မွေးဖွားခြင်းဖြင့် နိုင်ငံသားဖြစ်ခွင့် (Birthright Citizenship) ကို ပိတ်ပင်မည့် အဆိုပြုချက်ကြောင့် ဖြစ်ပေါ်လာနိုင်သော အမေရိကား၏ ရေရှည်စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ သက်ရောက်မှုများ

kaiApril 20, 20263min0

Speakers/Panelists:

  • Dr. Hiroshi Motomura – Susan Westerberg Prager Professor of Law at the UCLA School of Law
  • Dr. Phillip Connor – Research Fellow, Center for Migration and Development, Princeton University
  • Dr. Julia Gelatt – Associate Director, U.S. Immigration Policy Program, Migration Policy Institute
  • Xiao Wang – CEO/co-founder, Boundless Immigration

LOS ANGELES — အမေရိကန်သမ္မတ Donald Trump ထုတ်ပြန်ခဲ့သည့် အငြင်းပွားဖွယ် executive order တစ်ခုနှင့် ပတ်သက်၍ အမေရိကားတရားရုံးချုပ်က ဆုံးဖြတ်ချက်ချရန် ပြင်ဆင်နေချိန်တွင် မူဝါဒဆိုင်ရာ ကျွမ်းကျင်သူများနှင့် ဥပဒေပညာရှင်များက သတိပေးပြောကြားလိုက်သည်။

အဆိုပါအမိန့်သည် အထောက်အထားမဲ့ မိဘများနှင့် ယာယီနေထိုင်သူများမှ မွေးဖွားလာသော ကလေးငယ်များအတွက် မွေးဖွားခြင်းဖြင့် နိုင်ငံသားဖြစ်ခွင့် (birthright citizenship) ကို ပိတ်ပင်ရန် ရည်ရွယ်ထားသည်။ ထိုအမိန့်သည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ငြင်းခုံမှုများထက်ပို၍ နိုင်ငံ၏ လုပ်သားအင်အားကို တုန်လှုပ်ချောက်ချားစေရန်၊ ကျေးလက်ဒေသ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အားနည်းစေရန်နှင့် အမေရိကန်တို့၏ ဝိသေသလက္ခဏာကို အခြေခံကျကျ ပြောင်းလဲပစ်ရန် ခြိမ်းခြောက်နေကြောင်းကို American Community Media က ဦးစီးပြီး ဆွေးနွေးပွဲတစ်ခုကို ဧပြီ ၁၀၊ ၂၀၂၆ က ကျင်းပခဲ့သည်။

အမျိုးသားရေးအမြင်ဆိုင်ရာ ငြင်းခုံမှု

UCLA School of Law မှ Susan Westerberg Prager Professor of Law ဖြစ်သူ Dr. Hiroshi Motomura က လက်ရှိဖြစ်ပေါ်နေသော ငြင်းခုံမှုများသည် ဥပဒေဆိုင်ရာ နည်းပညာပိုင်းထက် ပိုမိုနက်ရှိုင်းကြောင်းကို ဆွေးနွေးခဲ့သည်။

“14th Amendment သည် အမေရိကန်ပြည်ထောင်စု၏ အားလုံးပါဝင်နိုင်သော အမြင်ကို ပုံဖော်ထားခြင်းဖြစ်သည်” ဟု Motomura က ပြောသည်။ “14th Amendment သည် မိဘများထံမှ အမွေဆက်ခံရသော နိုင်ငံသားဖြစ်မှုကို ငြင်းပယ်ခြင်းဖြစ်ပြီး၊ ရွှေ့ပြောင်းအခြေချသူများဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံတစ်ခုအတွက် သင့်လျော်စေရန် ရည်ရွယ်သည်။ လူများရောက်ရှိလာသည့်အခါ ထိုသူတို့သည် နိုင်ငံသားများဖြစ်လာပြီး ရှေ့ဆက်သွားမည့် လူ့အဖွဲ့အစည်းတွင် သူတို့၏ ပါဝင်မှု (ဥပမာအားဖြင့် အဖွဲ့ဝင်များအဖြစ် ပါဝင်စေပြီး အစုရှယ်ယာသဘောမျိုးများ) ရှိနေစေခြင်းဖြစ်သည်” ဟု ဆိုသည်။

ထရီလီယံနှင့်ချီသော စီးပွားရေးဆုံးရှုံးမှု

သုတေသနတွေ့ရှိချက် ရလဒ်အသစ်များအရ အဆိုပါမူဝါဒကြောင့် ဖြစ်ပေါ်လာမည့် စီးပွားရေးဆိုင်ရာ သက်ရောက်မှုများသည် အလွန်အံ့အားသင့်ဖွယ် ဖြစ်လာနိုင်သည်။ Princeton University, Center for Migration and Development မှ research fellow ဖြစ်သူ Dr. Phillip Connor က မွေးဖွားခြင်းဖြင့် နိုင်ငံသားဖြစ်ခွင့်ကို ပိတ်ပင်မှု ဆက်လက်ရှိနေပါက အမေရိကား စီးပွားရေးသည် ဒေါ်လာ ထရီလီယံနှင့်ချီသော လိုငွေပြမှုနှင့် ရင်ဆိုင်ရနိုင်ကြောင်း ခန့်မှန်းချက်များကို တင်ပြခဲ့သည်။

“စီးပွားရေးအတွင်း ဆုံးရှုံးနိုင်သော ငွေကြေးပမာဏမှာ ထရီလီယံနှင့်ချီ၍ ရှိနိုင်ပြီး ကောလိပ်ပညာရေး အဆင့်အတန်း လိုအပ်သော အလုပ်အကိုင်များတွင် လုပ်ကိုင်နိုင်မည့် လူဦးရေ ၄၀၀,၀၀၀ သို့မဟုတ် ထိုထက်ပိုသောသူများမှာ အထက်တန်းလွန်ပညာရေး (post-secondary education) ကို လက်လှမ်းမီမှု နည်းပါးသွားမည်ဖြစ်သောကြောင့် အလုပ်လုပ်ကိုင်နိုင်တော့မည် မဟုတ်ပါ” ဟု Connor က ရှင်းပြသည်။ “ဤအချက်များသည် ဥပဒေဆိုင်ရာ အမှုအခင်းအရသာမကဘဲ US တွင် နေထိုင်ခြင်းဆိုသည်မှာ အဘယ်နည်း၊ အနာဂတ်တွင် မည်သူသည် ပိုင်ဆိုင်သူဖြစ်သည်ကို ကျွန်ုပ်တို့ အဓိပ္ပာယ်ဖွင့်ဆိုသည့် အချက်များအရ ချိန်ဆရမည့်အချက်များ ဖြစ်သည်” ဟု သူက ပြောသည်။

အောက်ခြေလူတန်းစားတစ်ရပ်ကို ဖန်တီးခြင်း

Migration Policy Institute မှ U.S. Immigration Policy Program ၏ Associate Director ဖြစ်သူ Dr. Julia Gelatt က ယခုမူဝါဒသည် လာမည့် ဆယ်စုနှစ်များအတွင်း စာရွက်စာတမ်းမဲ့ လူဦးရေကို သန်းနှင့်ချီ၍ တိုးပွားလာစေလိမ့်မည်ဟု သတိပေးခဲ့သည်။ သူမက မွေးဖွားခြင်းဖြင့် နိုင်ငံသားဖြစ်ခွင့်ကို ဖယ်ရှားခြင်းသည် Medicaid နှင့် အများပြည်သူဆိုင်ရာ ပညာရေးကဲ့သို့သော အရေးပါသည့် လူမှုဖူလုံရေးကွန်ရက်များကို လက်လှမ်းမမီနိုင်သော အောက်ခြေလူတန်းစား (underclass) ဖွဲ့စည်းပုံကို ဖန်တီးပေးလိမ့်မည်ဖြစ်ကြောင်း၊ US တွင် မည်သို့ပင်ကြီးပြင်းလာပါစေ ထိုအခြေအနေနှင့် ကြုံတွေ့ရမည်ဖြစ်ကြောင်းကို အလေးထားဆွေးနွေးခဲ့သည်။

“မွေးဖွားခြင်းဖြင့် နိုင်ငံသားဖြစ်ခွင့်ကို ပယ်ဖျက်ခြင်းသည် လူ့အဖွဲ့အစည်းဝင်အဖြစ်မှ ဖယ်ထုတ်ခံထားရသည့် မျိုးဆက်ပွား အောက်ခြေလူတန်းစားတစ်ရပ်ကို ဖန်တီးပေးလိမ့်မည်” ဟု Dr. Gelatt က ဆိုသည်။ “ဒီကိစ္စက မျိုးဆက်များတစ်လျှောက်လုံး ဖြစ်ပေါ်နေလိမ့်မည်။” သူမက ထပ်မံပြောကြားရာတွင် ယခုမူဝါဒသည် ရွှေ့ပြောင်းအခြေချသူများ၏ သားသမီးများသည် မိဘများ၏ အောင်မြင်မှုကို ကျော်လွန်သွားသည်ဟု သမိုင်းကြောင်းအရ သိရှိထားသည့် US ၏ ရွှေ့ပြောင်းအခြေချသူများ ပေါင်းစည်းရေး မှတ်တမ်းကို “အမှန်တကယ် ထိခိုက်စေပြီး အန္တရာယ်ဖြစ်စေနိုင်သည်” ဟု ဆိုသည်။

ကျေးလက်ဒေသ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အကျပ်အတည်း

Boundless Immigration ၏ CEO နှင့် co-founder ဖြစ်သူ Xiao Wang က သမ္မတ၏အမိန့်ကြောင့် ဖြစ်ပေါ်လာသည့် မရေရာမှုများသည် ကမ္ဘာ့အဆင့်မီ အရည်အချင်းရှိသူများကို ဆွဲဆောင်နိုင်စွမ်းအပေါ် သက်ရောက်မှုရှိနေပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။ Canada၊ United Kingdom နှင့် New Zealand အပါအဝင် အခြားနိုင်ငံများသည် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများအတွက် ပိုမိုရှင်းလင်းသော လမ်းကြောင်းများကို ဖန်တီးပေးနေချိန်တွင် US သည် ယှဉ်ပြိုင်နိုင်စွမ်း ဆုံးရှုံးရမည့် အန္တရာယ်ရှိနေသည်။

“ကျနော်တို့ဟာ ထူးချွန်သော အင်ဂျင်နီယာတစ်ဦး၊ အရည်အချင်းရှိသော ဆရာဝန်တစ်ဦး၊ လိုအပ်ချက်ရှိသော လူ့အဖွဲ့အစည်းတွင် အမှုထမ်းလိုသော သူနာပြုတစ်ဦးကို ‘မင်းတို့ရဲ့ လုပ်အားကို ကြိုဆိုပါတယ်၊ ဒါပေမဲ့ မင်းတို့မိသားစုရဲ့ အနာဂတ်ကတော့ ဆွေးနွေးစရာ ဖြစ်နေတုန်းပဲ’ လို့ ပြောတဲ့နိုင်ငံဖြစ်ချင်တာလား” ဟု Wang က မေးခွန်းထုတ်သည်။ “အကူအညီ လုံလောက်စွာ မရနိုင်သော ကျေးလက်ဆေးရုံများနှင့် ရေရှည်စောင့်ရှောက်မှု ပံ့ပိုးပေးသူများအတွက် ခက်ခဲလိမ့်မည်။ ပြီးတော့ စောင့်ဆိုင်းချိန် ပိုကြာမြင့်ခြင်း၊ ဝန်ဆောင်မှုပေးသူ နည်းပါးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုအားနည်းလာခြင်းတို့၏ ဝန်ထုပ်ဝန်ပိုး အကြီးမားဆုံးကို ထမ်းပိုးရမည့်သူများမှာ သက်ကြီးရွယ်အို အမေရိကန်များ၊ မသန်စွမ်းသူများ၊ မြို့ငယ်လေးများနှင့် ကျေးလက်ဒေသများရှိ မိသားစုများ ဖြစ်လာလိမ့်မည်” ဟု သူက ဆိုသည်။

နောင်ရေးအတွက် ကြိုတင်မျှော်တွေးခြင်း

ဆွေးနွေးပွဲတွင် ပါဝင်သူများက Supreme Court သည် အဆိုပါ executive order ကို နောက်ဆုံးတွင် ပယ်ဖျက်လိမ့်မည်ဟု ယေဘုယျအားဖြင့် အကောင်းမြင်ထားကြသော်လည်း၊ နိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်စေခြင်းနှင့် အနာဂတ်မျိုးဆက်သစ်များထံ ပေးပို့လိုက်သည့် သတင်းစကားများသည် ကြာရှည်စွာ ကျန်ရစ်နိုင်ကြောင်းကို ဆက်လက်ပြောကြားခဲ့သည်။

Supreme Court သည် ဇွန်လ ၂၀၂၆ ၏ နောက်ဆုံးရက်ပိုင်းတွင် ထိုကိစ္စနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် ချမှတ်လိမ့်မည်ဟု မျှော်လင့်ရသည်။ ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးကြသူ ပညာရှင်များက “မည်သူသည် နိုင်ငံသားဖြစ်သည်” ဆိုသည့် မေးခွန်းသက်သက်မဟုတ်ဘဲ US ၏ စီးပွားရေးနှင့် လူမှုရေးတည်ငြိမ်မှု အနာဂတ်အတွက် အရေးပါသော ရွေးချယ်မှုတစ်ခု ဖြစ်ကြောင်းကို အဓိကထားပြီး ရှုမြင်သုံးသပ်ခဲ့ကြသည်။