ပြည်နယ် အရေးပေါ်အခြေအနေများအတွက် California Governor’s Office of Emergency Services

kaiMarch 13, 20267min00

California ပြည်နယ်အတွင်း အရေးပေါ်အခြေအနေများ ကြုံတွေ့လာပါက Californians များ ရင်ဆိုင်နိုင်ရန် ကြိုတင်ပြင်ဆင်ရမည့် အချက်များအတွက် California Governor’s Office of Emergency Services (CalOES) ကို ၁၉၄၃ ခုနှစ်က State War Council တွင် စတင်တည်ထောင်ခဲ့ပြီး အရေးပေါ်အခြေအနေများကို ထိန်းသိမ်းမှုများ တိုးမြှင့်ခဲ့ကာ ၁၉၇၀ တွင် တရားဝင်ရပ်တည်ခဲ့သည်။

California Governor Newsom က ဘတ်ဂျက် ဒေါ်လာ သန်း ၅၀ ရင်းနှီးကာ အရေးပေါ်အခြေအနေများအတွက် Listos California (https://www.listoscalifornia.org/) ကို ၂၀၁၉ တွင် တည်ထောင်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် CalOES ၏ Pilot Program ဖြစ်လာခဲ့သည်။ ဆွေးနွေးပွဲတွင် Matt Notley (Deputy Director of Crisis Communication & Public Affairs) က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး CalOES မှ Sonya Harris (Senior Advisor) က သဘာဝဘေးအန္တရာယ်များအတွက် ပြင်ဆင်ရန်နှင့် Listos California အကြောင်းကို အသေးစိတ် တင်ပြခဲ့သည်။

California ၏ သဘာဝဘေးအန္တရာယ်များနှင့် ဘေးအန္တရာယ်များ

California ၏ သဘာဝဘေးအန္တရာယ်များမှာ:

  • အစွန်းရောက် ရာသီဥတုအခြေအနေများ
  • တောမီး၊ ငလျင်၊ ဆူနာမီ
  • Power Outage (လျှပ်စစ်ပြတ်တောက်ခြင်း)
  • ရေကြီးခြင်း၊ Fast and Cold Water
  • Hazardous materials (HAZMAT) အန္တရာယ်ရှိသော ပစ္စည်းများ
  • လူကြောင့်ဖြစ်သော အန္တရာယ်များ (Cyber attacks နှင့် Human Trafficking လူကုန်ကူးခြင်း)

Human Trafficking (လူကုန်ကူးခြင်း) အတွက် CalOES သည် Bay Area ရှိ Super Bowl ၌ Human Trafficking Taskforce များ ရှိနေစေခြင်း၊ Law Enforcement Agencies များကို အကူအညီပေးကာ Bay Area တွင် Operation စစ်ဆင်ရေးပေါင်း ၄၀ ကို ပြုလုပ်ခဲ့သည်။ အဆိုပါ အခြေအနေများအတွက် အများပြည်သူ သိသင့်သိထိုက်သော အရင်းအမြစ်များကို CalOES ၏ မတ်လ ၅ ရက်၊ ၂၀၂၆ Sacramento အလုပ်ရုံဆွေးနွေးပွဲမှ ဖော်ပြလိုက်ပါသည်။


၁။ သတင်းအချက်အလက်များကို ခွဲခြားဆန်းစစ်ခြင်း

အရေးပေါ်အခြေအနေများ ကြုံတွေ့ရသောအခါ ပထမဆုံး သတိပြုရမည့်အချက်မှာ သတင်းမှန်၊ မမှန် ခွဲခြားရန် ဖြစ်သည်။

  • Misinformation: သတင်းမှန်ကို သေချာမသိသဖြင့် ထင်ရာမြင်ရာကို အရင်းအမြစ်ခိုင်မာမှုမရှိဘဲ ရေးသားဖြန့်ဝေခြင်း။
  • Disinformation: ရည်ရွယ်ချက်ရှိစွာဖြင့် ကောလဟာလသတင်းများကို ဖြန့်ဝေခြင်း (ဥပမာ – AI ဖြင့် ဖန်တီးထားသော Hollywood ဆိုင်းဘုတ်ကြီး မီးလောင်နေသည့်ပုံ သို့မဟုတ် ဗီဒီယိုများ)။

CalOES ၏ ထုတ်ပြန်ချက်အရ Social Media ပေါ်ရှိ ရေးသားမှု ၆၈% သည် အရင်းအမြစ်မခိုင်မာသော ကောလဟာလများဖြစ်ပြီး ၂၂% သည် လုပ်ကြံသတင်းများ ဖြစ်သည်။ သတင်းမှားများသည် သတင်းမှန်ထက် ပျံ့နှံ့နှုန်း ၆ ဆ ပိုမြန်သဖြင့် အောက်ပါအတိုင်း ခွဲခြားပါ။

  1. ဌာနပိုင်းဆိုင်ရာမှ တရားဝင် ထုတ်ပြန်ချက်များကို ဖတ်ရန်။
  2. အချက်အလက် မှန်၊ မမှန်ကို www.caloes.ca.gov တွင် စစ်ဆေးရန်။

၂။ အရေးပေါ်အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားရမည့် (၅) ချက်

၁။ သတိပေးချက်များ ရယူရန် (Stay Informed) အောက်ပါ Website များတွင် မိမိ၏ နေရာဒေသအလိုက် သတိပေးချက်များ ရရှိရန် Sign Up လုပ်ထားပါ။

၂။ အစီအစဉ်ဆွဲထားခြင်း (Make a Plan)

  • အရေးပေါ် ဆက်သွယ်ရမည့်သူများနှင့် ဌာနဖုန်းနံပါတ်များကို မှတ်သားထားပါ။
  • မိသားစုဝင်များ လူစုကွဲနေချိန် ဘေးအန္တရာယ်ကြုံပါက မည်သည့်နေရာတွင် ပြန်ဆုံမည်ကို ကြိုတင်သတ်မှတ်ထားပါ။
  • အိမ်မှ ထွက်ခွာရခြင်း (Evacuation) အတွက် ကြိုတင်ပြင်ဆင်ပါ။

၃။ Go Bag (အရေးပေါ်အိတ်) ပြင်ဆင်ရန်

  • အရေးကြီး မှတ်တမ်းမှတ်ရာများ၊ သော့များ၊ ပိုက်ဆံအိတ်၊ ဖုန်း၊ အားသွင်းဘက်ထရီ၊ ဆေးနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများကို အိတ်တစ်လုံးတည်းတွင် စုထည့်ထားပါ။

၄။ Stay-Box (အိမ်တွင်းနေထိုင်ရန်အိတ်) ပြင်ဆင်ရန်

  • အိမ်မှ ထွက်၍မရသော အခြေအနေအတွက် ပုပ်သိုးမလွယ်သော အစားအစာများ၊ သောက်ရေ၊ ဆေး၊ ဓာတ်မီး၊ အမှိုက်အိတ်များကို (၃) ရက်စာ စုဆောင်းထားပါ။

၅။ အချင်းချင်း ကူညီဖေးမရန် (Help Each Other)

  • အိမ်နီးချင်းများနှင့် ဖုန်းနံပါတ်လဲထားပါ။ ဘေးအန္တရာယ် ကျရောက်ချိန်တွင် အားအင်နည်းသူများ (သက်ကြီးရွယ်အိုနှင့် ကလေးများ) ကို ကူညီရန် တိုင်ပင်ထားပါ။

၃။ သဘာဝဘေး ကျရောက်နေစဉ် လိုက်နာရန်

  • စိတ်ကို တည်ငြိမ်အောင်ထားပြီး ဒေသတွင်းရဲတပ်ဖွဲ့၊ မီးသတ်ဌာနနှင့် တာဝန်ရှိသူများ၏ ညွှန်ကြားချက်ကို လိုက်နာပါ။
  • သတ်မှတ်ထားသော ကယ်ဆယ်ရေးစခန်း (Shelter) များသို့ သွားပါ။
  • အခြေအနေအလိုက် ပြင်ဆင်မှုများ ကွဲပြားနိုင်သည်ကို သတိပြုပါ။ (ဥပမာ – တောမီးလောင်လျှင် လမ်းပိတ်ဆို့မှု မရှိသော လမ်းကို ရွေးချယ်ရန်၊ Cyber Attack ဖြစ်ပါက အင်တာနက်မရနိုင်သဖြင့် စာရွက်မြေပုံ ဆောင်ထားရန်၊ Credit Card သုံးမရပါက ငွေသားဆောင်ထားရန်)။

၄။ လူတိုင်းအတွက် CalOES

California တွင် လူဦးရေ ၃၉ သန်းကျော် နေထိုင်ပြီး ၎င်းတို့အနက် ၂၇% သည် ပြောင်းခိုသူ (Refugee) များ ဖြစ်ကြသည်။ CalOES သည် မည်သည့်နေထိုင်ခွင့် အဆင့်အတန်း၊ မည်သည့် ဝင်ငွေရှိသူမဆို၊ လူမျိုးမရွေး Californians အားလုံးကို အညီအမျှ ထောက်ပံ့ပေးသည်။ Listos California တွင် မြန်မာဘာသာ အပါအဝင် ဘာသာစကား ၂၀ ကျော်ဖြင့် လမ်းညွှန်ချက်များ ထုတ်ပြန်ပေးထားပါသည်။

သတိပေးချက် – FBI ၏ ထုတ်ပြန်ချက်အရ California ကမ်းရိုးတန်းအနီးရှိ သင်္ဘောတစ်စီးပေါ်မှနေ၍ ဒရုန်းများ (UAVs) ဖြင့် တိုက်ခိုက်လာနိုင်ခြေရှိကြောင်း မတ်လ ၁၂၊ ၂၀၂၆ တွင် သတိပေးထားသည်။ အသေးစိတ် အချက်အလက်များကို အတိအကျ မသိရသေးသော်လည်း အရေးပေါ်အခြေအနေအတွက် အထက်ပါအတိုင်း ကြိုတင်ပြင်ဆင်ထားကြရန် တိုက်တွန်းအပ်ပါသည်။

Leave a Reply

Your email address will not be published.