ကျောင်းတွင်းလက်ကိုင်ဖုံးသုံးစွဲခွင့်ပိတ်ပင်ခြင်းဖြင့် ကျောင်းသားများအတွက် ကောင်းလော၊ဆိုးလော?

kaiApril 8, 20264min00

US ပြည်နယ် ၃၃ ခုတွင် K-12 အခြေခံပညာကျောင်းများ၌ လက်ကိုင်ဖုန်းအသုံးပြုမှုကို ကန့်သတ်သည့် ဥပဒေများ ပြဋ္ဌာန်းရန် ပြင်ဆင်နေကြစဉ်၊ ဤပိတ်ပင်မှုများသည် ပညာရေးအာရုံစိုက်မှုအတွက် လိုအပ်သော ဆေးတစ်ခွက် ဖြစ်သလား သို့မဟုတ် digital မျိုးဆက်၏ လက်တွေ့ဘဝကို လျစ်လျူရှုသည့် အာဏာသုံး ဖိနှိပ်မှုလား ဆိုသည်မှာ ငြင်းခုံစရာတခု ဖြစ်လာသည်။

American Community Media က ထိုအမြင်များအတွက် ဆွေးနွေးပွဲကို ဧပြီ ၃၊ ၂၀၂၆ ကထိကျင်းပခဲ့သည်။ Sunita Sarabji က ကြားခံဆွေးနွေးခဲ့ပြီး University ပါမောက္ခများနှင့် အထက်တန်းကျောင်းသားများသည် ကျောင်းတက်ချိန်တစ်လျှောက်လုံး ဖုန်းပိတ်ပင်ခြင်း၏ အကျိုးသက်ရောက်မှုများကို ဆွေးနွေးခဲ့ကြသည်။

လူငယ်များအကြား လူမှုမီဒီယာ စွဲလမ်းမှုကို ဖြစ်စေရန် Meta နှင့် YouTube ကဲ့သို့သော နည်းပညာကုမ္ပဏီကြီးများက ပံ့ပိုးပေးနေကြောင်းနှင့် လူငယ်များသည် တစ်နေ့လျှင် ပျမ်းမျှ ၅.၅ နာရီခန့် ဖုန်းအသုံးပြုနေကြောင်း တရားရုံး၏ ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက်တွင် ဤဆွေးနွေးမှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။


ပိတ်ပင်မှုကို ထောက်ခံသည့်ဘက် – ပညာရေးနှင့် လူမှုဆက်ဆံရေး

ဖုန်းများကို ဖယ်ရှားလိုက်ခြင်းဖြင့် ကျောင်းပတ်ဝန်းကျင်ကို သိသိသာသာ ပြောင်းလဲစေနိုင်ကြောင်း ပါဝင်ဆွေးနွေးသူ ပါမောက္ခများက အချက်အလက်များ တင်ပြခဲ့ကြသည်။

Dr. Timothy Pressley (Associate Professor of Psychology, Christopher Newport University) က လက်ကိုင်ဖုန်းများကို ပိတ်ခြင်းကြောင့် သုတေသနပြုချက်များအရ ရည်ရွယ်ချက်မှာ ပညာရေး၊ စိတ်ကျန်းမာရေး၊ စာရိတ္တနှင့် တဦးနှင့်တဦး ဆက်သွယ်ညှိုနှိုင်းခြင်း အချက် ၃ ချက်ကို အလေးထားသင့်ကြောင်း ပြောကြားခဲ့သည်။

စိတ်ကျန်းမာရေးနှင့် ပညာရေးရလဒ်များ

  • စိတ်ကျန်းမာရေး – သုတေသနရလဒ်များမှာ ကွဲပြားနေသည်။ Australia နိုင်ငံ၏ သုတေသနပြုချက်အရ ကျောင်းသားချင်း အနိုင်ကျင့်ခြင်းများ ကျဆင်းသွားသော်လည်း စိတ်ကျခြင်းနှင့် anxiety တို့မှာမူ သိသာသော ရလဒ်ကို မတွေ့ရချေ။ UK, Spain, Sweden မှ လေ့လာချက်များအရလည်း ကန့်သတ်ချက်များရှိနေပြီး ရလဒ်များ သိသာစွာ မတွေ့ရချေ။
  • ပညာရေး – ပထမနှစ်တွင် မသိသာသော်လည်း ဒုတိယနှစ်တွင်မူ ထင်ရှားစွာ တိုးတက်လာကြောင်း သိရသည်။

“လက်ကိုင်ဖုန်း ပိတ်ပင်မှုတွေဟာ ပညာရေးစွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ကြောင်း သုတေသနတွေက ဖော်ပြနေပါတယ်၊ အထူးသဖြင့် စာညံ့တဲ့ကလေးတွေနဲ့ အခွင့်အလမ်းနည်းတဲ့ ကျောင်းသားတွေမှာ သိသိသာသာ တိုးတက်လာတာကို တွေ့ရပါတယ်” ဟု Dr. Pressley က ဆိုသည်။


မူဝါဒ ချမှတ်သူများအတွက် အကြံပြုချက်

ဤမူဝါဒကို အကောင်အထည်မဖော်မီ မိဘများ၊ ကျောင်းသားများ၊ ဆရာများနှင့် ကျောင်းအုပ်ချုပ်ရေးမှူးများ အပါအဝင် လူမှုအသိုက်အဝန်းဝင် အားလုံးနှင့် တိုင်ပင်ဆွေးနွေးရန် လိုအပ်သည်။

အကောင်အထည်ဖော်ရာတွင် ပါဝင်ရမည့် အချက်များ –

  1. သင်တန်းနှင့် လမ်းညွှန်ချက် – ဆရာ၊ ဆရာမများအတွက် မူဝါဒကို မည်သို့အကောင်အထည်ဖော်ရမည်ဆိုသည့် သင်တန်းများ ပေးရမည်။
  2. ရှင်းလင်းသော စည်းကမ်း – မည်သည့်အချိန်တွင် ခြွင်းချက်အနေဖြင့် ဖုန်းသုံးခွင့်ရှိသနည်း၊ စည်းကမ်းဖောက်ဖျက်ပါက မည်သို့အရေးယူမည်နည်း ဆိုသည်ကို တိကျရှင်းလင်းစွာ ထုတ်ပြန်ထားရမည်။
  3. တစ်ပြေးညီဖြစ်မှု – စည်းကမ်းများကို စာသင်ခန်းတိုင်းနှင့် ကျောင်းတစ်ကျောင်းလုံးတွင် တစ်ပြေးညီ တင်းကျပ်စွာ ကျင့်သုံးရန် လိုအပ်သည်။

Dr. David Marshall (Associate Professor of Educational Research and Evaluation, Auburn University) က Virginia ပြည်နယ်ရှိ ကျောင်းတစ်ခုတွင် သုတေသနပြုချက်အရ ဖုန်းပိတ်ပင်ပြီး ၃ လအကြာ၌ ကျောင်းသားများသည် screen များကို ကြည့်မည့်အစား အချင်းချင်း စကားပြောလာကြသဖြင့် ထမင်းစားဆောင်များနှင့် လူသွားလမ်းများတွင် ပိုမိုဆူညံစည်ကားလာကြောင်း တင်ပြခဲ့သည်။


ကျောင်းသားများ၏ အမြင် – “တင်းကျပ်တဲ့ မိဘတွေက ခိုးကြောင်ခိုးဝှက် လုပ်တဲ့ကလေးတွေကို မွေးထုတ်ပေးတယ်”

ကျောင်းသားများကမူ လုံးဝပိတ်ပင်ခြင်းသည် လက်တွေ့ဘဝတွင် လိုအပ်မည့် digital ဆိုင်ရာ ဗဟုသုတများကို သင်ယူခွင့် ဆုံးရှုံးစေသည်ဟု သုံးသပ်ကြသည်။

KaiTamsin Bwor (High school student of Granada Hills Charter and Editor-in-Chief of The Plaid Press) က သူမ၏ နည်းပညာအပေါ် မှီခိုမှုမှာ အိမ်စာလုပ်ရန်နှင့် school projects များအတွက် အတန်းဖော်များနှင့် တိုင်ပင်ရန် အရေးပါကြောင်း ဆွေးနွေးခဲ့သည်။

“အာဏာသုံး ပိတ်ပင်မှုတွေဟာ ရေတိုထိန်းချုပ်မှုကိုပဲ ရရှိမှာဖြစ်ပါတယ်” ဟု Bwor က ဆိုသည်။ “အာဏာနဲ့ အရာရာကို တားဆီးလို့ မရပါဘူး၊ ဒါဟာ ရေတိုအတွက်ပဲ ပြဿနာကို ဖြေရှင်းနိုင်မှာပါ။ တင်းကျပ်လွန်းတဲ့ မိဘတွေက ခိုးကြောင်ခိုးဝှက် လုပ်တတ်တဲ့ ကလေးတွေကိုပဲ မွေးထုတ်ပေးတတ်ပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ အကန့်အသတ်တွေနဲ့ စည်းကမ်းတွေကို ရှင်းလင်းစွာ သတ်မှတ်ပေးပြီး ကျောင်းသားတွေ ကိုယ့်အပြုအမူကိုယ် ထိန်းကျောင်းတတ်အောင် သင်ပေးဖို့ပဲ ဖြစ်ပါတယ်”

Nicholas Torres (Houston, Texas မှ အထက်တန်းအောင်မြင်ပြီးသူ) ကလည်း “ကျွန်တော်ကတော့ ဖုန်းပိတ်ပင်တာကို လုံးဝကန့်ကွက်ပါတယ်။ ကျွန်တော်တို့ဟာ ကျောင်းစာတွေလုပ်ဖို့အတွက် ဖုန်းတွေကို ကိရိယာတစ်ခုအနေနဲ့ သုံးပြီး ဝဘ်ဆိုက်တွေ၊ Apps တွေကို ဝင်ကြည့်ကြရတာပါ” ဟု ဆိုသည်။ ထို့ပြင် အရေးပေါ်အခြေအနေများတွင် မိသားစုနှင့် ဆက်သွယ်ရန် ဖုန်းရှိရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။


ရှေ့ဆက်ရမည့်လမ်း

မည်သည့်မူဝါဒကိုပဲ ကျင့်သုံးသည်ဖြစ်စေ တစ်ပြေးညီဖြစ်မှု (Consistency) သည် အရေးကြီးဆုံးဖြစ်သည်။ လုံးဝပိတ်ပင်သည်ဖြစ်စေ သို့မဟုတ် စနစ်တကျ အသုံးပြုခွင့်ပေးသည်ဖြစ်စေ၊ စည်းကမ်းများမှာ အတက်အကျရှိနေပါက ကျောင်းသားများအကြား မကျေနပ်မှုများ ဖြစ်ပေါ်စေနိုင်သည်။

ထို့ပြင် အောက်ပါအချက်များကိုလည်း ထည့်သွင်းစဉ်းစားရန် ဆွေးနွေးခဲ့ကြသည် –

  • ကျောင်းတွင် အင်တာနက် သို့မဟုတ် website များ ပိတ်ထားချိန်တွင် ဖုန်းများ၏ အခန်းကဏ္ဍ။
  • မိဘနှင့် သားသမီး အရေးပေါ် ဆက်သွယ်ရေးနှင့် နေ့စဉ်အကြိုအပို့ အစီအစဉ်များ။
  • Special Needs ကျောင်းသားများအတွက် သင်ကြားရေး အထောက်အကူပြုမှု။

Bwor နှင့် Torres တို့၏ အသံများက ဖော်ပြနေသည်မှာ အထိရောက်ဆုံးသော ပိတ်ပင်မှုဆိုသည်မှာ ဖုန်းများကို သိမ်းဆည်းထားခြင်း မဟုတ်ဘဲ မိမိကိုယ်ကို ထိန်းကျောင်းတတ်အောင် သင်ကြားပေးခြင်း သာ ဖြစ်ပါသည်။