California’s November 4 special election အတွက် California’s Secretary of State ၏ လမ်းညွှန်ချက်များ။ by SweSwe Aye

kaiOctober 24, 20254min00

ယခုလာမည့် နိုဝင်ဘာ ၄၊ ၂၀၂၅ တွင် California ပြည်နယ်တခုလုံးမှာ California’s November 4 special election ရှိပါသည်။ ထို ရွေးကောက်ပွဲမှာ ပြည်နယ်တွင်း မဲဆန္ဒနယ် နယ်နမိတ်များပြန်လည်ရေးဆွဲမည့် Proposition 50 ကို ထောက်ခံ/ကန့်ကွက်မဲပေးရန် အဓိကထားပြီး ကျင်းပခြင်းဖြစ်သည်။ California Secretary of State နှင့် American Community Media က ပူးပေါင်းပြီး Dr. Shirley Weber, California’s Secretary of State က 2025 Statewide Special Election အကြောင်းကို ဆွေးနွေးပွဲကို အောက်တိုဘာ ၂၁ က ပြုလုပ်ခဲ့ပြီး မဲပေးခြင်းလမ်းညွှန်ချက်များနှင့် ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေးတို့ကို ဆွေးနွေးခဲ့ရာ Pilar Marrero က ကြားခံဆွေးနွေးသူအဖြစ်ဆောင်ရွက်ခဲ့သည်။


စာတိုက်မှ မဲပြားပေးပို့ခြင်း

မှတ်ပုံတင်ထားသော မဲဆန္ဒရှင်တိုင်းသည် မဲပြားကို စာတိုက်ဖြင့် လက်ခံရရှိကြသည်။ (County Election Officials များသည် အောက်တိုဘာ ၆၊ ၇ (သို့) ထို့ထက်စောပြီး မဲပြားများကို စာတိုက်မှ ပေးပို့ကြသည်။) Dr. Weber က စာတိုက်မှ မဲပေးသူများကို သတိပေးထားသည်မှာ စာတိုက်မှ စာပို့ခြင်း နောက်ကျခြင်း မဖြစ်စေရန် ကြိုတင်မဲပေးကြရန် တိုက်တွန်းခဲ့ပြီး၊ ရွေးကောက်ပွဲနေ့တွင် စာတိုက်သို့သွားပြီး မဲပြားပါသောစာအိတ်ကိုပေးပါက စာတိုက်ထဲကိုဝင်ပြီး စာပို့သည့်နေ့စွဲအတိအကျကို ဖော်ပြသော envelope date-stamped (postmark) လုပ်ပေးဖို့ စာတိုက်မှာ တောင်းဆိုရန် ပြောကြားခဲ့သည်။

ယခုချိန်ထိ ကြိုတင်မဲ မဲပြားပေါင်း ၂ သန်းခွဲကို လက်ခံရရှိခဲ့ကြောင်းလဲ Dr. Weber က ပြောကြားခဲ့သည်။

မဲပုံးများ

လုံခြုံသော၊ ဖွင့်ခြင်း၊ ဖျက်ဆီးခြင်းများ ရှိလျင် သိသာထင်ရှားစေသော မဲပုံးများ ကို ပြည်နယ်အနှံ့တွင် ထားရှိသည်။

မဲပေးသောနေ့မှာ မဲရုံမှာ နေ့ချင်းပြီး မှတ်ပုံတင်ခြင်း

မဲပေးရန် မှတ်ပုံမတင်ရသေးသော မဲဆန္ဒရှင်များ၏ နောက်ဆုံး မှတ်ပုံတင်ရက်မှာ အောက်တိုဘာ ၂၀၊ ၂၀၂၅ ဟု သတ်မှတ်ထားသော်လဲ မှတ်ပုံမတင်ရသေးသော မဲဆန္ဒရှင်များသည် ရွေးကောက်ပွဲနေ့တွင် မဲရုံများမှာ နေ့ချင်းပြီး စာရင်းပေးသွင်းနိုင်ပြီး “provisional ballot” မဲအမျိုးအစားတွင် အကျုံးဝင်သော မိမိတို့၏ ဆန္ဒမဲကို ပေးနိုင်သည်။

လူကိုယ်တိုင် မဲပေးခြင်း

အောက်တိုဘာ ၂၅ မှ စပြီး နိုဝင်ဘာလ ၄ ရက်နေ့အထိ ရက်ပေါင်း ၁၁ ရက်မှာ မဲရုံများမှာ လူကိုယ်တိုင် မဲပေးနိုင်သည်။


မဲဆန္ဒရှင်များ၏ မဲပေးပိုင်ခွင့်

Dr Weber က မဲဆန္ဒရှင်တိုင်းသည် မဲပြား စုတ်ပြဲ၊ ပျက်စီးပါက အစားထိုးမဲပေးရန် တောင်းဆိုပိုင်ခွင့်ရှိကြောင်း ပြောကြားခဲ့သည်။ English သာမက အသိအမှတ်ပြု ဘာသာစကား ၉ မျိုး (Spanish, Chinese, Hindi, Japanese, Khmer, Korean, Tagalog, Thai, Vietnamese) ရှိရာ ထိုဘာသာစကားဖြင့် မဲပေးလိုသူများက မိမိ ကျွမ်းကျင်ရာ ဘာသာစကားအလိုက် မဲပေးနိုင်သည်။

တစုံတဦးကို မဲပေးစဉ် အဖော်ခေါ်လိုပါက ခေါ်လာနိုင်သည်။ (အလုပ်ရှင် သို့မဟုတ် Union representatives များကို ခေါ်လာခွင့် မရှိပါ။) ပြည့်စုံအောင် ဖြည့်စွတ်ပြီးသော မဲပြားကို California ပြည်နယ်အတွင်း မည်သည့် မဲပုံးမှာမဆို ထည့်နိုင်သည်။ ပြည့်စုံအောင် ဖြည့်စွတ်ပြီးသော မဲပြားကို ဆန္ဒမဲပေးနိုင်သော မဲရုံများမှာမဆို မဲရုံများထဲရှိ မဲပုံးများမှာ ထည့်နိုင်သည်။

ရွေးကောက်ပွဲ လေ့လာသူများ

မဲရေခြင်း အဆင့်ဆင့်ကို သတ်မှတ်ထားသော စည်းမျဉ်းများအတိုင်း လေ့လာနိုင်သော်လဲ မဲပြားများကို ကိုင်ခြင်း၊ ဖတ်ခြင်းများ ပြုလုပ်ခွင့် မရှိဘဲ election workers များကို နှောက်ယှက်ခြင်းကို တားဆီးထားကြောင်း ပြောကြားခဲ့သည်။


သတင်းမှားများကို ဖြေရှင်းခြင်း

မဲပြားထည့်ထားသော စာအိတ်များမှာ အပေါက်များပါနေသဖြင့် မဲပြားတွင်းကို ချောင်းကြည့်၍ ရနေသည်ဆိုသော သတင်းမှားသည် လူပြောများသော လုပ်ကြံဖန်တီး သတင်းမှား ဖြစ်ကြောင်း Dr. Weber က ပြောကြားခဲ့သည်။ “ အပေါက်ဖောက်ထားတယ်ဆိုတာက မျက်စိအမြင် ချို့တဲ့တဲ့ မဲဆန္ဒရှင်တွေအတွက် သူတို့ အဆင်ပြေဖို့ မဲပြားတွေရဲ့ စာအိတ်မှာ အပေါက်ဖောက်ထားပေးတာ ဖြစ်ပါတယ်။ တချို့ county တွေမှာ ထုတ်ပေးတဲ့ မဲပြားတွေရဲ့ စာအိတ်တွေမှာ အပေါက်တွေ ဖောက်ထားတာက မဲပြားကို မပြဲစေဘဲ စာအိတ်ဖောက်လွယ်စေဖို့ ဖြစ်ပါတယ် ” ဟု သူမက ရှင်းပြခဲ့သည်။ California’s vote-by-mail envelopes များတွင် Counties အများစုမှာ ဖောက်စက်ဖြင့် ဖောက်ထားသော အဝိုင်းပေါက်များသည် အမြင်အာရုံ ချို့တဲ့သော မဲဆန္ဒရှင်များအတွက် သူတို့ လက်မှတ်ထိုးရမည့်နေရာမှာ လက်ဖြင့် ထိတွေ့ပြီး သေချာသိနိုင်ဖို့ ၂၀၀၈ ခုနှစ်မှစပြီး ဖန်တီးပေးထားခြင်းဖြစ်သည်။

Sacramento တွင် လတ်တလော ဖြစ်ခဲ့သော မဲခိုးမှုအကြောင်းကို Dr. Weber က ရှင်းပြခဲ့ပြီး ” အဲ့ဒီ့ မဲပြားတွေကို ဖျက်ဆီးခဲ့ပြီး အသစ်ပြန်ထုတ်ပေးခဲ့တယ်။ သင်တို့ မဲပြားတွေကို မရသေးဘူးဆိုရင် ကျမတို့ ရုံးကို အမြန်ဆုံး ဆက်သွယ်ပါ” ဟု ဆိုသည်။

ရွေးကောက်ပွဲ၏ လုံခြုံမှု

ရွေးကောက်ပွဲမှာ လုံခြုံမှုရှိဖို့ California’s Attorney General နှင့် ရွေးကောက်ပွဲ ဥပဒေ အကျိုးဆောင်များနှင့်အတူတူ အလုပ်လုပ်ကာ စိန်ခေါ်မှုများကို တုန့်ပြန်ကြောင်း Dr. Weber က အတည်ပြု ပြောကြားခဲ့သည်။ “ကျမရဲ့ နာမည်နဲ့ တရားစွဲတာတွေက ရာချီတယ်။ ဒါပေမယ့် ကျမတို့က အမြဲတမ်း ကြိုတင် ပြင်ဆင်ထားတယ်” ဟု Dr. Weber က ဆိုသည်။ California ၏ စနစ်သည် နိုင်ငံအတွင်း အလုံခြုံဆုံးဖြစ်ပြီး မဲများကို မှန်ကန်စွာ ရေတွက်ရန် လိုအပ်သည့်အချိန်ကို အကာအကွယ်ပေးထားကြောင်း သူမက အလေးပေး ပြောကြားခဲ့သည်။ “ရွေးကောက်ပွဲတိုင်းမှာ အကျိုးဆက်တွေ ရှိပါတယ်။ သင်တို့ရဲ့ စွမ်းအားကို မစွန့်လွှတ်လိုက်ပါနဲ့။”

မဲပေးပိုင်ခွင့်ရှိသူများထဲမှ မဲပေးသော လူရာခိုင်နှုံး

မဲပေးပိုင်ခွင့်ရှိသူများထဲမှ မဲပေးသော လူရာခိုင်နှုံး နည်းမည်ကို စိုးရိမ်မှုများအတွက် Dr. Weber က ရွေးကောက်ပွဲတိုင်းမှာ အကန့်အသတ်ခံ အသိုင်းအဝိုင်းများ (marginalized communities) များ၊ သည် မဲပေးဖြစ်အောင် ပေးသင့်သည်ဟု ပြောကြားခဲ့သည်။ လူမျိုးစုများသည် မိမိတို့ ကွန်မြူနတီအတွက် မဲပေးကြရန် အရေးကြီးလှသည်။ ” ပါဝင်တယ်ဆိုတာဟာ ကိုယ်စားပြုခြင်းကို ခိုင်မာအောင် လုပ်ပေးတာပဲ။ သင်တို့ရဲ့ အသံကို ကြားအောင် လုပ်ပြီး California ရဲ့ နိုင်ငံရေးနဲ့ တနိုင်ငံလုံးရဲ့ နိုင်ငံရေးမှာ လွှမ်းမိုးနိုင်ဖို့ သင်တို့ရဲ့ အသံကို ပေးပါ” Dr. Weber က ပြောကြားခဲ့သည်။ Dr. Weber ၏ ရှေ့မျိုးဆက်များသည် နှစ် ၂၀၀ ခန့်က US တွင် အခြေချခဲ့သူများဖြစ်သော်လဲ မဲပေးခွင့် မရခဲ့ကြကြောင်း၊ သူမ၏ ဖခင်သည် မဲစာရင်းပေးရန် ကန့်သတ်ချက်များကြောင့် ထိုခေတ် ထိုကာလများတွင် မဲမပေးခဲ့ရဘဲ သူမသည် second generation voter ဖြစ်ကြောင်းကို ပြောပြခဲ့သည်။

“Where’s My Ballot?” – မိမိ ထည့်လိုက်သော မဲပြား ဘယ်ကို ရောက်နေသလဲဆိုသော ခြေရာခံ စနစ်

မဲပေးထားသောသူများသည် မိမိ ထည့်လိုက်သော မဲပြား ဘယ်ကို ရောက်နေသလဲဆိုသော ခြေရာခံ စနစ်အကြောင်းကို Dr. Weber က ရှင်းပြခဲ့သည်။ မဲပေးသူများသည် hotline နံပါတ် 1-800-345-VOTE ကို ဆက်သွယ်ပြီး ဖြစ်စေ၊ https://www.sos.ca.gov/elections/ballot-status/wheres-my-ballot ဝက်ဆိုက်ရှိ https://california.ballottrax.net/voter/ တွင် sign up စာရင်းသွင်းကာ မိမိ ထည့်လိုက်သော မဲပြား ဘယ်အချိန်မှာ လက်ခံရရှိသလဲ၊ ဘယ်အချိန်မှာ ရေတွက်နေသည်လဲဆိုသည်ကို စနစ်တကျ ခြေရာခံ လိုက်နိုင်ပါသည်။