အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံခြင်း – California ပြည်နယ်၏ ကောလိပ်ပညာရေးအတွက် ငွေစုဆောင်းခြင်းအစီအစဉ်က Burmese American လူငယ်များအတွက် အခွင့်အလမ်းတံခါးများ ဖွင့်လှစ်ပေးနေခြင်း
by SweSwe Aye/Myanmar Gazette
Forumကို The Governor’s Office of Service and Community Engagement မှတစ်ဆင့် Office of Community Partnerships & Strategic Communications (OCPSC) က ဦးစီးပြုလုပ်ခြင်း ဖြစ်သည်။
LOS ANGELES — California ပြည်နယ်တွင် သားသမီးများကို ပျိုးထောင်ရခြင်းသည် ကြီးမားသော အခွင့်အလမ်းများကို ဆောင်ကြဉ်းပေးသော်လည်း အနာဂတ်အတွက် လက်တွေ့ကျကျ စဉ်းစားပြင်ဆင်မှုများလဲ လိုအပ်ပါသည်။ ရွှေ့ပြောင်းအခြေချ မိသားစုများအတွက် နေ့စဉ်လူမှုဘဝ ကုန်ကျစရိတ်များကို ရင်ဆိုင်ကျော်ဖြတ်နေရသကဲ့သို့ပင်၊ တဖြည်းဖြည်း မြင့်မားလာနေသော အဆင့်မြင့်ပညာရေး ကုန်ကျစရိတ်သည်လည်း အဓိက စိုးရိမ်စရာ ကိစ္စတစ်ခု ဖြစ်နေဆဲပင် ဖြစ်သည်။ ပြည်နယ်ပညာရေးဌာန၏ မကြာသေးမီက ထုတ်ပြန်ချက်များအရ California ရှိ အထက်တန်းကျောင်းသားများ၏ ကျောင်းပြီးမြောက်မှုနှုန်းသည် 87.5% အထိ အမြင့်ဆုံးအခြေအနေတွင် တည်ငြိမ်စွာ ရှိနေပြီး၊ ထိုကျောင်းဆင်းများ၏ ထက်ဝက်ကျော်သည် အစိုးရတက္ကသိုလ်များသို့ တက်ရောက်ခွင့်ရရန် လိုအပ်သော အနိမ့်ဆုံး ဘာသာရပ်ဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီကြသည်။ သို့သော်လည်း တက္ကသိုလ်စာသင်ခန်းထဲသို့ ခြေလှမ်းလှမ်းရန် ငွေကြေးကိစ္စရပ်များက စိန်ခေါ်မှုတစ်ခု ဖြစ်နေလျက်ရှိသည်။
College Board ၏ အမျိုးသားအဆင့် ကိန်းဂဏန်းများအရ ပြည်နယ်တွင်းရှိ ၄ နှစ်သင် အစိုးရတက္ကသိုလ်တစ်ခု၏ ပျမ်းမျှကျောင်းလခနှင့် အခကြေးငွေများမှာ လက်ရှိတွင် တစ်နှစ်လျှင် $11,950 ဝန်းကျင် ရှိနေသည်။ ကျောင်းဝင်းအတွင်း နေထိုင်စရိတ်၊ စားသောက်စရိတ် Convert၊ သယ်ယူပို့ဆောင်ရေးနှင့် ကျောင်းသုံးစာအုပ်စရိတ်များ ပေါင်းထည့်လိုက်ပါက ကျောင်းဝင်းတစ်ခုချင်းစီအပေါ် မူတည်၍ အမှန်တကယ် ကုန်ကျစရိတ်သည် တစ်နှစ်လျှင် $25,000 မှ $40,000 ကျော်အထိ မြင့်တက်သွားလေ့ရှိသည်။ ဒေသခံလူထုအတွက်မူ ဤကိန်းဂဏန်းများက တက္ကသိုလ်ပညာရေးကို လက်လှမ်းမမီနိုင်ဟု ထင်မြင်ယူဆစေသည့် သံသယတံတိုင်းများကို ဖြစ်ပေါ်စေနိုင်ပါသည်။
ဤငွေကြေးအခက်အခဲကို ကျော်လွှားနိုင်ရန် ပြည်နယ်ဘဏ္ဍာရေးမှူးရုံးသည် California Kids Investment and Development Savings Program (CalKIDS) ကို တက်ကြွစွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသည်။ ထိုအစီအစဥ်မှာ မြင့်မားလာသော ပညာရေးအတားအဆီးများကို တိုက်ရိုက်ဖြေရှင်းပေးသည့် ပြည်နယ်အစိုးရ ရန်ပုံငွေပံ့ပိုးမှု အစီအစဉ် ဖြစ်သည်။ ဤအစီအစဉ်သည် မကြာသေးမီကပင် account လျှောက်ထားရယူမှု အရေအတွက် 900,000 ကျော်သွားပြီဖြစ်၍ ပြည်နယ်အနှံ့ ကျောင်းသားလူငယ်များထံသို့ ထိရောက်စွာ ရောက်ရှိနေကြောင်း ပြသနေသည်။
CalKIDS ဆိုတာ ဘာလဲ။

ပြည်နယ်အစိုးရက စီမံခန့်ခွဲသော CalKIDS အစီအစဉ်သည် ကာလီဖိုးနီးယားတွင် မွေးဖွားသည့် အရည်အချင်းပြည့်မီသော ကလေးငယ်များနှင့် အစိုးရကျောင်းတက်နေသော ကျောင်းသားများအတွက် ကောလိပ်ကျောင်းလခစုဆောင်းရန် အလိုအလျောက် ငွေစုအကောင့်တစ်ခု ဖန်တီးပေးထားခြင်း ဖြစ်သည်။ ဤအစီအစဉ်သည် လူငယ်များအတွက် နောင်တစ်ချိန်တွင် သက်မွေးဝမ်းကျောင်း သင်တန်းတက်ရောက်ရန် သို့မဟုတ် ဘွဲ့ဒီဂရီယူရန် ကုန်ကျစရိတ်များကို ကြိုတင်ပြင်ဆင်နိုင်ရန် ငွေကြေးပံ့ပိုးမှုများ ပေးအပ်ပါသည် –
- မွေးကင်းစကလေးငယ်များအတွက်: ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁ ရက် သို့မဟုတ် ၎င်းနောက်ပိုင်းတွင် California ၌ မွေးဖွားသော ကလေးငယ်များအားလုံး ခြွင်းချက်မရှိ အကျုံးဝင်ပါသည်။ မိသားစုဝင်ငွေကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ California တွင် မွေးဖွားသည့် ကလေးတိုင်း ၁၀၀ ရာခိုင်နှုန်း တန်းတူအခွင့်အရေး ရရှိမည် ဖြစ်သည်။ CalKIDS accounts များကို အလိုအလျောက် ဖွင့်လှစ်ပေးထားပြီး၊ မိဘများသည် ကလေးမွေးဖွားပြီး ရက်ပေါင်း ၉၀ ခန့်အကြာတွင် အကျုံးဝင်မှု ရှိ၊ မရှိ စစ်ဆေးနိုင်သည်။
- K-12 အစိုးရကျောင်းသားများအတွက်: အစိုးရကျောင်းတက်နေသော ကျောင်းသားများသည် ပံ့ပိုးမှုအလိုအပ်ဆုံးသူများကို ဦးတည်သည့် Local Control Funding Formula (LCFF) စနစ်ပေါ် မူတည်၍ အကျုံးဝင်ခွင့် ရရှိကြသည်။ သတ်မှတ်ချက်များတွင် National School Lunch Program ၌ ပါဝင်ခြင်း၊ ကျောင်းတွင် အခမဲ့အကျွေးအမွေး အစီအစဉ်ရခြင်း၊ အလိုအလျောက် ဝင်ငွေပုံစံတင်ပြချက်ရှိခြင်း သို့မဟုတ် CalFresh, CalWORKs နှင့် Medi-Cal ကဲ့သို့သော ပြည်နယ်အစိုးရ အကူအညီပေးရေး အစီအစဉ်များတွင် ပါဝင်နေခြင်းတို့ ပါဝင်ပါသည်။
- ရန်ပုံငွေပမာဏ သတ်မှတ်ချက်များ: အရည်အချင်းပြည့်မီသော ပါဝင်သူများသည် ကနဦးထည့်ဝင်ငွေအဖြစ် $500 ရရှိမည်။ ထို $500မှာ မိဘများက စိုက်ထုတ်ထည့်ရသည် မဟုတ်ဘဲ အစိုးရက ကနဦး စိုက်ထုတ်ပေးသောငွေဖြစ်ပါသည်။ မိဘမဲ့ဂေဟာ သို့မဟုတ် အလှည့်ကျစောင့်ရှောက်ရေးဂေဟာများမှ လူငယ်များ (Foster youth) အတွက် အပိုဆောင်း $500 နှင့် အိုးအိမ်မဲ့ သို့မဟုတ် ခိုလှုံရာမဲ့ ကျောင်းသားများအတွက် နောက်ထပ် $500 ထပ်မံခွဲဝေပေးမည်ဖြစ်ရာ ကျောင်းသားတစ်ဦးလျှင် အများဆုံး ပညာသင်ဆု $1,500 အထိ ရရှိနိုင်သည်။
ထိုရန်ပုံငွေများကို Online ရှိ CalKIDS account ထဲတွင် ထိန်းသိမ်းထားရှိပြီး၊ လျှောက်ထားရယူပြီးပါက သတ်မှတ်ထားသော အဆင့်မြင့်ပညာရေးအဖွဲ့အစည်း သို့မဟုတ် သက်မွေးဝမ်းကျောင်းကျောင်းများသို့ ကျောင်းလခနှင့် ပညာရေးကုန်ကျစရိတ်များအတွက် တိုက်ရိုက်လွှဲပြောင်း ပေးပို့မည်ဖြစ်သည်။ ကျောင်းသားများသည် အသက် ၁၇ နှစ် ပြည့်သည့်အချိန်မှစ၍ အသက် ၂၆ နှစ်အတွင်း ဤရန်ပုံငွေကို အသုံးပြုနိုင်သည်။ ရွှေ့ပြောင်းအခြေချ မိသားစုများနှင့် ဒုက္ခသည်အသိုင်းအဝိုင်းအတွက် အထူးအရေးကြီးသောအချက်မှာ CalKIDS အစီအစဉ်သို့ ဝင်ရောက်အသုံးပြုရန် မည်သည့် Social Security Number (SSN) သို့မဟုတ် အခွန်ထမ်းဆောင်သူ အချက်အလက်မျှ မလိုအပ်ခြင်းပင် ဖြစ်သည်။
ဒေသတွင်း သက်ရောက်မှု – လူထု၏အသံများဖြင့် ဦးဆောင်ခြင်း။
CalKIDS ၏ တကယ့်အောင်မြင်မှုသည် ဒေသခံရပ်ကွက်များအတွင်း တိုက်ရိုက်ယုံကြည်မှု တည်ဆောက်ပေးနေသော အောက်ခြေလူထုအခြေပြု အဖွဲ့အစည်းများမှတစ်ဆင့် ပေါ်ထွက်လာခြင်း ဖြစ်သည်။
Fresno County တွင် ရှိသော Fresno Immigrant and Refugee Ministries (FIRM) အဖွဲ့အစည်းသည် လာအို၊ အာဖဂန်၊ မုံ (Hmong) နှင့် အာဖရိကန် အသိုင်းအဝိုင်းများ အပါအဝင် မတူကွဲပြားသော လူမျိုးစုများအတွက် ဘာသာစကား ၁၂ မျိုးဖြင့် မရှိမဖြစ် လိုအပ်သော ဝန်ဆောင်မှုများကို ပေးဆောင်လျက်ရှိသည်။ ယနေ့အထိ FIRM သည် မွေးကင်းစကလေး ၆၂ ဦးနှင့် ကျောင်းသား ၂,၁၃၆ ဦးအတွက် ဒေသခံမိသားစုများထံသို့ ပညာရေးအရင်းအမြစ် ဒေါ်လာ ၂.၁ သန်း တိုက်ရိုက်ရောက်ရှိစေရန် CalKIDS အကျိုးခံစားခွင့်များကို လျှောက်ထားရယူပေးနိုင်ခဲ့သည်။
FIRM အဖွဲ့မှ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ Linda Vang က Fresno State တက္ကသိုလ်တွင် လူမှုရေးလုပ်ငန်း (Social Work) ဘွဲ့ကြိုကျောင်းသူအဖြစ် တက်ရောက်ရင်း ဤအဖွဲ့အစည်းတွင် အလုပ်သင်ဆင်းခဲ့သူ Cynthia Velasquez ၏ အကြောင်းကို မျှဝေခဲ့သည်။ Tranquillity ဟုခေါ်သော ကျေးလက်မြို့ငယ်လေးတွင် ကြီးပြင်းလာခဲ့သည့် Velasquez သည် မိမိ၏ လူမှုပတ်ဝန်းကျင်ကို ပြန်လည်အကျိုးပြုရန် အလွန် စိတ်အားထက်သန်သူ ဖြစ်သည်။ သူမသည် မိမိ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆက်သွယ်မှုများကို အသုံးပြု၍ သူမတက်ရောက်ခဲ့ဖူးသော Tranquillity High School တွင် CalKIDS ဆိုင်ရာသိမှတ်ဖွယ်ဟောပြောပွဲ တစ်ခု ပြုလုပ်နိုင်ရန် စီစဉ်ခဲ့သည်။ ထို့ကြောင့် FIRM အဖွဲ့သည် စာသင်ခန်းများအတွင်း ကျောင်းသားများနှင့် တိုက်ရိုက်ထိတွေ့ခွင့်ရရှိပြီး အရည်အချင်းပြည့်မီမှုကို စစ်ဆေးပေးခြင်းနှင့် စာရင်းသွင်းခြင်းများကို ကူညီပေးနိုင်ခဲ့သည်။
သို့သော်လည်း အဆိုပါအခမ်းအနားအတွင်း ထင်မှတ်မထားသော အလှည့်အပြောင်းတစ်ခု ဖြစ်ပေါ်ခဲ့သည်။ Velasquez သည် လက်ရှိတွင် တက္ကသိုလ်ကျောင်းသူ ဖြစ်နေပြီဖြစ်၍ အရည်အချင်းမပြည့်မီတော့ဟု အစောပိုင်းက ယူဆထားသော်လည်း ရှင်းလင်းတင်ပြနေစဉ်အတွင်း မိမိကိုယ်တိုင်လည်း အကျုံးဝင်နိုင်ကြောင်း သတိပြုမိသွားခဲ့သည်။ ထို့ကြောင့် သူမ၏ အထက်တန်းကျောင်း အကြံပေးဆရာထံမှ California ကျောင်းသားကိုယ်ပိုင်နံပါတ် (SSID) ကို တောင်းခံစစ်ဆေးခဲ့ရာ သူမသည် အမှန်တကယ်ပင် အကျုံးဝင်နေကြောင်း တွေ့ရှိခဲ့ရသည်။ နောက်ဆုံးတွင် သူမသည် ပညာသင်ဆုအား အောင်မြင်စွာ လျှောက်ထားရယူနိုင်ခဲ့ပြီး လက်ရှိတွင် လူမှုရေးလုပ်ငန်းဆိုင်ရာ မဟာဘွဲ့ဆက်လက်တက်ရောက်ရန် ဤရန်ပုံငွေကို အသုံးပြုရန် စီစဉ်ထားရှိသည်။
“CalKIDS အစီအစဉ်မှာ အခြားသူတွေကို စာရင်းသွင်းဖို့ တက်ကြွစွာ ကူညီပေးနေတဲ့သူကိုယ်တိုင်တောင် မိမိရဲ့ အခွင့်အရေးကို သတိမထားမိခဲ့ပါဘူး” ဟု Linda Vang က ဆိုကာ “ဒါဟာ ကောင်းမွန်တဲ့ အခွင့်အလမ်းတွေကို ဖွင့်လှစ်ပေးမယ့် တံခါးချပ်တစ်ခုပါပဲ” ဟု ဆက်လက်ပြောကြားခဲ့သည်။
ယုံကြည်မှု တည်ဆောက်ခြင်းနှင့် အနာဂတ်မျှော်လင့်ချက်များကို တိုးချဲ့ခြင်း။
အလားတူ လူထုအခြေပြု အောင်မြင်မှုပုံစံတစ်ခုသည် San Diego တွင်လည်း ဖြစ်ပေါ်ခဲ့သည်။ Somali Bantu Association of America ၏ လူငယ်အစီအစဉ်မန်နေဂျာဖြစ်သူ Samir Abdirizak သည် Crawford High School ရှိ အထက်တန်းနောက်ဆုံးနှစ် ကျောင်းသားများအတွက် ရည်ရွယ်၍ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။ Crawford ကျောင်းဆင်းဟောင်းတစ်ဦးဖြစ်သည့်အလျောက် ဆရာ Samir Abdirizak သည် ဒုက္ခသည်အသစ်များနှင့် ဝင်ငွေနည်းပါးသော မိသားစုများမှ လာကြသည့် ကျောင်းသားကျောင်းသူများနှင့် ပုဂ္ဂိုလ်ရေးအရ နက်ရှိုင်းသော နားလည်ကိုယ်ချင်းစာမှုကို ခံစားခဲ့ရသည်။
အလုပ်ရုံဆွေးနွေးပွဲများအတွင်း Samir Abdirizak သည် ကောလိပ်တက်ရန်မှာ အလွန်ခက်ခဲပြီး ကုန်ကျစရိတ်ကြီးမားသည်ဟု ယုံကြည်ကာ အဆင့်မြင့်ပညာ ဆက်လက်သင်ယူရန် ရည်ရွယ်ချက် လုံးဝမရှိကြသော ကျောင်းသား ၃၀ မှ ၄၀ ခန့်နှင့် တွေ့ဆုံခဲ့ရသည်။ သူသည် ၎င်းတို့နှင့် ကျောင်းတစ်ကျောင်းတည်း၊ ရပ်ကွက်တစ်ခုတည်းမှ လာသူဖြစ်ကြောင်း မျှဝေခြင်းဖြင့် သံသယဖြစ်နေသော မိသားစုများအား ဤပညာသင်ဆုသည် ဂျာအေးသူ့အမေရိုက်သည့် လှည့်စားချက်မပါသော တကယ့်အစစ်အမှန် အထောက်အပံ့ဖြစ်ကြောင်း ယုံကြည်လာအောင် တည်ဆောက်နိုင်ခဲ့သည်။
“တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်ဖို့ဆိုတာ တကယ်ကုန်ကျစရိတ်များပြီး နောက်ပြောင်ရမယ့် ကိစ္စမဟုတ်ပါဘူး။ ဒီလိုအစီအစဉ်မျိုးက တကယ့်ကို အံ့သြစရာကောင်းပါတယ်” ဟု Samir Abdirizak က ရှင်းပြသည်။ “Online ပေါ်က CalKIDS ထဲမှာ ရှိနေတဲ့ ငွေတွေအားလုံးဟာ ခင်ဗျားတို့အတွက်ပဲ။ ဒါဟာ ကျောင်းသားကျောင်းသူတွေအများကြီး လျှောက်လွှာတင်ဖို့ စာရင်းသွင်းကြအောင် တွန်းအားပေးတဲ့ ကြီးမားတဲ့ လှုံ့ဆော်မှုတစ်ခု ဖြစ်ခဲ့ရပါတယ်။”
နောက်ဆုံးတွင် Samir Abdirizak နှင့် သူ၏အဖွဲ့သည် ထိုကျောင်းသား ၃၀ ကျော်အား စိတ်ဝင်စားရာ ဘာသာရပ်များကို လေ့လာနိုင်ရန်နှင့် San Diego Mesa College, Southwestern College နှင့် အခြား သက်မွေးဝမ်းကျောင်း သင်တန်းကျောင်းများသို့ ကျောင်းဝင်ခွင့်လျှောက်လွှာများ တင်သွင်းနိုင်ရန် ကူညီပေးခဲ့သည်။ သူက CalKIDS ကို ကျောင်းသားများအတွက် ၎င်းတို့၏ အနာဂတ်ကို စိတ်ချလုံခြုံစေမည့် အရေးကြီးသော “တံခါးပေါက်” ဟု တင်စားခဲ့ပြီး၊ ဤအစီအစဉ်ကို “ကမ္ဘာပေါ်ရှိ မည်သည့်အရာနှင့်မျှ လဲလှယ်နိုင်မည်မဟုတ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
မိသားစုများ ယနေ့ ဘာလုပ်နိုင်သလဲ။
မြန်မာမိသားစုများအနေဖြင့် ဤကဲ့သို့သော ပြည်နယ်အစိုးရ အစီအစဉ်များတွင် ပါဝင်ခြင်းသည် မိမိတို့၏ လူငယ်များ ရှေ့တန်းသို့ ရောက်ရှိစေရန်နှင့် ပံ့ပိုးကူညီမှုများ ရရှိစေရန် လက်တွေ့ကျသော နည်းလမ်းတစ်ခု ဖြစ်သည်။
မြန်မာ-အမေရိကန် ရွေးကောက်ခံကိုယ်စားလှယ် Monterey Park Councilmember Thomas Wong က “CalKIDS အစီအစဉ်ဟာ ကျွန်တော်တို့ရဲ့ နောင်လာနောက်သား လူငယ်မျိုးဆက်တွေ ပညာရေးမှာ အောင်မြင်မှုရရှိအောင် ပြင်ဆင်ပေးဖို့ ပြည်နယ်အစိုးရကနေ အခမဲ့ ရန်ပုံငွေတွေ ပံ့ပိုးပေးထားတာ ဖြစ်ပါတယ်။ မိဘအသစ်တွေနဲ့ မိသားစုငယ်တွေအနေနဲ့ မိမိတို့ကလေးရဲ့ နောင်တစ်ချိန် ကောလိပ်တက်ရောက်ရေးနဲ့ သက်မွေးဝမ်းကျောင်း သင်တန်းတက်ရောက်ရေးအတွက် ငွေစုဆောင်းရာမှာ အထောက်အကူဖြစ်စေဖို့ ဒီအရင်းအမြစ်ကို ရှာဖွေအသုံးချကြဖို့ ကျွန်တော် တိုက်တွန်းလိုပါတယ်။” ဟု Californians မြန်မာကွန်မြူနတီကို နှိုးဆော်ခဲ့သည်။
မူလတန်းနှင့်အထက်တန်းကျောင်းသား နှစ်ဦး၏ ဖခင်ဖြစ်သူ San Francisco Bay Area နေ မြန်မာအမျိုးသား Kyaw Zin က California တွင် နေထိုင်မှုစရိတ်များကို စီမံခန့်ခွဲရခြင်းနှင့်ပတ်သက်၍ ယခုလို ပြောပြခဲ့သည် –
“အခုလို ကောလိပ်ကျောင်းလခတွေ အရမ်းကြီးနေတဲ့ ခေတ်ကြီးထဲမှာ CalKIDS က ကျနော်တို့ ကလေးတွေရဲ့ အရည်အသွေးမြင့်မားတဲ့ အနာဂတ်ပညာရေးအတွက် တကယ်ကို အသုံးဝင်ပါတယ်။ California မှာ နေထိုင်စရိတ်က တခြားပြည်နယ်တွေထက် ပိုမြင့်ပေမယ့် အထောက်အပံ့ အရင်းအမြစ်တွေမျိုးစုံ ရှိနေတဲ့အတွက် California မှာ နေထိုင်ရတာကို ဘယ်တော့မှ နောင်တမရပါဘူး။ ကျနော်တို့ လိုအပ်တာက ပြည်နယ်အစိုးရက လူထုကို ပံ့ပိုးပေးနေတဲ့ အမျိုးမျိုးသော အရင်းအမြစ်တွေကို အမြဲမပြတ် နားစွင့်ပြီး စောင့်ကြည့်နေဖို့ပါပဲ။”
ဤအခွင့်အလမ်းများကို အကောင်းဆုံး အသုံးချနိုင်ရန်အတွက် State Treasurer’s Office မှ Outreach Data Specialist ဖြစ်သူ Humphrey Manacsa က California Community Colleges နှင့် California Student Aid Commission တို့ ပူးပေါင်းဆောင်ရွက်ထားမှုကြောင့် CalKIDS ဖွင့်လှစ်ခြင်းလုပ်ငန်းစဉ်သည် အလွန်လွယ်ကူမြန်ဆန်ကြောင်းကို ရှင်းပြခဲ့သည်။
မိဘများသည် CalKIDS.org သို့ သွားရောက်ပြီး ထင်ရှားသော အပြာရောင်ခလုတ်ကလေးကို နှိပ်ကာ မိနစ်ပိုင်းအတွင်း မိမိတို့ကလေးငယ် အရည်အချင်းပြည့်မီမှု ရှိ၊ မရှိ စစ်ဆေးပြီး အကောင့်ကို တောင်းခံရယူနိုင်သည်။
အရည်အချင်းပြည့်မီမှုကို စစ်ဆေးရန် လိုအပ်သော အချက်အလက်များ –
| မွေးကင်းစကလေးငယ်များအတွက် | K-12 ကျောင်းသားများအတွက် |
| ၁။ Local Registration Number (LRN) | ၁။ Statewide Student Identifier (SSID)* |
| ၂။ ၁၃ လုံးပါဝင်သော မွေးစာရင်းနံပါတ် | ၂။ ကျောင်းသား၏ မွေးသက္ကရာဇ် |
| ၃။ ကလေးမွေးဖွားခဲ့သည့် County အမည် | ၃။ ကျောင်းသား လက်ရှိတက်ရောက်နေသော County အမည် |
*မှတ်ချက် – SSID နံပါတ်ကို ကျောင်းသား၏ အမှတ်စာရင်းများ၊ မိဘများအသုံးပြုသော အွန်လိုင်းအကောင့် (Parent Portal) များတွင် တွေ့ရှိနိုင်ပြီး သို့မဟုတ်ပါက သက်ဆိုင်ရာ အစိုးရကျောင်း၏ စီမံခန့်ခွဲရေးရုံးတွင် တိုက်ရိုက်တောင်းခံနိုင်သည်။
ထို့အပြင် မိသားစုများသည် ၎င်းနှင့် တွဲဖက်ထားသော ကောလိပ်ငွေစုပလက်ဖောင်းတစ်ခုဖြစ်သည့် ScholarShare 529 ကိုလည်း အသုံးပြုနိုင်သည်။ CalKIDS အစီအစဉ်သည် ပြည်နယ်အစိုးရက တစ်ကြိမ်တည်း အလိုအလျောက် ထည့်သွင်းပေးခြင်း ဖြစ်ပြီး မိဘများဘက်မှ ငွေကြေးထည့်ဝင်ရန် မလိုသော်လည်း၊ ScholarShare 529 အစီအစဉ်မှာမူ မိဘများက မိမိတို့သားသမီးများ၏ နောင်တစ်ချိန် အဆင့်မြင့်ပညာရေး သို့မဟုတ် အသက်မွေးဝမ်းကျောင်း သင်တန်းများအတွက် အခွန်သက်သာခွင့်ရှိသော ငွေစုဆောင်းမှုများကို မိမိတို့အစီအစဉ်ဖြင့် တက်ကြွစွာ စုဆောင်းတိုးပွားစေနိုင်ခြင်း ဖြစ်သည်။
ဘာသာစကားမျိုးစုံဖြင့် တိုက်ရိုက်အကူအညီ ရယူလိုပါက တနင်္လာနေ့မှ သောကြာနေ့၊ နံနက် ၈ နာရီမှ ညနေ ၅ နာရီအတွင်း ဖုန်းနံပါတ် 1-888-445-2377 သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

