လွန့်လွန့်လူးလှိမ့် လွမ်းလို့လေ… (ပုလဲတစ်တန့် သန္တာတစ်တန့်) ရွက်ရင့်ရော်ရီ၊ မြိုင်တောဆီမှ၊ တွယ်တာတတမ်း၊ သဇင်ပန်းကို၊ လှမ်းလင့်လိုလည်း၊ ရင်ဖိုဆဲလေ၊ ဖွဖွဖြေဖျောက်၊ ဆည်းဆာရောက်မူ၊ ပါးပြင်ပူပြန်၊ သန်းခေါင်ယံည၊ ကောင်းကင်ကကြယ်၊ ခြွေခူးလွယ်မည်၊ တိုးတိတ်တီတာ၊ ဖြေဆည်ရာတေး၊ ဆိတ်ဆိတ်ဆွေးဆဲ၊ တွေဝေကဲမှ၊ ကြယ်ကြွေကျကောက်၊ အလင်းပျောက်သော်၊ မူးမေ့မျှော်မိ၊ ဖြေမချိသူ၊ ဖြိုးဖြဖြူဖွေး၊ လမင်းဝေးမှ၊ ခိုးခြွေချခိုက်၊ နှလုံးရှိုက်သံ၊ ကြေကွဲကံကြွေး၊ ညတရေးနိုး၊ ပျပျပြိုးပြက်၊ ရင်တွယ်ယှက်လှိုင်း၊ မိုးမြေမှိုင်းမှုန်၊ သည်တိုင်းတုန်စေ၊ လွမ်းလို့လေလွင့်၊ ကြွေနိုင်ခွင့်လှမ်း၊ နွေနှယ်နွမ်းနုံး၊ ရာသက်လုံးဆူ၊ ပိုပြန်ပူပင်၊ သည်ရင်ခွင်ရူး၊ လွန့်လွန့်လူးလှိမ့် လွမ်းလို့လေ…။ ။ တောက ကိုရင် ၁၂.၀၄.၂၀၁၃ (ကိုဟယ်ရီ၏ နွေနှယ်နုန်းနုန်း နွမ်းနယ်နေ ကို တုယူရေးသားပါသည်..။) နွေနှယ်နုန်းနုန်း နွမ်းနယ်နေ ပျိုးပျိုးပြက်ပြက်၊ တခဲနက်နှင့်၊ လက်လက်လင်းလင်း၊ ရွှေအဆင်းသို့၊ ဝိုးဝင်းဝါဝင့်၊ ရုပ်လွှာတင့်သည်၊ မြမြင့်မိုးမှ၊ ကြယ်စင်ညတွင်၊ လင်းလှလျှပ်လက်၊ ပန်းနွယ်ခက်သို့၊ နံနက်နှင်းနု၊ လှရည်ဥရာ ပြာပြာပျို့ပျို့၊ ကိုယ်ဟန်မို့နှင့်၊ ညို့ညက်ညှင်းညှင်း၊ နုသားဝင်းခြယ်၊ နေနတ်နွယ်နန်း၊ ဖြစ်တည်လွှမ်းသို့၊ မြင့်မြန်းမွှေးမြ၊ ပန်းအလှဆင်း၊ သီသင်းသံသာ၊ နှုတ်လွှာမှာလွင့်၊ ဖြိုးဖျာဖျောက်ဖျောက်၊ နှင်းရည်ပေါက်နှယ်၊ ဖွေဖေါက်ဖြေဖျော်၊ ချစ်ခွင့်ပေါ်နိုး၊ မှန်းမျှော်မိမင့်၊ လွမ်းတေးဆင့်ကာ၊ ရော်ရင့်ရက်ရှည်၊ ကြာလေလေဝေး၊ ထွေးထွေးထက်ထက်၊ ချစ်မြသက်သည်၊ လက်လက်လျှပ်လို၊ ဝေးရာကိုဖယ်၊ မုန်းမယ်မာန်မူ၊ ခွာရှောင်သူရေ၊ […]
