Mayor Bass နှင့် မြို့တော်ကောင်စီထံ ပေးပို့သော အိတ်ဖွင့်ပေးစာ -LA Ethnic Media

kaiMarch 11, 20261min00

Los Angeles ပန်းခြံများအတွက် လိုအပ်ချက်များကို မြို့ခံများက ထုတ်ဖော်ပြောဆိုပြီးပြီဖြစ်ရာ အုပ်ချုပ်သူများအနေဖြင့် ချက်ချင်း အကောင်အထည်ဖော်ရန် လိုအပ်သည်။
(လော့စ်အိန်ဂျလိစ်မြို့မှလူမျိုးစုမီဒီယာများ၏ မြို့တော်ဝန်သို့ အိတ်ဖွင့်ပေးစာ)

Los Angeles မြို့တော်အစိုးရသည် ပြီးခဲ့သည့်နှစ်အတွင်း ပန်းခြံများနှင့် ပတ်သက်၍ ပြည်သူများ၏ လိုအပ်ချက်နှင့် ဆန္ဒများကို မေးမြန်းစုံစမ်းသည့် အလွန်အရေးကြီးသော လုပ်ငန်းစဉ်တစ်ခုကို လုပ်ဆောင်ခဲ့သည်။ မြို့တော်၏ မတူကွဲပြားသော လူမှုအသိုင်းအဝိုင်းများအတွက် အကျိုးပြုနေသော သတင်းမီဒီယာများအနေဖြင့် မြို့ခံပြည်သူများ ထုတ်ဖော်ပြောဆိုခဲ့သည့် အချက်အလက်များကို လျစ်လျူမရှုကြရန် ကျွန်ုပ်တို့က မြို့တော်ခေါင်းဆောင်များကို တိုက်တွန်းနှိုးဆော်အပ်ပါသည်။

လူဦးရေ ၁ သိန်းကျော်သည် ပန်းခြံလိုအပ်ချက် ဆန်းစစ်ချက် (Parks Needs Assessment) တွင် ပါဝင်ဖြေဆိုခဲ့ကြပြီး ၎င်းက လက်ရှိရင်ဆိုင်နေရသော အကျပ်အတည်းကို ဖော်ပြနေပါသည်။ လော့စ်အိန်ဂျလိစ်၏ ပန်းခြံစနစ်သည် ဒေါ်လာ ဘီလီယံနှင့်ချီသော ပြုပြင်ထိန်းသိမ်းမှု လိုအပ်ချက်များနှင့် ရင်ဆိုင်နေရပြီး နှစ်စဉ်ဘတ်ဂျက်မှာလည်း လိုအပ်သည်ထက် များစွာ လျော့နည်းနေပါသည်။

ငါးနှစ်တာကာလအတွင်း Los Angeles ၏ ပန်းခြံစနစ်သည် တစ်နိုင်ငံလုံးရှိ အကြီးဆုံးမြို့ကြီး ၁၀၀ အနက် အဆင့် ၄၉ မှ အဆင့် ၉၀ သို့ ကျဆင်းသွားခဲ့သည်။ အခြားမြို့ကြီးများတွင် ပန်းခြံများအတွက် မြို့ခံတစ်ဦးလျှင် ပျမ်းမျှ ဒေါ်လာ ၂၈၃ သုံးစွဲနေချိန်တွင် Los Angeles သည် ၉၂ ဒေါ်လာသာ သုံးစွဲနေပါသည်။ ပန်းခြံလိုအပ်ချက်မှာ ငြင်းဆို၍မရနိုင်လောက်အောင် မြင့်မားနေသည်။ ပန်းခြံလိုအပ်ချက် ဆန်းစစ်ချက် အချက်အလက်များအရ ၂၀၂၄ ခုနှစ် ဧပြီလမှ ၂၀၂၅ ခုနှစ် မတ်လအတွင်း မြို့ပြပန်းခြံများသို့ လာရောက်လည်ပတ်သူ အရေအတွက်မှာ ၁၁၉ သန်းခန့် ရှိခဲ့သည်။ ၎င်းက ရန်ပုံငွေရင်းနှီးမြှုပ်နှံမှု နည်းပါးနေသော်လည်း Angelenos မြို့ခံများအနေဖြင့် ဤနေရာများကို မည်မျှအထိ မှီခိုအားထားနေရသည်ကို ပြသနေခြင်း ဖြစ်သည်။

နှစ်ရှည်လများ ရန်ပုံငွေမလုံလောက်မှုသည် ပန်းခြံစနစ်အတွက် အဓိက စိန်ခေါ်မှုဖြစ်ပြီး အထူးသဖြင့် ဝန်ဆောင်မှုမပြည့်စုံသော နေရာများတွင် ပြုပြင်ထိန်းသိမ်းခြင်းနှင့် ပန်းခြံအသစ်များ တိုးချဲ့ခြင်းကို ကန့်သတ်နေပါသည်။ အရင်းအမြစ်များ ရှားပါးမှုကြောင့် ဝန်ထမ်းများက ကြိုးစားအားထုတ်နေကြသော်လည်း အဆောက်အအုံများ ပိတ်ထားရခြင်းနှင့် အခြေခံပြုပြင်ထိန်းသိမ်းမှု အားနည်းခြင်းစသည့် သိသာထင်ရှားသော ယိုယွင်းပျက်စီးမှုများ ဖြစ်ပေါ်နေသည်။ ပန်းခြံများအတွက် အဓိက ရန်ပုံငွေသတ်မှတ်ချက် (Funding Formula) သည်လည်း ၁၉၃၇ ခုနှစ်ကတည်းက ရပ်တန့်နေခဲ့ပါသည်။ ဤမမျှတမှုကို ဘတ်ဂျက်လမ်းကြောင်းများတွင် တွေ့မြင်နိုင်သည် – မြို့တော်၏ စုစုပေါင်းဘတ်ဂျက်သည် ၆၈ ရာခိုင်နှုန်း တိုးတက်လာချိန်တွင် ပန်းခြံဘတ်ဂျက်မှာ ၃၅ ရာခိုင်နှုန်းသာ တိုးလာခဲ့သည်။ ထိုတိုးလာသော ပမာဏ၏ အများစုမှာလည်း မြင့်တက်လာသော ရေခ၊ မီးခများ ပေးဆောင်ရန်အတွက်သာ ဖြစ်သွားခဲ့သည်။ ရလဒ်အနေဖြင့် ပန်းခြံစနစ်သည် လူထု၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် ဆက်လက် ရုန်းကန်နေရဆဲ ဖြစ်သည်။

ဤအယ်ဒီတာ့အာဘော်ကို ဖော်ပြနေကြသော မတူကွဲပြားသည့် မီဒီယာအဖွဲ့အစည်းများသည် ပန်းခြံများကို လူစုလူဝေးပြုလုပ်ရန်၊ ရိုးရာဓလေ့များကို ထိန်းသိမ်းရန်နှင့် အခြားယဉ်ကျေးမှုများနှင့် ဆက်ဆံရေး တည်ဆောက်ရန် နေရာများအဖြစ် မှတ်တမ်းတင်ခဲ့ကြပါသည်။ ပန်းခြံများသည် ပြောင်းခိုသူ (Refugee) များအတွက် အမှတ်တရသစ်များ ဖန်တီးရန်၊ မိသားစု၊ သူငယ်ချင်းများနှင့် ဆင်နွှဲရန်၊ စိတ်အပန်းဖြေရန်နှင့် ကလေးငယ်များ ကျန်းမာစွာ ဆော့ကစားရန်အတွက် အရေးပါသောနေရာများလည်း ဖြစ်သည်။ အထူးသဖြင့် ဝင်ငွေနည်းသော မိသားစုများအတွက် ပန်းခြံများသည် ကလေးများကို အားကစားလုပ်ရန် လွှတ်နိုင်သည့်၊ မိတ်ဆွေဖွဲ့နိုင်သည့် တစ်ခုတည်းသော နေရာများ ဖြစ်လေ့ရှိပြီး လူကြီးများအတွက်လည်း လူမှုရေးအရ တက်ကြွစွာ ပါဝင်နိုင်သည့် နေရာများ ဖြစ်ပါသည်။

Los Angeles မြို့၏ ပန်းခြံရန်ပုံငွေ ခွဲဝေမှုကို နှစ်ဆတိုးမြှင့်ရန် မြို့ပြပဋိညာဉ်စာတမ်း ပြုပြင်ပြောင်းလဲရေး ကော်မရှင် (Charter Reform Commission) ၏ မကြာသေးမီက ဆုံးဖြတ်ချက်ကို ကျွန်ုပ်တို့အားလုံးက ကြိုဆိုအားပေးပါသည်။ လာမည့် နိုဝင်ဘာလတွင် မဲဆန္ဒရှင်များထံ တင်ပြမည့် ပဋိညာဉ်စာတမ်း ပြုပြင်ပြောင်းလဲရေး မူဘောင်တွင် ဤအချက်ကို ထည့်သွင်းရန် မြို့တော်ဝန်နှင့် မြို့တော်ကောင်စီတို့က ထောက်ခံပေးရန် ကျွန်ုပ်တို့ တောင်းဆိုပါသည်။ ထို့အပြင် ၂၀၂၆ FIFA ကမ္ဘာ့ဖလား (2026 FIFA World Cup) နှင့် ၃၄ ကြိမ်မြောက် နွေရာသီ အိုလံပစ်အားကစားပြိုင်ပွဲ (2028 Olympics) တို့ကို လက်ခံကျင်းပတော့မည့် မြို့တော်ဖြစ်သည့်အတွက် ပန်းခြံစနစ်ကို သိသိသာသာ တိုးတက်ကောင်းမွန်လာစေရန် ရန်ပုံငွေ ပိုမိုရှာဖွေမည့် သင့်တင့်လျောက်ပတ်သော အစီအမံများကို မြို့တော်ဝန်နှင့် အခြားခေါင်းဆောင်များက ထောက်ခံပေးရန်လည်း တောင်းဆိုပါသည်။ ဤမြို့တော်ကြီးကို တည်ဆောက်ပေးနေကြသော မြို့ခံပြည်သူများသည်လည်း မိမိတို့ လူမှုအသိုင်းအဝိုင်း၏ ဂုဏ်ယူမှုနှင့် အလားအလာများကို ဖော်ပြနေသည့် ဘေးကင်းလုံခြုံပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားသော ပန်းခြံများကို ရရှိပိုင်ဆိုင်ထိုက်ပါသည်။