သတင်းကဏ္ဍမှာရင်းနှီးမြှုပ်နှံခြင်း – California ၏ အနာဂတ်အတွက် Civic Infrastructure သည် အဘယ်ကြောင့် အရေးပါသနည်း
Senator Steven Glazer (Ret.) နှင့် ACoM Co-Director Julian Travis Do ရေးသားသည်။
အမေရိကား တွင် ဒေသတွင်းသတင်းဌာနများ ပြိုလဲပျက်စီးလာခြင်းသည် ဒီမိုကရေစီအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာသည်။ လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုအတွင်း California တွင် သတင်းနှင့်ပတ်သက်သော အလုပ်အကိုင် ၇၀ ရာခိုင်နှုန်း ဆုံးရှုံးခဲ့ပြီး သတင်းဌာန သုံးပုံတစ်ပုံခန့် ပိတ်သိမ်းခဲ့ရသော သတင်းခေါင်းကြီးပိုင်းများသည် ဤအခြေအနေကို အထင်းသားထင်ဟပ်စေသည်။
ယခင်နှစ်က ဤအခြေအနေကို တုံ့ပြန်သောအားဖြင့် AAPI၊ Black၊ Latino၊ Middle Eastern၊ Native American၊ Eastern European၊ Indigenous နှင့် LGBTQ စသော လူမျိုးစုပေါင်းစုံကို ကိုယ်စားပြုသော သတင်းဌာနများသည် mainstream media များနှင့် ပူးပေါင်းပြီး အသက်ဆက်နိုင်ရန်အတွက် သမိုင်းဝင် မဟာမိတ်အဖွဲ့တစ်ခု ဖွဲ့စည်းခဲ့သည်။
ဒေသတွင်း သတင်းတင်ဆက်မှုသည် အများပြည်သူအတွက် အကျိုးရှိသောအရာ ဖြစ်ရမည်ဆိုသော ဘုံယုံကြည်ချက်ကြောင့် ပြည်နယ်အစိုးရဆီမှ ဒေါ်လာ ၁၅ သန်း ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထိုရန်ပုံငွေကို နိုင်ငံအတွင်း အကြီးမားဆုံး အစိုးရထောက်ပံ့ပေးသော သတင်းပညာ စီမံကိန်းဖြစ်သော California Local News Fellowship နှင့် Propel Initiative တို့၌ ရင်းနှီးမြှုပ်နှံခဲ့သည်။
ယနေ့တွင်တော့ ကျနော်တို့ သည် ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် လွှတ်တော်ကို ဤအစီအစဉ်များ၏ အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းရန်အတွက် ဘတ်ဂျက် ဒေါ်လာ ၃၅ သန်း အထိ တိုးမြှင့်ပေးရန် တောင်းဆိုလိုက်သည်။ ထိုမှသာ California ပြည်သူတိုင်း သူတို့အတွက် လိုအပ်သော သတင်းများကို ရရှိနိုင်မည်ဖြစ်သည်။
တာဝန်ယူမှုရှိမှုနှင့် ရင်းနှီးမြှုပ်နှံမှု၏ ရလဒ်များ –
UC Berkeley Journalism က စီမံခန့်ခွဲသော California Local News Fellowship သည် သတင်းပညာလောကထဲသို့ ကနဦး စတင်ဝင်ရောက်လာသူ ၁၁၀ ကျော်ကို California ပြည်နယ်အတွင်းရှိ ခရိုင်ပေါင်း ၆၄ ရာခိုင်နှုန်းတွင် တာဝန်ချထားပေးခဲ့ပါသည်။ အထူးသဖြင့် သတင်းရရှိမှု နည်းပါးသောမြို့ပြ၊ ဆင်ခြေဖုံးနှင့် Shasta၊ Trinity နှင့် Imperial ကဲ့သို့ ဝေးလံခေါင်သီသောဒေသများရှိ သတင်းကွက်လပ်များကို ဖြည့်ပေးနိုင်ခဲ့သည်။ နေထိုင်ခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဘာသာစကား အခက်အခဲ၊ တောမီးလောင်ကျွမ်းမှုနှင့် အိမ်ရာမလုံခြုံမှု စသောအရေးကြီးကိစ္စရပ်များနှင့် ပတ်သက်ပြီး တစ်နှစ်လျှင် သတင်းပေါင်း ၄,၀၀၀ ကျော် တင်ဆက်ပေးခဲ့သည်။
ထို့ပြင် ဤအစီအစဉ်သည် ရေရှည်တည်တံ့သော အလုပ်အကိုင် အခွင့်အလမ်းတစ်ခု ဖြစ်ကြောင်းကိုလည်း သက်သေပြခဲ့သည်။ ပထမဆုံးအသုတ်အတန်းပြီးစီးသူများထဲမှ ၃၉ ရာခိုင်နှုန်းသည် အစီအစဉ်ပြီးဆုံးသောအခါ အမြဲတမ်း ဝန်ထမ်းများအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။
ထို့ပြင် Maynard Institute for Journalism Education၊ American Community Media (ACoM)၊ California Black Media (CBM) နှင့် Latino Media Collaborative (LMC) တို့ ပူးပေါင်းဆောင်ရွက်သော Propel သည် ပြည်နယ်တစ်ဝန်းရှိ သတင်းဌာနများအတွက် အထောက်အပံ့များကို ပံ့ပိုးပေးသည်။ ခေါင်းဆောင်များအား ရေရှည်တည်တံ့မည့် ဝင်ငွေရရှိရေး နည်းဗျူဟာများနှင့် ပရိသတ်နှင့်ပိုမိုနီးစပ်စေမည့် နည်းလမ်းများကို ကူညီပေးခြင်းအားဖြင့် Propel သည် သတင်းဌာနများအား ငွေကြေးအရ ရပ်တည်နိုင်ရန်နှင့် လူမှုအသိုင်းအဝိုင်းကို ဆက်လက် အလုပ်အကျွေးပြုနိုင်ရန် ဝန်းရံပေးခြင်း ဖြစ်ပါသည်။
သတင်းမှတစ်ဆင့် California ၏ စိန်ခေါ်မှုများကို ဖြေရှင်းခြင်း –
အစိုးရက သတင်းကဏ္ဍ၌ ရင်းနှီးမြှုပ်နှံခြင်းသည် အထောက်အပံ့ပေးရုံသက်သက်သာ မဟုတ်ချေ။ ဒီမိုကရေစီ၏ အုတ်မြစ်နှင့် သတင်းသိပိုင်ခွင့်ရှိသော ပြည်သူများအတွက် အကျိုးအမြတ်များသော ရင်းနှီးမြှုပ်နှံမှု ဖြစ်သည်။ ဒေသခံများအနေဖြင့် ၎င်းတို့ ဘဝအတွက် အရေးပါသော ကျန်းမာရေးနှင့် အိမ်ရာကိစ္စများတွင် တိကျသည့် သတင်းများ ရရှိခြင်းအားဖြင့် အစိုးရ၏ လုပ်ငန်းစဉ်များ ကြန့်ကြာမှုကြောင့်ဖြစ်သော ကုန်ကျစရိတ်များကို လျှော့ချနိုင်ပြီး လက်တွေ့ကျသော အကျိုးကျေးဇူးများကို ခံစားရစေသည်။
စီးပွားရေးအရ ထိရောက်ရုံမျှမကဘဲ ဤရင်းနှီးမြှုပ်နှံမှုသည် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ကိုလည်း အထောက်အကူပြုပါသည်။ သတင်းစီးဆင်းမှု စနစ်ထဲတွင် ဒေသတွင်း မီဒီယာများသည် အခြေခံလူတန်းစား မိသားစုများနှင့် လုပ်ငန်းငယ်များအတွက် ရှေ့တန်းမှ ကူညီပေးသူများ ဖြစ်သလို၊ အလုပ်သမားရေးရာ ကိစ္စရပ်များတွင်လည်း ၎င်းတို့၏ အသံကို ဖော်ပြပေးသူများ ဖြစ်ပါသည်။ ကျနော်တို့ ၏ ကြိုးပမ်းမှုသည် စစ်ပြန်များနှင့် Native Americans များကဲ့သို့ အစဉ်အလာအရ ချန်လှပ်ခံထားရသူများထံအထိပါ ရောက်ရှိပါသည်။
သို့သော် သတင်းထဲတွင် ပါလာရုံမျှနှင့် လုံလောက်ခြင်းမရှိချေ။ အမှန်တကယ် စွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်ရန်ဆိုပါက စောင့်ကြည့်စစ်ဆေးသူများရှိရန် လိုသည်။ ဂျာနယ်လစ်များသည် ပြည်နယ်၏ အိမ်ရာမူဝါဒများနှင့် ကျန်းမာရေး ဝန်ဆောင်မှုများက ဒေသခံများအပေါ် မည်သို့သက်ရောက်မှုရှိသနည်းဆိုသည်ကို တာဝန်ရှိသူများထံမှ ပြန်လည်မေးမြန်း တောင်းဆိုပေးကြပါသည်။
စနစ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုပဲဖြစ်စေ၊ တစ်ဦးချင်း ကြုံတွေ့ရသော အခက်အခဲပဲဖြစ်စေ (ဥပမာ- ဖက်ဒရယ် လူဝင်မှုကြီးကြပ်ရေး ဥပဒေများကို ရှင်းပြပေးခြင်း၊ သို့မဟုတ် အင်္ဂလိပ်စာအခက်အခဲရှိသော မိသားစုတစ်ခုကို ကျန်းမာရေးစနစ်ထဲတွင် အဆင်ပြေရန် ကူညီပေးခြင်း ကဲ့သို့) လူမှုအသိုင်းအဝိုင်းမျိုးစုံနှင့် လူမျိုးစုပေါင်းစုံ သတင်းဌာနများက လိုအပ်ချက်များကို ပေါင်းကူးတံတားသဖွယ် ဖြည့်ဆည်းပေးပါသည်။
ထိုပေါင်းကူးတံတားသဖွယ် ဆောင်ရွက်မှုသည် စီးပွားရေးအရလည်း အရေးပါပါသည်။ California ၏ ဒေါ်လာ ၇၁ ဘီလီယံ တန်ဖိုးရှိသော ပို့ကုန်စီးပွားရေးနှင့် ဒေသခံများကို ချိတ်ဆက်ပေးပြီး ကမ္ဘာ့ကုန်သွယ်မှု တိုးတက်လာသည်နှင့်အမျှ ဒေသတွင်း အလုပ်အကိုင်များလည်း တိုးပွားလာစေပါသည်။ ဒေသတွင်း သတင်းဌာနများသည် ပြည်သူများအနေဖြင့် အရေးကြီးသော မူဝါဒများနှင့် စနစ်များကို နားလည်သဘောပေါက်စေရန် ကူညီပေးပါသည်။
နောက်တစ်ဆင့် – လူထုအခြေခံအဆောက်အအုံအတွက် ရန်ပုံငွေ
အစောပိုင်း အောင်မြင်မှုများကို ဆက်လက်ချဲ့ထွင်ရန်နှင့် လက်ရှိ သတင်းလောက၏ အကျပ်အတည်းများကို ရင်ဆိုင်ရန်အတွက် ကျနော်တို့ တောင်းဆိုထားသော ဒေါ်လာ ၃၅ သန်း ထဲတွင် Civic Media Fund အတွက် ဒေါ်လာ ၂၀ သန်း ပါဝင်ပါသည်။ ပုဂ္ဂလိကကဏ္ဍမှ ၂ ဆ ပိုမိုထည့်ဝင်လာအောင် တွန်းအားပေးမည် ဖြစ်ပြီး Google က ဒေါ်လာ ၁၀ သန်း ထည့်ဝင်မည် ဖြစ်သောကြောင့် စုစုပေါင်း ဒေါ်လာ သန်း ၃၀ ကို ပြည်နယ်တစ်ဝန်းရှိ ဒေသတွင်း သတင်းဌာနများထံသို့ ပို့ဆောင်ပေးနိုင်မည် ဖြစ်သည်။
ထိုအထောက်အပံ့သည် သတင်းဌာန မရွေး၊ ဒစ်ဂျစ်တယ် သို့မဟုတ် ရုပ်သံ၊ အကျိုးအမြတ်အတွက် သို့မဟုတ် အကျိုးအမြတ်မယူသော အဖွဲ့အစည်း၊ အင်္ဂလိပ်ဘာသာ သို့မဟုတ် ဘာသာစကားမျိုးစုံ သတင်းဌာနများအတွက် တိုက်ရိုက် အထောက်အပံ့ ဖြစ်စေမည်ဖြစ်သည်။ Social media နှင့် AI ကြောင့် ဖြစ်ပေါ်ပျံ့နှံ့သော သတင်းမှား၊ သတင်းတုများကို တိုက်ဖျက်ပြီး ခိုင်မာသော သတင်းများကို တင်ဆက်နိုင်ရန် ထိုရင်းနှီးမြှုပ်နှံမှုက အားဖြည့်ပေးမည် ဖြစ်သည်။
ဤဒေါ်လာ ၃၅ သန်း တောင်းဆိုမှုကို အတည်ပြုပေးခြင်းအားဖြင့် California လွှတ်တော်နှင့် အုပ်ချုပ်ရေးမှူးတို့သည် ခိုင်မာသော သတင်းအခြေခံအဆောက်အအုံသည် လူတိုင်းအတွက် လိုအပ်ချက်တစ်ခုအဖြစ်သာမကဘဲ အခြေခံအခွင့်အရေးတစ်ခု ဖြစ်လာစေမည့် အနာဂတ်ဆီသို့ နိုင်ငံကို ဦးဆောင်ခေါ်ယူသွားနိုင်မည် ဖြစ်ပါသည်။
မူရင်းဆောင်းပါး – https://americancommunitymedia.org/editorial/investing-in-journalism-why-civic-infrastructure-is-key-to-californias-future/

