Californiaအုပ်ချုပ်ရေးမှူးလောင်းXavier Becerra နှင့်အမေးအဖြေ-“Californiaအိပ်မက်” ကိုကာကွယ်စောင့်ရှောက်မည့်တိုက်ပွဲ

kaiJune 1, 20264min0

by Myanmar Gazette

Xavier Becerraနှင့်ဆွေးနွေးပွဲကို American Community Media က မေ၂၇၊ ၂၀၂၆တွင် ကျင်းပခဲ့သည်။Xavier Becerraသည် အိတ်ထဲတွင် $20 ထဲဖြင့် US သို့ ရောက်ရှိလာခဲ့သည့် မက္ကဆီကန်-အမေရိကန် ရွှေ့ပြောင်းအခြေချသူ မိဘနှစ်ပါးမှ မွေးဖွားလာသည့် သား ဖြစ်သည်။ မိသားစုတွင် ပထမဦးဆုံး ကောလိပ်တက်ခွင့်ရသူ ဖြစ်လာခဲ့သည်။ Xavier Becerra  နှင့်ဇနီးဖြစ်သူ Dr. Carolina Reyes တို့သည် သမီးသုံးဦးကို Los Angeles တွင် ပြုစုပျိုးထောင်ခဲ့သည်။

 Becerraသည် ပြည်နယ်လွှတ်တော်မှသည် အမေရိကန် လွှတ်တော်အမတ်အဖြစ်လည်းကောင်း၊ California ရှေ့နေချုပ် (Attorney General) အဖြစ်လည်းကောင်း၊ အမေရိကန် ကျန်းမာရေးနှင့် လူသားအခြေပြု ဝန်ဆောင်မှုဌာန (HHS) ၏ ဝန်ကြီးအဖြစ်လည်းကောင်း California အတွက် ၃၅ နှစ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့သည်။ သူ၏ သက်တမ်းတစ်လျှောက်လုံးတွင်  မှန်ကန်သောအရာကို လုပ်ဆောင်ရန်နှင့် ကာလီဖိုးနီးယားပြည်သူများအတွက် ရေရှည်တည်တံ့သော ပြောင်းလဲမှုများကို ဖန်တီးပေးရန်ကိုသာ အဓိကထားလုပ်ဆောင်ခဲ့သည်။

လွှတ်တော်အမတ်တစ်ဦးအနေဖြင့် Becerraသည်   မိသားစုများစွာတွင် အရည်အသွေးပြည့်ဝပြီး တန်ဖိုးသင့်တင့်သော ကျန်းမာရေးစောင့်ရှောက်မှု မရရှိကြသည်ကို မြင်တွေ့ခဲ့ရသဖြင့် California ပြည်သူ သန်းပေါင်းများစွာထံ လွှမ်းခြုံမှု တိုးချဲ့ပေးနိုင်ခဲ့သည့် အားလုံးအကျုံးဝင် ကျန်းမာရေးစောင့်ရှောက်မှုဥပဒေ (Affordable Care Act – ACA) ကို အတည်ပြုနိုင်ရန် ကြိုးပမ်းကူညီခဲ့သည်။ ထို့အပြင် အမေရိကန် ကျန်းမာရေးနှင့် လူသားအခြေပြု ဝန်ဆောင်မှုဌာန ဝန်ကြီးအဖြစ် တာဝန်ယူစဉ်တွင်လည်း အမေရိကားသမိုင်း၌ ပထမဦးဆုံးအကြိမ် ဆရာဝန်ညွှန်ကြားချက်ပါ ဆေးဝါးစျေးနှုန်းများကို ညှိနှိုင်းလျှော့ချပေးခြင်းဖြင့် ကာလီဖိုးနီးယားပြည်သူများ၏ ကုန်ကျစရိတ်များကို သက်သာစေခဲ့သည်။

Federal အစိုးရ၏ လုပ်ပိုင်ခွင့်ကျော်လွန်မှုနှင့် ICE အလွန်အကျွံလုပ်ရပ်များကို တားဆီးခြင်း

ဖက်ဒရယ်အစိုးရ၏ လူဝင်မှုကြီးကြပ်ရေး အရေးယူဆောင်ရွက်မှုများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို တုံ့ပြန်ရာတွင် Becerra သည် ရွှေ့ပြောင်းအခြေချ မိသားစုများကို တရားမဝင်ဟု ယူဆရသော မူဝါဒများမှ ကာကွယ်ရန် လက်ရှိ ရှေ့နေချုပ် Rob Bonta နှင့် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကို အသေးစိတ် ရှင်းလင်းခဲ့သည်။

” ရွှေ့ပြောင်းအခြေချ မိသားစုတွေကို ကာကွယ်ဖို့နဲ့ ဒေါ်နယ်ထရန့်အနေနဲ့ နိုင်ငံသားတွေရော ပြည်နယ်အတွင်း နေထိုင်သူတွေရဲ့ ဥပဒေတွေကိုပါ ချိုးဖောက်နေတဲ့ ICE ရဲ့ ‘ကြေးစားတပ်ဖွဲ့’ လိုမျိုး တရားမဝင်လုပ်ရပ်တွေကနေ လွတ်မြောက်မသွားစေဖို့အတွက် ပြည်နယ်ရှေ့နေချုပ် Rob Bonta  နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

“ရွှေ့ပြောင်းအခြေချသူတွေရဲ့ သားတစ်ယောက်အနေနဲ့ မိမိရဲ့အခွင့်အရေးတွေကို လေးစားမှုမခံရတဲ့အခါ ဘယ်လိုခံစားရတယ်ဆိုတာကို သိတဲ့အတွက် ကျွန်တော်တို့ မားမားမတ်မတ် ရပ်တည်သွားမှာပါ။”

ကျန်းမာရေးစောင့်ရှောက်မှုအတွက်။

Rob Bonta က ၎င်း၏ ရေရှည်ကျန်းမာရေးမူဝါဒ ရပ်တည်ချက်များကို ပြောင်းလဲခဲ့သည်ဆိုသော အချက်ကို ပယ်ချခဲ့သည်။

“ကျွန်တော် ဘယ်တုန်းကမှ နောက်မဆုတ်ခဲ့ပါဘူး။ အဲဒါဟာ အတိုက်အခံတွေဘက်က လုပ်ကြံဖန်တီးထားတဲ့ ပုံဖျက်ချက်တစ်ခုသာ ဖြစ်ပါတယ်။ ကျွန်တော်ဟာ ၁၉၉၃ ခုနှစ်၊ လူတိုင်းအတွက် Medicare for All ဥပဒေကြမ်းကို အဓိက ပူးတွဲကမကထပြုသူအဖြစ် ဆောင်ရွက်ခဲ့ကတည်းက တစ်သမတ်တည်း ရှိခဲ့တာပါ။ Medi-CALဆိုတာ Single-payer စနစ်ရဲ့ ပုံစံတစ်မျိုးပဲ ဖြစ်ပါတယ်။”

Becerra ၏ ကျန်းမာရေးစနစ်အတွက် မူဝါဒမှာ ကုန်ကျစရိတ်များပြားစေသည့် ကြားခံပွဲစားများကို ဖယ်ရှားခြင်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးဝေရေးပုံစံကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ရန်ဖြစ်သည်။ “ကျန်းမာရေးစောင့်ရှောက်မှု ပေးဝေဖို့ အထိရောက်ဆုံးနည်းလမ်းကတော့ ကြားခံလူတွေနဲ့ ငွေကြေးတွေ ကုန်ဆုံးစေတဲ့ မလိုအပ်တဲ့ အစိတ်အပိုင်းတွေကို ဖယ်ရှားပစ်ဖို့ပဲလို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု သူက ရှင်းပြသည်။ လောလောဆယ်တွင် လူဦးရေ ၂၄.၅ သန်းကျော်အတွက် ACA အား ကာကွယ်စောင့်ရှောက်ခဲ့သည့် ၎င်း၏အတွေ့အကြုံသည် အားလုံးအကျုံးဝင်သောကျန်းမာရေးစောင့်ရှောက်မှုဆီသို့ ဦးတည်ပြီး လက်လှမ်းမီမှုကို တိုးချဲ့ပေးမည့် အဓိကတွန်းအားဖြစ်ကြောင်း ပြောကြားခဲ့သည်။

အိမ်ယာနှင့် လူနေမှုစရိတ် အကျပ်အတည်းအတွက် ချက်ချင်းသက်သာရာရစေမည့် အစီအစဉ်များ

အုပ်ချုပ်ရေးမှူးဖြစ်ပြီးချင်း ချက်ချင်းလုပ်ဆောင်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မေးမြန်းရာတွင် Becerra  က ပြည်နယ်၏ အိမ်ရာပြတ်လပ်မှုနှင့် မြင့်တက်လာသော လူနေမှုစရိတ်များကို ပထမရက်မှစ၍ ကိုင်တွယ်ဖြေရှင်းမည့် မဟာဗျူဟာကို အကြမ်းဖျင်း ရှင်းလင်းခဲ့သည်။ သူသည် ဘဏ္ဍာရေးနှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ ပိတ်ဆို့မှုများကို ကျော်လွှားရန် အရေးပေါ်လုပ်ပိုင်ခွင့်များကို အသုံးပြုရန် စီစဉ်ထားသည်။

” ရန်ပုံငွေ မရှိသေးလို့ ရပ်တန့်နေတဲ့ ချက်ချင်းအကောင်အထည်ဖော်လို့ရမယ့် အိမ်ရာယူနစ်ပေါင်း ၄၀,၀၀၀ ရှိနေပါတယ်။ အဲဒီစီမံကိန်းတွေအတွက် ရန်ပုံငွေရှာဖွေဖို့ လွှတ်တော်နဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်သွားမှာပါ။”

“မိသားစုတွေအနေနဲ့ ကောင်းကင်အထိ မြင့်တက်နေတဲ့ ကုန်စျေးနှုန်းတွေကို မခံနိုင်တော့တဲ့အတွက်” အခြေခံလူသုံးကုန် အသုံးစရိတ်များနှင့် အိမ်အာမခံ ပရီမီယံကြေးများကိုပါ ရပ်တန့်ထားရန် ရည်ရွယ်ထားကြောင်းကိုလဲ Becerra  က ဆွေးနွေးခဲ့သည်။

အကျိုးစီးပွားအုပ်စုများထံမှ သူ၏ပေါ်လစီများလွတ်လပ်မှုရှိကြောင်း သက်သေပြခြင်း

မဲဆွယ်စည်းရုံးရေး ရန်ပုံငွေ ရှာဖွေခြင်းနှင့် ကော်ပိုရိတ်ငွေများ သို့မဟုတ် သီးခြားအသုံးစရိတ်ကော်မတီများ (Independent expenditure committees) ထံမှ ပံ့ပိုးကူညီမှုများ ရယူခြင်းအပေါ် ဝေဖန်မှုများကို တုံ့ပြန်ရာတွင် Becerra က ကော်ပိုရိတ်လွှမ်းမိုးမှုများမှ ၎င်း၏ ကိုယ်ပိုင်လွတ်လပ်မှုကို အလေးပေး ပြောကြားခဲ့သည်။ သူသည် ၎င်း၏အများပြည်သူဆိုင်ရာ မှတ်တမ်းကို နိုင်ငံရေးပြိုင်ဘက်များ၏ ဘဏ္ဍာရေးနောက်ခံများနှင့် နှိုင်းယှဉ်ပြခဲ့သည်။

သူသည် ပြည်နယ်ရှေ့နေချုပ်အဖြစ် တာဝန်ယူစဉ်က ရေနံနှင့် Fossil fuel industry ကို တရားစွဲဆိုခဲ့ပြီး Clean Car စံနှုန်းများ၊ Clean Air Act နှင့် Clean Water Act အပါအဝင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးစံနှုန်းများကို ကာကွယ်ခဲ့သည့် ၎င်း၏ယခင်လုပ်ရပ်များကို သက်သေပြခဲ့သည်။ ဆက်လက်ပြီး အတိုက်အခံများ၏ စွပ်စွဲချက်များသည် ရွေးကောက်ပွဲ၏ ရလဒ်အမှန်ကို ပုံဖျက်နေခြင်းသာဖြစ်ကြောင်း၊ “ဘီလီယံနာတစ်ယောက်အတွက် အမှန်တရားကို ပုံဖျက်ဖို့က လွယ်ကူပါတယ်” ဟု ပြောကြားရင်း ပြိုင်ဖက်Tom Steyer ကဲ့သို့သော ကိုယ်စားလှယ်လောင်းများ၏ ကျောက်မီးသွေးနှင့် ရေနံလုပ်ငန်းများတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားမှုများနှင့် Californiaသမိုင်းတွင် အများဆုံးဖြစ်ခဲ့သည့် မဲဆွယ်စည်းရုံးရေးအသုံးစရိတ်များကို ထောက်ပြခဲ့သည်။

California အတွက် ဘတ်ဂျက်ငွေများ ရရှိစေရန် ဆောင်ရွက်ခြင်းနှင့် ဖက်ဒရယ်အတားအဆီးများကို ကျော်လွှားခြင်း

Becerra  က California ၏ ကြီးမားသော စီးပွားရေးကို အသာစီးရယူနိုင်မည့် အခွင့်အရေးအဖြစ် ရှင်းပြသည်။

“California အခွန်ထမ်းပြည်သူတွေဟာ အခြားဘယ်ပြည်နယ်ထက်မဆို ဖက်ဒရယ်ဘဏ္ဍာတိုက်ထဲကို ငွေကြေးတွေ ပိုမိုပေးပို့နေကြတာဖြစ်လို့ ၎င်းတို့ရဲ့ မျှတတဲ့ ဝေစုကို ပြန်လည်ရရှိဖို့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့နေရာမှာ ပူးပေါင်းဆောင်ရွက်မှာဖြစ်ပြီး၊ တိုက်ပွဲဝင်ရမယ့်နေရာမှာတော့ တိုက်ပွဲဝင်သွားမှာပါ။”

သူသည် ပြည်နယ်ရှေ့နေချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ထရန့်အစိုးရအဖွဲ့သည် ပြည်နယ်ရဲတပ်ဖွဲ့ကို ICE ၏ စီးနင်းမှုများတွင် ပါဝင်ရန် ဖိအားပေးခဲ့ပြီး California က ငြင်းဆန်ခဲ့သည့်အတွက် ရန်ပုံငွေ ဒေါ်လာ ၅၇ သန်းကို ပိတ်ပင်ထားခဲ့သည့် ဖြစ်ရပ်ကို ပြန်လည်အမှတ်တရစေခဲ့သည်။ ၎င်း၏ ဖြေရှင်းချက်မှာ ပြတ်သားခဲ့သည်။ “ကျွန်တော်တို့ သူတို့ကို တရားရုံးကို ခေါ်သွားပြီး အဲဒီငွေတွေကို ပြန်လည်ရယူခဲ့ပါတယ်။”

တရားဝင် ရွှေ့ပြောင်းအခြေချမှု လမ်းကြောင်းများအပေါ် ကန့်သတ်ချက်များကို ကန့်ကွက်ခြင်း

တရားဝင် နေထိုင်ခွင့်လျှောက်ထားသူများ (Green card applicants) ပြည်နယ်အတွင်း ဆက်လက်နေထိုင်ရန် လုပ်ငန်းစဉ်များကို ခက်ခဲအောင် ပြုလုပ်ထားသည့် ဖက်ဒရယ်အစိုးရ၏ မူဝါဒညွှန်ကြားချက်များကို Becerra က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

“ကျွန်တော် ဒါကို လုံးဝ ကန့်ကွက်ပါတယ်။ ဒါဟာ Green card ရခါနီးဖြစ်ပြီး ကောင်းမွန်တဲ့ မှတ်တမ်းတွေရှိထားတဲ့ မိသားစုတွေကို ပြိုကွဲစေပါတယ်။ ဒေါ်နယ်ထရန့်ဟာ ရွှေ့ပြောင်းအခြေချသူ ဒါမှမဟုတ် သူနဲ့ပြင်ပရုပ်သွင်ကွဲပြားတဲ့ ဘယ်သူ့ကိုမဆို လိုက်လံပစ်မှတ်ထားနေတယ်ဆိုတာကို ဒါက သက်သေပြနေတာပါ။”

သူသည် ရွှေ့ပြောင်းအခြေချ မိသားစုများသည် ဒေသတွင်းစီးပွားရေးတွင် သန်းပေါင်းများစွာသော အလုပ်အကိုင်များကို ဖန်တီးပေးပြီး ရပ်ရွာလူထုကို ပြန်လည်ရှင်သန်စေခြင်းဖြင့် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်း အလေးအနက် ပြောကြားခဲ့ပြီး၊ ထိုမူဝါဒများသည် အခြေခံအားဖြင့် အမေရိကန်စိတ်ဓာတ်နှင့်ဆန့်ကျင်နေသည်ဟု ဆိုသည်။

ပုဂ္ဂလိက ထိန်းသိမ်းရေးစခန်းများကို အဆင့်ဆင့် ပယ်ဖျက်ခြင်း

” ဖက်ဒရယ်အစိုးရအနေနဲ့ ၎င်းရဲ့ဆန္ဒကို အတင်းအကျပ် လုပ်ဆောင်နိုင်ပေမယ့်၊ ကျွန်တော်တို့အနေနဲ့ California မှာရှိတဲ့ ဘယ်လိုထိန်းသိမ်းရေးစခန်းမဆို California ရဲ့ စံနှုန်းတွေနဲ့ ကိုက်ညီဖို့ တောင်းဆိုနိုင်ပါတယ်။”

Becerra သည် ရွေးကောက်ပွဲတွင်အနိုင်ရရှိခဲ့ပါက ရွှေ့ပြောင်းအခြေချ မိသားစုများကို ဖမ်းဆီးထိန်းသိမ်းခြင်းအပေါ် ခိုင်ခိုင်မာမာ ဆက်လက်ဆန့်ကျင်သွားမည်ဖြစ်ပြီး ဖက်ဒရယ်အစိုးရ၏ လူဝင်မှုကြီးကြပ်ရေး စီးနင်းမှုများတွင် ပြည်နယ်၏ ပါဝင်ပတ်သက်မှုကို ဆက်လက်တားမြစ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

” California မှာ ကြိုးစားလုပ်ကိုင်ရင် အိမ်ပိုင်ဆိုင်နိုင်ပြီး ဒီမှာပဲ ပင်စင်ယူနိုင်မယ်ဆိုတဲ့ အိပ်မက်ကို ကျွန်တော်တို့ ပြန်လည်ဖော်ဆောင်ရပါမယ်။ California ရဲ့ ဘတ်ဂျက်လောက်ကြီးမားတဲ့ ဌာနကြီးတစ်ခုကို မလည်ပတ်ဖူးတဲ့သူ ဒါမှမဟုတ် အရေးပေါ်အခြေအနေ မကြေညာဖူးတဲ့သူတစ်ယောက်ဆီကနေ အဲဒါကို ရရှိမှာ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ HHS မှာ အဲဒီနှစ်ခုလုံးကို လုပ်ဆောင်ခဲ့ဖူးပြီး တရားရုံးမှာ ဒေါ်နယ်ထရန့်ကို အကြိမ် ၁၂၀ ကျော် ရင်ဆိုင်ခဲ့ကာ အဲဒီအမှုတွေရဲ့ ၈၀ ရာခိုင်နှုန်းကို အနိုင်ရရှိခဲ့ပါတယ်။”