိုးယူမှုဆိုင်ရာ ကျွမ်းကျင်သူများ၏ အဆိုအရ ခေတ်သစ်လိမ်လည်သူများသည် အချက်အလက်ပေါက်ကြားမှု တစ်ခုတည်းအပေါ်တွင်သာ မှီခိုခြင်းမရှိဘဲ မတူညီသော အချက်အလက်ပွဲစားများနှင့် အများပြည်သူဆိုင်ရာ မှတ်တမ်းအမျိုးမျိုးမှ အချက်အလက်အပိုင်းအစများကို ဝယ်ယူပြီး ပစ်မှတ်ထားလိုသူများ၏ နောက်ကြောင်းကို စေ့စေ့စပ်စပ် စုစည်းကာ လိမ်လည်ကြခြင်း ဖြစ်သည်။

ရွှေ့ပြောင်းအခြေချသူများနှင့် လူနည်းစု ရပ်ကွက်များ (California ရှိ မြန်မာအသိုင်းအဝိုင်း အပါအဝင်) အတွက် ဤကဲ့သို့ အချက်အလက်များ ပေါက်ကြားခြင်း၏ နောက်ဆက်တွဲဆိုးကျိုးမှာ ပိုမိုပြင်းထန်နိုင်သည်။ ဘာသာစကား အခက်အခဲနှင့် digital နည်းပညာ တတ်မြောက်မှု အားနည်းခြင်းတို့ကြောင့် ၎င်းတို့သည် မသမာသူများ၏ အဓိကပစ်မှတ် ဖြစ်လာလေ့ရှိသည်။ သက်ကြီးရွယ်အိုများသည် လိမ်လည်သူများ၏ လှည့်ဖြားမှုကို ခံရပြီး လူမှုဖူလုံရေးနံပါတ်များ (Social Security Numbers) ပေးမိခြင်းနှင့် နှစ်ပေါင်းများစွာ စုဆောင်းထားသော ငွေကြေးများ ဆုံးရှုံးရခြင်းတို့နှင့် တိုးလာနေသည်။ ထို့အပြင် တရားဝင် နေထိုင်ခွင့် အခြေအနေမတူညီကြသည့် ရွှေ့ပြောင်းမိသားစုများအတွက် မိမိတို့၏ ကိုယ်ရေးအချက်အလက်များကို မည်သူမဆို ဝယ်ယူရောင်းချနိုင်ပြီး Federal Agencies များက နိုင်ငံရေးလက်နက်သဖွယ် ပြန်လည်အသုံးပြုနိုင်သည်ဟူသော အသိက စိုးရိမ်ပူပန်မှုများကို အစဉ်အမြဲ ဖြစ်ပေါ်စေသည်။

ဤကဲ့သို့ အလွယ်တကူ ရယူနေကြသော ကိုယ်ရေးအချက်အလက် လမ်းကြောင်းကို အမြစ်ပြတ်တားဆီးရန် California သည် တော်လှန်ပြောင်းလဲမည့် ဖြေရှင်းချက်တစ်ခုအဖြစ် Delete Request and Opt-Out Platform (DROP) ကို စတင်မိတ်ဆက်လိုက်ပြီ ဖြစ်သည်။

DROP ဆိုတာ ဘာလဲ၊ ဘယ်လိုအလုပ်လုပ်သလဲ။

State Senator Josh Becker ကိုယ်တိုင် ရေးဆွဲပြီး ၂၀၂၃ ခုနှစ်တွင် ပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom လက်မှတ်ရေးထိုးခဲ့သည့် California Delete Act အရ ဖွင့်လှစ်ပေးခဲ့သော DROP အစီအစဉ်သည် ၂၀၂၆ ခုနှစ်တွင် တရားဝင် စတင်အသုံးပြုနိုင်ခဲ့ပြီ ဖြစ်သည်။ ၎င်းသည် Californians များအတွက် မိမိတို့၏ ဒီဂျစ်တယ်ခြေရာများကို လွယ်ကူလျင်မြန်စွာ ပြန်လည်ထိန်းချုပ်နိုင်ရန် ဒီဇိုင်းရေးဆွဲထားသည့် ပြည်နယ်အစိုးရပိုင် အခမဲ့ ကိရိယာတစ်ခု ဖြစ်သည်။

Digital စနစ်တွင် နေထိုင်သူတစ်ဦးသည် DROP မှတစ်ဆင့် တစ်ကြိမ်တည်း လျှောက်လွှာတင်ရုံဖြင့် မှတ်ပုံတင်ထားသော အချက်အလက်ပွဲစား (Data Brokers) ၅၇၅ ခုကျော်ကို မိမိတို့၏ ကိုယ်ရေးအချက်အလက်များကို အပြီးတိုင် ဖျက်ပစ်ရန်နှင့် ပြန်လည်ရောင်းချခြင်းကို ရပ်တန့်ရန် ဥပဒေအရ တောင်းဆိုနိုင်သည်။

ဤစနစ်သည် အလွန်အသုံးဝင်ပြီး အသုံးပြုရလွယ်ကူကာ စာမျက်နှာပေါ်တွင် ၆ မိနစ်မှ ၇ မိနစ်ခန့်သာ အချိန်ပေးရန် လိုအပ်သည်။ အဆင့်ဆင့် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

  • ပလက်ဖောင်းသို့ ဝင်ရောက်ခြင်း: အသုံးပြုသူများသည် တရားဝင် လုံခြုံရေးဝက်ဘ်ဆိုက်ဖြစ်သော privacy.ca.gov/drop သို့ သွားရောက်ရမည်။
  • နေထိုင်ခွင့်ကို စစ်ဆေးခြင်း: ဤစနစ်သည် California တွင် နေထိုင်သူများအတွက်သာ သီးသန့်ဖြစ်သောကြောင့် အသုံးပြုသူများသည် California Identity Gateway သို့မဟုတ် Login.gov မှတစ်ဆင့် မိမိတို့ နေထိုင်ကြောင်းကို လုံခြုံစွာ အတည်ပြုရမည်။
  • အခြေခံအချက်အလက်များ ပေးခြင်း: အသုံးပြုသူများသည် မိမိတို့၏ အမည်၊ မွေးသက္ကရာဇ်၊ ဖုန်းနံပါတ်နှင့် email လိပ်စာကဲ့သို့သော အခြေခံအချက်အလက်များကို ထည့်သွင်းရမည်။ ဤအချက်အလက်များကို ပေးအပ်ခြင်းဖြင့် စနစ်က ဖျက်သိမ်းမှုအခြေအနေကို ခြေရာခံနိုင်မည့် သီးသန့် DROP ID တစ်ခုကို ထုတ်ပေးမည် ဖြစ်သည်။
  • အလိုအလျောက် စည်းကြပ်ခြင်း: လျှောက်လွှာတင်ပြီးသည်နှင့် တစ်ပြိုင်နက် Data Brokers များသည် ရက်ပေါင်း ၄၅ ရက်လျှင် တစ်ကြိမ် DROP စနစ်သို့ ချိတ်ဆက်ကာ ကုဒ်ဝှက်ထားသော အချက်အလက်များကို တိုက်စစ်ပြီး DROP မှာစာရင်းသွင်းပါဝင်သူများ၏ မှတ်တမ်းများကို ဖျက်ပစ်ရန် ဥပဒေအရ တာဝန်ရှိသည်။

ဤအစီအစဉ်၏ အဓိကထူးခြားချက်မှာ အမြဲတမ်း အတည်ဖြစ်ခြင်းပင် ဖြစ်သည်။ အသုံးပြုသူများသည် ဤစနစ်ကို တစ်ကြိမ်သာ အသုံးပြုရန် လိုအပ်ပြီး၊ နောင်တွင် Data Brokers အသစ်များ ပြည်နယ်တွင်း၌ ထပ်မံမှတ်ပုံတင်လာသော်လည်း အချက်အလက်ဖျက်သိမ်းမှုနှင့် ငြင်းပယ်မှုယန္တရားသည် အလိုအလျောက် အမြဲတမ်း ဆက်လက်တည်ရှိနေမည် ဖြစ်သည်။

တင်းကျပ်သော လုံခြုံရေးစနစ်ဖြင့် ကိုယ်ရေးကိုယ်တာ စိုးရိမ်မှုများကို ဖြေရှင်းခြင်း။

မိမိတို့၏ ကိုယ်ရေးအချက်အလက်များကို ပြည်နယ်အစိုးရ၏ စနစ်တစ်ခုထဲသို့ ထည့်သွင်းရန် စိတ်ချရပါ့မလားဟု စိုးရိမ်ပြီး ဇဝေဇဝါဖြစ်နေသည့်သူတို့ အတွက် California Privacy Protection ၏ Executive Director ဖြစ်သူ Tom Kemp က ဤစနစ်ကို အလွန်ခိုင်မာသော လုံခြုံရေးအကာအကွယ်များဖြင့် တည်ဆောက်ထားကြောင်း အာမခံထားသည်။

DROP ထဲသို့ ထည့်သွင်းလိုက်သော အချက်အလက်အားလုံးကို လုံခြုံပြီး ကုဒ်ဝှက်ထားသော စနစ်ဖြင့် ချက်ချင်း သိမ်းဆည်းထားသည်။ Data Brokers များသည် အသုံးပြုသူ၏ အချက်အလက်အစစ်အမှန်များကို မည်သည့်အခါမျှ မြင်တွေ့နိုင်မည် မဟုတ်ပါ။ ၎င်းအစား ဤပလက်ဖောင်းသည် သင်္ချာနည်းကျ လျှို့ဝှက်စနစ်ကို အသုံးပြုထားသောကြောင့် Data Brokers များ၏ မှတ်တမ်းများထဲတွင် တူညီသော ကုဒ်ဝှက်အချက်အလက်များ ရှိနေမှသာ စနစ်က “ကိုက်ညီမှုရှိသည်” ဟု ပြသမည် ဖြစ်သည်။ အကယ်၍ ပွဲစားထံတွင် သင်၏အချက်အလက်မရှိပါက သင် ဤစနစ်ကို အသုံးပြုခဲ့သည်ကိုပင် ၎င်းတို့ သိရှိနိုင်မည် မဟုတ်ပါ။

ထို့အပြင် ဤဥပဒေသည် အချက်အလက်များကို မဖျက်ဘဲ ပျက်ကွက်ပါက ပြင်းထန်သော ငွေကြေးဒဏ်ငွေများကို သတ်မှတ်ထားသည်။ Data Brokers များသည် အချက်အလက်မဖျက်ဘဲ ချိုးဖောက်မှုတစ်ခုစီအတွက် တစ်ရက်လျှင် ဒေါ်လာ ၂၀၀ စီ ဒဏ်ငွေဆောင်ရမည် ဖြစ်သည်။ လက်ရှိတွင် Californians ပေါင်း ၃၀၀,၀၀0 ကျော် စာရင်းသွင်းထားပြီးဖြစ်ရာ ဥပဒေကို မလိုက်နာသော ပွဲစားများသည် တစ်ရက်လျှင် ဒေါ်လာ သန်း ၅၀ မှ သန်း ၆၀ အထိ ကြီးမားသော ဒဏ်ငွေများနှင့် ရင်ဆိုင်ရနိုင်သည်။ California Privacy Protection အေဂျင်စီသည် ဥပဒေလိုက်နာမှု အပြည့်အဝရှိစေရန် ဤစည်းမျဉ်းများကို တက်ကြွစွာ ကြပ်မတ်ဆောင်ရွက်လျက် ရှိသည်။

လူထုအသိုင်းအဝိုင်းအပေါ် သက်ရောက်မှုတန်းတူညီမျှမှု၊ ဘေးကင်းမှုနှင့် စိတ်အေးချမ်းမှု။

လူထုအကျိုးဆောင်များက DROP သည် နည်းပညာဆိုင်ရာ ကိရိယာတစ်ခုထက်မကဘဲ လူမှုပတ်ဝန်းကျင် တန်းတူညီမျှမှုကို ဖော်ဆောင်ပေးသည့် အရာတစ်ခုဖြစ်ကြောင်း ပြောကြားကြသည်။ AARP California ၏ Associate Director of Advocacy and Community Engagement ဖြစ်သူ Strat Maloma က ဤပလက်ဖောင်းသည် သာမန်ပြည်သူများအတွက် အခြေအနေကို ပိုမိုမျှတစေကြောင်း အလေးအနက် ပြောကြားခဲ့သည်။

“ကျွန်တော် DROP နဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားရတာကတော့ ဒါဟာ ကျွန်တော်တို့ရဲ့ digital ခြေရာတွေကို ကျုံ့သွားစေလို့ပါပဲ” ဟု Strat Maloma က သူ၏လက်ကိုင်ဖုန်းတွင် အသုံးပြုနေသည့် App ပေါင်း ၇၀ ကျော်ရှိနေပြီး မိမိအချက်အလက်များကို မည်သို့ခြေရာခံနေသည်ကို မသေချာသည့် စိုးရိမ်မှုများကို မျှဝေရင်း ပြောကြားခဲ့သည်။ “စျေးကွက်ထဲမှာ ပြန့်နှံ့နေတဲ့ အချက်အလက်ပမာဏကို လျှော့ချလိုက်ခြင်းအားဖြင့် မသမာသူတွေရဲ့ လှည့်စားခြယ်လှယ်နိုင်ခြေ အန္တရာယ်ကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။”

Strat Maloma က “ဗဟိုချုပ်ကိုင်မှုရှိတဲ့ အခမဲ့စနစ်တစ်ခုကို ဖန်တီးပေးခြင်းဖြင့် DROP ဟာ နည်းပညာကျွမ်းကျင်မှု၊ အချိန်နှင့် အရင်းအမြစ်ဆိုင်ရာ အတားအဆီးတွေကို ဖယ်ရှားပေးနိုင်ခဲ့ပြီး အားလုံးအတွက် တန်းတူညီမျှမှုနှင့် digital ကိုယ်ရေးကိုယ်တာ ရပိုင်ခွင့်များကို လွယ်ကူစေပါတယ်” ဟုပြောကြားခဲ့သည်။

ပံ့ပိုးမှုနည်းပါးသော California ရှိ လူမျိုးစုအသိုင်းအဝိုင်းများအတွက် ဤပလက်ဖောင်းသည် မရှိမဖြစ်လိုအပ်သော အကာအကွယ်ဒိုင်းတစ်ခု ဖြစ်လာသည်။ Los Angeles တွင် နေထိုင်သူ IT ကျွမ်းကျင်သူ မြန်မာအမျိုးသား Kyi Soe က ရှုပ်ထွေးလှသော ဒီဂျစ်တယ်ကမ္ဘာတွင် ဒေသခံမိသားစုများအတွက် ဤစနစ်က ကြီးမားသော သက်သာရာရမှုကို ပေးစွမ်းနိုင်ပုံနှင့်ပတ်သက်၍

” အသိုင်းအဝိုင်းကြီးတဲ့ Californians တွေအတွက်တင်မကဘဲ လိမ်လည်သူတွေနဲ့ လူဝင်မှုကြီးကြပ်ရေး ပြဿနာတွေကို ရင်ဆိုင်နေရတဲ့ ထိခိုက်လွယ်ပြီး အကူအညီမဲ့နေတဲ့ အသိုင်းအဝိုင်းတွေ၊ လူမျိုးစုတွေအတွက်ပါ အကျုံးဝင်ပါတယ်။ မြန်မာ အသိုင်းအဝိုင်းထဲက သက်ကြီးရွယ်အိုအချို့ဟာ လူမှုဖူလုံရေးနံပါတ်တွေကို လိမ်လည်တောင်းခံပြီး စုဆောင်းငွေတွေကို အလစ်အငိုက် နှိုက်ယူသွားတဲ့ onlineလိမ်လည်သူတွေနဲ့ ကြုံတွေ့ခဲ့ရဖူးပါတယ်။ digital နည်းပညာ တတ်မြောက်မှု အားနည်းတဲ့ digital ကမ္ဘာကြီးထဲမှာ နေထိုင်နေရတဲ့ အချိန်မှာ DROP က ဒီလိုရှုပ်ထွေးတဲ့ ပြဿနာတွေအတွက် ကြီးမားတဲ့ ဖြေရှင်းချက်တစ်ခု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

လက်တွေ့လုပ်ဆောင်ခြင်းမိသားစုများအတွက် နောက်ထပ်လုပ်ဆောင်ရမည့်အဆင့်။

DROP ကို အသုံးပြုခြင်းသည် လုံးဝ အခမဲ့ ဖြစ်သည်။ ပြည်နယ်အစိုးရသည် Data Brokers များထံမှ မှတ်ပုံတင်ကြေးများကို ကောက်ခံခြင်းဖြင့် လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်များကို အောင်မြင်စွာ ကာမိစေရန် စီမံထားသောကြောင့် ဤပလက်ဖောင်းသည် ပြည်သူ့အသုံးချစနစ်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေမည် ဖြစ်သည်။

နေထိုင်သူများသည် စနစ်ထဲသို့ ပြန်လည်ဝင်ရောက်ပြီး မည်သည့်ပွဲစားက မိမိတို့၏မှတ်တမ်းများကို အောင်မြင်စွာ ဖျက်ပစ်ပြီးကြောင်း ပြသသည့် အခြေအနေပြဇယားကို ကြည့်ရှုကာ မိမိတို့တောင်းဆိုမှု၏ တိုးတက်မှုကို အချိန်မရွေး စောင့်ကြည့်နိုင်သည်။ အကယ်၍ စားသုံးသူတစ်ဦးသည် ပွဲစားတစ်ဦးဦးက မိမိ၏အခွင့်အရေးကို ချိုးဖောက်နေသည်ဟု သံသယရှိပါက Cal Privacy မှတစ်ဆင့် တိုင်ကြားချက်ကို တိုက်ရိုက်တင်သွင်းနိုင်သည်။

Californians မြန်မာကွန်မြူနတီအတွက် မြန်မာ-အမေရိကန်ရွေးကောက်ခံကိုယ်စားလှယ် Monterey Park Councilmember Thomas Wong က “ယနေ့ခေတ်ကြီးထဲမှာ ကျွန်တော်တို့ရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုကို စိတ်ချရအောင် လုပ်ဖို့က တကယ်ကို အရေးကြီးပါတယ်။ ပြည်နယ်အစိုးရရဲ့ Delete Request and Opt-Out Platform (DROP) အစီအစဉ်က California မှာ နေထိုင်သူတွေအတွက် မိမိတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကာကွယ်ဖို့ ရိုးရှင်းတဲ့ နည်းလမ်းတစ်ခုကို ပေးစွမ်းထားပါတယ်။” ဟု တိုက်တွန်းနှိုးဆော်သည်။

မိမိတို့၏ digital သတင်းအချက်အလက် ပေါက်ကြားမှုများကို ပိတ်ဆို့ရန်၊ အချက်အလက်ခြေရာများ( digital footprint) များကို လျှော့ချရန်နှင့် မိမိတို့မိသားစုကို ဘေးအန္တရာယ်ဖြစ်စေမည့် လိမ်လည်မှုများမှ ကာကွယ်ရန် ဒီနေ့မှာပဲ  privacy.ca.gov သို့ ဝင်ရောက် လုပ်ဆောင်လိုက်ပါ။