USCIS မူဝါဒအသစ်ကြောင့် အမေရိကားပြည်တွင်းနေထိုင်လိုသူများ စိုးရိမ်မှုနှင့် ဥပဒေရေးရာ စိန်ခေါ်မှုများ

kaiJune 13, 20262min0

by Myanmar Gazette

အမေရိကနိုင်ငံသားဖြစ်မှုနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ဆောင်မှုဌာန (USCIS) မှ ၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သော မူဝါဒအသစ်တစ်ခုသည် United States အတွင်း နေထိုင်ရင်း အမြဲတမ်းနေထိုင်ခွင့် (Green Card) ရရှိရန် ကြိုးပမ်းနေကြသော လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လူပုဂ္ဂိုလ်များကြား စိုးရိမ်မှုနှင့် မသေချာမရေရာမှုများကို ဖြစ်ပေါ်စေခဲ့သည်။ ယခင်က US ပြည်တွင်း၌ ရှိနှင့်ပြီးသူများအတွက် ခွင့်ပြုထားသည့် “အဆင့်အတန်း ပြောင်းလဲခြင်း” (Adjustment of Status) လုပ်ငန်းစဉ်ကို ထိုထုတ်ပြန်ချက်တွင် ပုံမှန်တရားဝင်လမ်းကြောင်းတစ်ခုအဖြစ် မသတ်မှတ်တော့ဘဲ “ထူးခြားသော ကယ်ဆယ်မှု” (Extraordinary Relief) အဖြစ် ပြန်လည်သတ်မှတ်ထားပြီး၊ လျှောက်ထားသူအများစုကို ပြည်ပရှိ အမေရိကန်ကောင်စစ်ဝန်ရုံးများတွင်သာ သွားရောက်လျှောက်ထားရန် တွန်းအားပေးလိုက်သကဲ့သို့ ဖြစ်နေသည်။ American Community Media က ဇွန် ၅၊ ၂၀၂၆ တွင် ကျင်းပပြုလုပ်သော ဆွေးနွေးပွဲတွင် ကျွမ်းကျင်သူများက ဤမူဝါဒသည် မိသားစုနှင့် အလုပ်အကိုင်အခြေပြု လျှောက်ထားသူများအတွက် နှစ်ပေါင်းများစွာ တည်ရှိခဲ့သော Green Card ရရှိရေး လမ်းကြောင်းများကို ပြောင်းပြန်လှန်ပစ်နိုင်ကြောင်း သတိပေးခဲ့သည်။

ဥပဒေရေးရာ အာဏာပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အငြင်းပွားမှု

Jeff Joseph, President of the American Immigration Lawyers Association က ထိုထုတ်ပြန်ချက်သည် ဥပဒေအရ အပ်နှင်းထားသော အာဏာကို ကျော်လွန်နေကြောင်း ဝေဖန်ခဲ့သည်။ “ဒီပုံစံသတ်မှတ်ချက်က မမှန်ကန်ပါဘူး။ အဆင့်အတန်း ပြောင်းလဲခြင်းဆိုတာ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားဖြစ်မှု အက်ဥပဒေ ပုဒ်မ ၂၄၅ မှာ ပြဋ္ဌာန်းထားတဲ့ တရားဝင်လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။ ကွန်ဂရက်လွှတ်တော်က ဒါကို ကောင်စစ်ဝန်ရုံးကတစ်ဆင့် လျှောက်ထားခြင်းနဲ့ တန်းတူ ရှိစေချင်တာပါ” ဟု ပြောကြားခဲ့သည်။ Joseph က ဤမှတ်တမ်းလွှာသည် ဖက်ဒရယ်တရားရုံးတွင် အမှုရင်ဆိုင်ရနိုင်သည့် အာဏာကျော်လွန်သော လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အစိုးရ၏ ပြည်တွင်းဥပဒေစိုးမိုးရေးအပေါ် အာရုံစိုက်မှုသည် ဤမူဝါဒကို ဖြစ်ပေါ်စေခြင်း ဖြစ်နိုင်ကြောင်းကိုလဲ ဆက်လက်ဆွေးနွေးခဲ့သည်။ “အမှုကိစ္စတွေကို ကောင်စစ်ဝန်ရုံးတွေကို တွန်းပို့လိုက်ခြင်းအားဖြင့် သူတို့ကို ‘အုပ်ချုပ်ရေးဆိုင်ရာ ပြန်လည်သုံးသပ်မှု’ (administrative review) ဆိုတဲ့ အဆုံးအစမရှိတဲ့ စုံစမ်းစစ်ဆေးမှုထဲမှာ ပိတ်လှောင်ထားလိုက်တာမျိုး ဖြစ်ပြီး၊ ပယ်ချခံရတဲ့အခါ ပြန်လည်တရားစွဲဖို့ ဒါမှမဟုတ် တရားစီရင်ရေးအရ ပြန်လည်သုံးသပ်ဖို့ ထိရောက်တဲ့နည်းလမ်း မရှိတော့ဘူး” ဟု Joseph က ရှင်းပြသည်။

မိသားစုများအပေါ် သက်ရောက်မှု

Julia Gelatt, Associate Director of the U.S. Immigration Policy Program at the Migration Policy Institute က ဤမူဝါဒ၏ လူသားချင်းစာနာမှုဆိုင်ရာ ပေးဆပ်ရမည့်တန်ဖိုး၊ အထူးသဖြင့် မိသားစုများအပေါ် သက်ရောက်မှုကို ဆွေးနွေးခဲ့သည်။ “လူပေါင်း သိန်းနဲ့ချီပြီး အမေရိကန်နိုင်ငံသား ဖြစ်တဲ့ ခင်ပွန်း/ဇနီး၊ မိဘ ဒါမှမဟုတ် ကလေးတွေကတစ်ဆင့် Green Card ရကြတာပါ။ ဒီထုတ်ပြန်ချက် က ဒါတွေ ဆက်ပြီး ဖြစ်လာနိုင်မလားဆိုတဲ့ သံသယကို ဖြစ်ပေါ်စေပါတယ်” ဟု Gelatt က ပြောသည်။ US တွင် တရားဝင်အခြေအနေမရှိဘဲ နေထိုင်နေသူများ ကြုံတွေ့ရမည့် အန္တရာယ်ကိုလဲ အလေးပေးပြောကြားခဲ့သည်။ “သူတို့က တရားဝင်အခြေအနေမရှိဘဲ US မှာ တစ်နှစ် ဒါမှမဟုတ် အဲဒီထက်ပိုပြီး နေထိုင်ခဲ့မယ်ဆိုရင် ကောင်စစ်ဝန်ရုံးမှာ သွားရောက်လျှောက်ထားဖို့ ထွက်ခွာတာဟာ ၁၀ နှစ်ကြာ ပြန်လည်ဝင်ရောက်ခွင့် ပိတ်ပင်ခံရတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ဒီလူတွေကို သူတို့အနေနဲ့ အမြဲတမ်းနေထိုင်ခွင့် ရနိုင်တော့မှာမဟုတ်ဘူးလို့ အဓိပ္ပာယ်သက်ရောက်နေပါတယ်” ဟု ဆိုသည်။

စီးပွားရေးနှင့် လုပ်သားအင်အားဆိုင်ရာ စိုးရိမ်မှုများ

Xiao Wang, Co-founder and CEO, Boundless Immigration က စီးပွားရေးဆိုင်ရာ သက်ရောက်မှုများကို ဆွေးနွေးခဲ့သည်။ “US ပြည်တွင်းကနေ Green Card လျှောက်တာဟာ နှစ်ပေါင်းများစွာ တရားဝင် ပညာသင်ကြားနေပြီး အလုပ်လုပ်နေသူတွေအတွက် စံလမ်းကြောင်း ဖြစ်ပါတယ်။ Green Card တစ်ဝက်ကျော်ကို နေထိုင်ခွင့်လမ်းကြောင်း ပြောင်းလဲခြင်းကနေပဲ ထုတ်ပေးတာပါ” ဟု Wang က ပြောသည်။ လျှောက်ထားသူများကို ပြည်ပသို့ အတင်းအကျပ် ထွက်ခွာခိုင်းခြင်းသည် ဗီဇာကိုင်ဆောင်ထားသူများ၏ အလုပ်အကိုင်ကို အနှောင့်အယှက်ဖြစ်စေခြင်း၊ ကျေးလက်ဒေသရှိ နိုင်ငံခြားသားဆရာဝန်များကဲ့သို့ မရှိမဖြစ်လိုအပ်သော အလုပ်သမားများအတွက် ကြန့်ကြာမှုများ ဖြစ်စေခြင်းနှင့် Artificial Intelligence ကဲ့သို့သော တောင်းဆိုမှုမြင့်မားသည့် လုပ်ငန်းကဏ္ဍများတွင် အမေရိကား၏ ယှဉ်ပြိုင်နိုင်စွမ်းကို ထိခိုက်စေနိုင်ကြောင်းကိုလဲ သတိပေးခဲ့သည်။

အိမ်ထောင်ရေးအခြေပြု လျှောက်ထားသူများသည်လည်း ပိုမိုတင်းကျပ်သော စစ်ဆေးမှုများနှင့် ကြုံတွေ့ရနိုင်သည်။ “ခရီးသွားဗီဇာ ဒါမှမဟုတ် ကျောင်းသားဗီဇာနဲ့ ဝင်ရောက်ပြီး အဆင့်အတန်း ပြောင်းလဲသူတွေရဲ့ အမှုကိစ္စတွေကို ပိုမိုတင်းကျပ်စွာ စစ်ဆေးနေပါတယ်” ဟု Wang က မှတ်ချက်ပြုသည်။

မူဝါဒသစ်တွင် လိုက်နာရမည့် အကြံပြုချက်များ

Joseph က ဤပြောင်းလဲမှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် ရှေ့နေတစ်ဦး၏ အကြံဉာဏ်ရယူခြင်းသည် အရေးကြီးကြောင်း ကို ပြောကြားခဲ့သည်။ “လူတွေကို ကျွန်တော် ပြောချင်တာက ရှေ့နေတစ်ယောက်နဲ့ သွားတွေ့ပါ။ ဒီလိုအချိန်မှာ ခင်ဗျားကိုယ်ခင်ဗျား ထိခိုက်နစ်နာမှု မရှိစေဖို့အတွက်ကို နှစ်စဉ် ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်သလိုမျိုး ရှေ့နေနဲ့ အကြံဉာဏ်ရယူထားဖို့ အရေးကြီးပါတယ်” ဟု ဆိုသည်။

ကျွမ်းကျင်သူများက လျှောက်ထားသူများကို တရားဝင်အခြေအနေကို ဆက်လက်ထိန်းသိမ်းထားရန်၊ အင်တာဗျူးအတွက် အပိုမေးခွန်းများဖြေဆိုရန် အသင့်ပြင်ထားရန်နှင့် မူဝါဒအသစ်အောက်တွင် အမေရိကားမှ ထွက်ခွာခြင်း၏ အကျိုးဆက်များကို သေချာစွာ စဉ်းစားရန် အကြံပြုထားသည်။

တရားဥပဒေဆိုင်ရာ စိန်ခေါ်မှုများ

ဤထုတ်ပြန်ချက်သည် သမားရိုးကျလုပ်ရိုးလုပ်စဥ်အတိုင်း ပြုလုပ်ရမည့် ပြည်သူ့သဘောထားရယူခြင်းနှင့် Office of Management and Budget ၏ ကြီးကြပ်မှုတို့ကို ကျော်လွန်လုပ်ဆောင်ခဲ့သည့်အတွက် ၎င်း၏ တရားဝင်မှုနှင့် ပတ်သက်၍ စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ AILA သည် USCIS သည် ဥပဒေအရ အပ်နှင်းထားသော အာဏာကို ကျော်လွန်ကြောင်း ငြင်းဆိုလျက် ဖက်ဒရယ်တရားရုံးတွင် ဤမူဝါဒကို စိန်ခေါ်ရန် လျှောက်ထားသူများကို တက်ကြွစွာ ရှာဖွေလျက်ရှိသည်။

လူဝင်မှုကြီးကြပ်ရေး အသိုင်းအဝိုင်းသည် ထိုထုတ်ပြန်ချက်၏ အကျိုးဆက်များကို ရင်ဆိုင်နေရချိန်တွင် မိသားစုများနှင့် လုပ်သားများစွာသည် ကြာမြင့်သော ကြန့်ကြာမှုများ၊ မသေချာသော အနာဂတ်များနှင့် ပြည်ပတွင် အမြဲတမ်းနေထိုင်ခွင့် ရရှိရန်အတွက် အမေရိကားမှ ထွက်ခွာသင့်၊ မသင့်ဟူသော ခက်ခဲသည့် ဆုံးဖြတ်ချက်များကို ရင်ဆိုင်နေကြလျက်ရှိသည်။