၂၀၂၆ ကြားဖြတ်ရွေးကောက်ပွဲ – ဗဟိုအစိုးရနှင့် ပြည်နယ်များအကြား အားပြိုင်မှုများ ပြင်းထန်လာ

kaiFebruary 18, 20263min00

SweSwe Aye ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ

၂၀၂၆ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ အမေရိကား ဒီမိုကရေစီ၏ စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဗဟိုအစိုးရနှင့် ပြည်နယ်အာဏာပိုင်များအကြား ဥပဒေရေးရာနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အားပြိုင်မှုများ ပြင်းထန်စွာ ပေါ်ပေါက်လျက်ရှိသည်။ American Community Media က ဦးစီးပြီး ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၆၊ ၂၀၂၆ က ကျင်းပခဲ့သည်။

Department of Justice (DOJ) သည် ပြည်နယ်အားလုံးနီးပါးနှင့် ဝါရှင်တန်ဒီစီတို့ထံမှ ပြည်နယ်အဆင့် မဲပေးသူစာရင်းများ အပါအဝင် ရွေးကောက်ပွဲဆိုင်ရာ လျှို့ဝှက်မှတ်တမ်းများ၊ အချို့သော ကိစ္စရပ်များတွင် ယခင်ရွေးကောက်ပွဲများမှ မဲလက်မှတ်များနှင့် ရွေးကောက်ပွဲဆိုင်ရာ စက်ပစ္စည်းများကိုပါ လွှဲပြောင်းပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်ကို လိုက်နာရန် ငြင်းဆန်သည့် ပြည်နယ် ၂၀ ကျော်နှင့် ဝါရှင်တန်ဒီစီတို့ကို ဖယ်ဒရယ်အစိုးရက တရားစွဲဆိုထားပြီးဖြစ်သည်။

ဖယ်ဒရယ်အစိုးရ၏ ဤကဲ့သို့ ပြင်းထန်သော လုပ်ဆောင်ချက်များသည် အစိုးရမှ အာဏာကျော်လွန် သုံးစွဲမှု ရှိ၊ မရှိ၊ မဲပေးသူများ၏ ကိုယ်ရေးကိုယ်တာ လုံခြုံမှုနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်များ၏ ရွေးကောက်ပွဲ စီမံခန့်ခွဲခွင့် အခန်းကဏ္ဍတို့အပေါ် နိုင်ငံအဆင့် အငြင်းပွားမှုများကို ဖြစ်ပေါ်စေခဲ့သည်။


စျေးကွက်ရှာ လုပ်ဆောင်ချက် နှင့် လက်တွေ့ အာဏာသက်ရောက်မှု

ဆွေးနွေးပွဲတွင် ဥပဒေကျွမ်းကျင်သူများက လက်ရှိအစိုးရ၏ ပြောဆိုချက်အများစုကို အုပ်ချုပ်ရေးအဖွဲ့ (Executive branch) တွင် တရားဝင်မရှိသော အာဏာကို ရှိသယောင် ပြသနေသည့် “စျေးကွက်ရှာခြင်း (Marketing)” လုပ်ဆောင်ချက်အဖြစ်သာ သတ်မှတ်ခဲ့ကြပါသည်။

Justin Levitt (Professor of Law, Loyola Law School – LMU; former White House Senior) က –

“အမေရိကားရဲ့ ရွေးကောက်ပွဲ စနစ်က တခြားလုပ်ငန်းစဉ်တွေနဲ့ မတူပါဘူး။ သမ္မတမှာ ရွေးကောက်ပွဲကို ထိန်းချုပ်နိုင်တဲ့ လက်တွေ့ကျတဲ့ အာဏာမရှိပါဘူး။ သူက အဓိက အုပ်ချုပ်သူမဟုတ်ပါဘူး။ ရွေးကောက်ပွဲကို တကယ်တမ်း စီမံခန့်ခွဲနေတဲ့ ပြည်နယ်နဲ့ ဒေသခံ အာဏာပိုင်တွေက သမ္မတရဲ့ ပြောဆိုချက်တွေကို လျစ်လျူရှုထားတာက အလွယ်ကူဆုံး တုံ့ပြန်မှု ဖြစ်နေပါတယ်” ဟု ပြောကြားခဲ့သည်။

Levitt က ဖယ်ဒရယ်အစိုးရသည် မဲပေးသူများ၏ အချက်အလက်များကို စုဆောင်းရန် ကြိုးပမ်းနေသော်လည်း ပြည်နယ်များက တရားရုံးတွင် အောင်မြင်စွာ ခုခံတိုက်ပွဲဝင်နေခြင်းကြောင့် ထိုကြိုးပမ်းချက်များသည် လက်တွေ့တွင် အရာမထင်ကြောင်း မှတ်ချက်ပြုခဲ့ပါသည်။


ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကာအကွယ်အဖြစ် တရားရုံးများ

မဲပေးပိုင်ခွင့်ဆိုင်ရာ ရှေ့နေများက တရားစီရင်ရေးကဏ္ဍသည် အစိုးရအဖွဲ့၏ အာဏာကျော်လွန်မှုအပေါ် ခိုင်မာသော အကာအကွယ်အဖြစ် ဆက်လက်ရှိနေကြောင်း အလေးပေးပြောကြားခဲ့ပါသည်။ Campaign Legal Center မှ မဲပေးပိုင်ခွင့်ဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Danielle Lang က ခရိုင်တရားသူကြီးတစ်ဦး၏ စာမျက်နှာ ၁၀၀ ပါ ဆုံးဖြတ်ချက်ကို ထောက်ပြခဲ့ပြီး ထိုဆုံးဖြတ်ချက်တွင် သမ္မတ၌ ရွေးကောက်ပွဲ စည်းမျဉ်းများ သတ်မှတ်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အာဏာမရှိကြောင်း အတိအလင်း ဖော်ပြထားပါသည်။

Lang က “ကျွန်ုပ်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အဲ့ဒီအာဏာကို ကျင့်သုံးခွင့်ရှိတဲ့ အဖွဲ့အစည်း နှစ်ခုပဲ ရှိပါတယ်။ အဲ့ဒါတွေကတော့ ပြည်နယ်အစိုးရတွေနဲ့ လိုအပ်သလို ဥပဒေသတ်မှတ်နိုင်တဲ့ လွှတ်တော် (Congress) တို့ပဲ ဖြစ်ပါတယ်” ဟု ရှင်းလင်းပြောကြားခဲ့ပါသည်။


လူနည်းစု အသိုက်အဝန်းများအပေါ် သက်ရောက်မှု

“Save America Act” နှင့် “Make Elections Great Again (MEGA) Act” ကဲ့သို့သော ဥပဒေသစ်များသည် နိုင်ငံသားဖြစ်ကြောင်း တင်းကျပ်သော အထောက်အထားများ ပြသရန် တောင်းဆိုခြင်းအားဖြင့် လူသန်းပေါင်းများစွာ၏ မဲပေးခွင့်ကို ဆုံးရှုံးစေနိုင်ကြောင်းကိုလည်း ဆွေးနွေးခဲ့ကြပါသည်။

Andrea Senteno (DC Regional Counsel, MALDEF) က ဤအတားအဆီးများသည် Latino များနှင့် အခြားသော လူနည်းစုမဲဆန္ဒရှင်များကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း သတိပေးခဲ့ပါသည်။ “မွေးစာရင်းနဲ့ နိုင်ငံသားဖြစ်ခွင့် အထောက်အထားတွေကို ရရှိဖို့က ခက်ခဲပါတယ်။ ဒီစာရွက်စာတမ်းတွေကို ရနိုင်မှုဟာ လူမျိုးစုအလိုက် တန်းတူညီမျှမှု မရှိပါဘူး” ဟု Senteno က ဆိုပါသည်။


အာရှနွယ်ဖွား အမေရိကန်များနှင့် Latino လူမျိုးစုများ၏ ‌ရွေးကောက်ပွဲကဏ္ဍအရေးပါမှု

အာရှနွယ်ဖွား အမေရိကန်များနှင့် Latino လူမျိုးစုများသည် အမေရိကား၏ ရွေးကောက်ပွဲ ကဏ္ဍတွင် အရေးပါသော အင်အားစုများ ဖြစ်လာနေကြသည်။ Asian Americans Advancing Justice (AAJC) ၏ ဥက္ကဋ္ဌ John C. Yang က –

“၂၀၂၀ ရွေးကောက်ပွဲတုန်းက မဲပေးခဲ့ကြတဲ့ အာရှနွယ်ဖွား အရေအတွက်ဟာ သမ္မတလောင်းတွေရဲ့ အနိုင်အရှုံး ကွာဟချက်ထက်တောင် ပိုများနေတာကို တွေ့ရပါတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ မဲတစ်ပြားဟာ တကယ့်ကို အဆုံးအဖြတ်ပေးနိုင်တဲ့ အင်အားရှိတယ်ဆိုတာ ထင်ရှားပါတယ်။” ဟု ဆိုသည်။

၂၀၁၀ နှင့် ၂၀၂၀ ကြားတွင် ၃၈ ရာခိုင်နှုန်းကျော် တိုးတက်လာသည့် အာရှနွယ်ဖွား အမေရိကန် မဲဆန္ဒရှင်များ၏ သြဇာအာဏာနှင့် ပတ်သက်သည့် စာရင်းဇယားများကို တင်ပြခဲ့ရာ အာရှနွယ်ဖွား မဲဆန္ဒရှင် အရေအတွက်မှာ ၂၀၁၆ နှင့် ၂၀၂၀ ခုနှစ်ကြားတွင် ၃၇ ရာခိုင်နှုန်းအထိ သိသိသာသာ မြင့်တက်လာခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် အာရှနွယ်ဖွား ၈ ဦးလျှင် ၁ ဦးနှုန်းမှာ ပထမဆုံးအကြိမ် မဲပေးခဲ့သူများ ဖြစ်ကြသည်။

အလားတူပင် Latino လူမျိုးစုများသည်လည်း ၂၀၁၀ နှင့် ၂၀၂၀ ခုနှစ်ကြား အမေရိကား၏ စုစုပေါင်း လူဦးရေ တိုးတက်မှုနှုန်းတွင် ၅၁ ရာခိုင်နှုန်းအထိ ပါဝင်နေပြီး နှစ်စဉ် လက်တင်နို ၁.၈ သန်းခန့်မှာ မဲပေးပိုင်ခွင့်ရှိသည့် အသက်အရွယ်သို့ ရောက်ရှိလာနေသောကြောင့် ၎င်းတို့၏ မဲဆန္ဒရှင် အင်အားမှာလည်း စဉ်ဆက်မပြတ် ကြီးထွားလာနေသည်။

“အမေရိကား၏ အခြေခံအကျဆုံး မူဝါဒကတော့ မဲပေးခြင်းဟာ အခွင့်ထူးခံရယူမှု မဟုတ်ဘဲ နိုင်ငံသားတိုင်းအတွက် ‘အခွင့်အရေး’ တစ်ရပ်ဖြစ်တယ်ဆိုတာကို ကျနော် အမြဲတမ်း အလေးပေး ပြောကြားလိုပါတယ်” ဟု Yang က ပြောကြားခဲ့ပါသည်။