ဒေါ်နယ်ထရမ့်ခေတ်အတွင်းပြည်ပရောက်လူ့အဖွဲ့အစည်းများ၏ နိုင်ငံရေး
By Myanmar Gazette
ရွှေ့ပြောင်းအခြေချသူများ (Immigrants) နှင့် ပြောင်းခိုသူများ (Refugees) ဖြင့် တည်ဆောက်ထားသော နိုင်ငံတစ်ခုတွင် နိုင်ငံခြားရေးမူဝါဒ (Foreign Policy) နှင့် ပြည်တွင်းနိုင်ငံရေးကြားက စည်းခြားနားမှုသည် ပိုမိုမှုန်ဝါးလာနေသည်။ ကျူးဘား၊ ဗင်နီဇွဲလား၊ အီရန်နှင့် အာရှနွယ်ဖွား အမေရိကား ရောက် ပြည်ပရောက်လူ့အဖွဲ့အစည်း (Diaspora Communities) များ၏ ရှုပ်ထွေးသော နိုင်ငံရေးဖြစ်ထွန်းမှုများကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်က American Community Media (ACoM) က ကျင်းပသော ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့ကြသည်။
အဆိုပါအဖွဲ့အစည်းများသည် အမေရိကား မူဝါဒများကို ပုံဖော်ရာတွင် သြဇာရှိသူများ ဖြစ်သကဲ့သို့ တစ်ခါတစ်ရံတွင် ပထဝီနိုင်ငံရေး (Geopolitics) ကစားကွက်ထဲက ခုတုံးလုပ်ခံရသည့် “နယ်ရုပ်များ” (Pawns) သဖွယ် ဖြစ်နေရကြောင်း သုံးသပ်ခဲ့ကြသည်။ နိုင်ငံတကာဆက်ဆံရေး၊ လူမှုဗေဒနှင့် အရပ်ဘက်အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူများ ပါဝင်သော အဆိုပါဆွေးနွေးပွဲတွင် ရွှေ့ပြောင်းအခြေချ မဲပေးသူများကို တစ်သားတည်းရှိသော အစုအဖွဲ့အဖြစ် မြင်ရသည့် အယူအဆကို စိန်ခေါ်ခဲ့ကြပြီး၊ ယင်းအစား မျိုးဆက်၊ လူမှုအတန်းအစားနှင့် အမေရိကန် အိမ်မက် (American Dream) အပေါ် ပြောင်းလဲလာသော မျှော်လင့်ချက်များကြောင့် ကွဲပြားနေသည့် လူ့အဖွဲ့အစည်းများအဖြစ် ပုံဖော်ခဲ့ကြသည်။
လက်တင်အမေရိကတွင် ရီပတ်ဘလစ်ကန်ဘက်သို့ ယိမ်းလာခြင်း –
ဆယ်စုနှစ်များစွာကြာအောင် ဖလော်ရီဒါ (Florida) ပြည်နယ်ရှိ ကျူးဘားနွယ်ဖွား အမေရိကန် လူ့အသိုက်အဝန်းသည် ၁၉၈၀ ပြည့်လွန်နှစ်များက သမ္မတ ရေဂင်လက်ထက်တွင် အစပြုခဲ့သည့် ဆက်နွှယ်မှုကြောင့် ရီပတ်ဘလစ်ကန်ပါတီ (Republican Party) ၏ အမာခံဖြစ်ခဲ့သည်။ Florida International University မှ နိုင်ငံရေးနှင့် နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ Eduardo Gamarra က မကြာသေးမီက မဲပေးမှုပုံစံများတွင် မယုံနိုင်စရာ ကွဲလွဲချက်များ ရှိနေကြောင်း မှတ်ချက်ပြုခဲ့သည်။
“ကျနော်တို့ Hialeah မြို့က zip codes တချို့ဟာ နိုင်ငံအတွင်း Obamacare လို့ခေါ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု (Affordable Care Act) ကို အသုံးအပြုဆုံး ဒေသတွေဖြစ်ပါတယ်” ဟု Prof. Gamarra က ဆိုသည်။ “ဒါပေမယ့် အဲဒီဒေသတွေကပဲ ထရမ့် ကို ၇၀ ရာခိုင်နှုန်းကျော် မဲပေးခဲ့ကြပါတယ်။ အမေရိကား ရဲ့ တိုးတက်သော (Progressive) မူဝါဒတွေကနေ အကျိုးအမြတ်အများဆုံး ရရှိသူတွေဟာ ရီပတ်ဘလစ်ကန်ပါတီနဲ့ ထရမ့် ကို အထောက်ခံဆုံး ဖြစ်နေတာကို တွေ့ရပါတယ်”
ဗင်နီဇွဲလားနှင့် ကျူးဘားမှ နောက်ဆုံးရောက်ရှိလာသည့် ရွှေ့ပြောင်းနေထိုင်သူများသည် ယာယီအကာအကွယ်ပေးထားသော အဆင့်အတန်း (TPS – Temporary Protected Status) သို့မဟုတ် လူသားချင်းစာနာမှုဆိုင်ရာ ခွင့်ပြုချက် (Humanitarian Parole) များမှ အကျိုးကျေးဇူး ခံစားရသော်လည်း၊ အဆိုပါ လူ့အသိုက်အဝန်းအတွင်းရှိ အခြေကျပြီးသား နိုင်ငံသားများသည် လူဝင်မှုကြီးကြပ်ရေး (Immigration) ကန့်သတ်သည့် ဟောပြောချက်များဘက်သို့ ပိုမိုယိမ်းလာလေ့ရှိကြောင်း Gamarra က ရှင်းပြသည်။
သို့သော်လည်း Caracas နှင့် Havana ရှိ အစိုးရများကို ဖြုတ်ချရန် ထရမ့် အစိုးရက ကတိပေးခဲ့သည့် အပြင်းအထန် ဖိအားပေးမှု (Maximum Pressure) နှင့် ပိတ်ဆို့မှု (Sanctions) များသည်၊ အမေရိကား က ထိုဖိနှိပ်သောအစိုးရများနှင့် ပူးတွဲအုပ်ချုပ်ရေး (Co-governance) ဆိုင်ရာ ညှိနှိုင်းမှုများ ပြုလုပ်လာသည့်အခါတွင် ဝေဝါးမှုများကို ဖြစ်ပေါ်စေခဲ့ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
အီရန် ပြည်ပရောက်လူ့အဖွဲ့အစည်း – ချမ်းသာကြွယ်ဝမှု၊ ယဉ်ကျေးမှုနှင့် အတိတ်အပေါ် ယုံကြည်ချက်များ –
အမေရိကား ရှိ အီရန် ပြည်ပရောက်လူ့အဖွဲ့အစည်းသည် မြင့်မားသော ပညာရေးနှင့် ချမ်းသာကြွယ်ဝမှုတို့ဖြင့် ထူးခြားသော်လည်း ၁၉၇၉ တော်လှန်ရေး၏ အရိပ်အယောင်များက ခြောက်လှန့်နေဆဲဖြစ်သည်။ University of Minnesota မှ မနုဿဗေဒ ဂုဏ်ထူးဆောင်ပါမောက္ခ William O. Beeman က ကာတာ (Carter) အစိုးရသည် Ayatollah Khomeini ကို မခုခံနိုင်ခဲ့ခြင်းကြောင့် လက်ရှိ ဘာသာရေးအစိုးရကို တက်လာအောင် လုပ်ပေးခဲ့သည်ဟူသော စွဲမြဲနေသည့် ယုံကြည်ချက်အကြောင်းကို ဆွေးနွေးသည်။
“ဒီမိုကရက်တစ် (Democrats) တွေနဲ့ ကာတာဟာ ဘာသာရေးအစိုးရအပေါ် ပျော့ညံ့ခဲ့ပြီး လက်တွေ့မှာ သူတို့ကို အားပေးကူညီခဲ့တယ်ဆိုတဲ့ အယူအဆဟာ အီရန်လူ့အသိုက်အဝန်းကြားမှာ အလွန်ကျယ်ပြန့်တဲ့ ယုံကြည်ချက်ဖြစ်ပါတယ်” ဟု Beeman က ဆိုသည်။
ဤယုံကြည်ချက်ကြောင့်ပင် တီဟီရန်အစိုးရအပေါ် ပိုမိုပြင်းထန်သည်ဟု ယူဆရသော ရီပတ်ဘလစ်ကန်ပါတီနှင့် ပိုမိုနီးစပ်စေခဲ့သည်။ ဘာသာရေးအစိုးရကို ဆန့်ကျင်သည့် အဖွဲ့အစည်းအမျိုးမျိုးက အီရန်တွင် သူတို့ ဦးဆောင်ရမည့် အနာဂတ်ကို မျှော်လင့်နေကြသကဲ့သို့၊ မိခင်နိုင်ငံအပေါ် သိသာထင်ရှားသော အိမ်လွမ်းစိတ် (Nostalgia) ဖြင့် ဘာသာစကားသင်တန်းများနှင့် Nowruz ကဲ့သို့သော ယဉ်ကျေးမှုပွဲတော်များကို ထိန်းသိမ်းထားကြကြောင်းလည်း သူက ဖော်ပြခဲ့သည်။
အာရှနွယ်ဖွား အမေရိကန်များ – အပယ်ခံဘဝမှ “နယ်ရုပ်များ” အဖြစ်သို့ –
ဂျာနယ်လစ်နှင့် အာရှနွယ်ဖွား အမေရိကန် အရပ်ဘက်အခွင့်အရေး လှုပ်ရှားသူ (Asian American Civil Rights Activist) တစ်ဦးဖြစ်သူ Helen Zia က အာရှနွယ်ဖွား အမေရိကန် များသည် ၁၈၈၂ ခုနှစ် ချိုင်းနား လူမျိုး ဖယ်ထုတ်ရေးအက်ဥပဒေ (Chinese Exclusion Act) ကဲ့သို့သော ဥပဒေများမှတစ်ဆင့် အမေရိကန် နိုင်ငံသားဖြစ်ခွင့်မှ တိုက်ရိုက်ဖယ်ထုတ်ခြင်း ခံခဲ့ရသည့် ပထမဆုံးအုပ်စုဖြစ်ကြောင်း သတိပေးခဲ့သည်။
“အမေရိကား – ချိုင်းနား (America-China) မူဝါဒမှာ နှာစေး၊ ချောင်းဆိုး ဖြစ်တာနဲ့ အာရှနွယ်ဖွား အမေရိကန် လူ့အသိုက်အဝန်းတွေမှာ အဆုတ်ရောင်ရောဂါ ဖြစ်လာတတ်ပါတယ်” ဟု Zia က တင်စားပြောဆိုသည်။ “အဓိက သင်ခန်းစာကတော့ ပြည်ပရောက်လူ့အဖွဲ့အစည်းတွေဟာ နိုင်ငံတကာ စွက်ဖက်မှုတွေရဲ့ ကစားကွက်ကြီးထဲမှာ ခုတုံးလုပ်ခံရတဲ့ နယ်ရုပ်တွေ ဘယ်လိုဖြစ်လာနိုင်သလဲဆိုတာပါပဲ”
ချိုင်းနား (China) ကို ရှင်သန်ရပ်တည်ရေးအတွက် ခြိမ်းခြောက်မှု (Existential Threat) အဖြစ် သတ်မှတ်ပြောဆိုနေသည့် လက်ရှိဟောပြောချက်များသည် ပြည်တွင်း၌ အမုန်းပွားမှုနှင့် အကြမ်းဖက်မှုများကို တိုက်ရိုက်ဖြစ်ပေါ်စေကြောင်း Zia က သတိပေးခဲ့သည်။ ၁၈၉၈ ခုနှစ်တွင် ချိုင်းနား နွယ်ဖွား အမေရိကန် တစ်ဦးက တရားရုံးတွင် တိုက်ပွဲဝင်၍ ရယူပေးခဲ့သည့် “မွေးရာပါ နိုင်ငံသားဖြစ်ခွင့်” (Birthright Citizenship) ကို ထိပါးလာခြင်းသည် မိဘများ၏ အခြေအနေပေါ်မူတည်၍ နိုင်ငံသားဖြစ်မှုကို ပြန်လည်ရုပ်သိမ်းနိုင်သည့် အန္တရာယ်ရှိသော လုပ်ရပ်ဖြစ်ပြီး လူ့အဖွဲ့အစည်းများကို ဖျက်ဆီးပစ်နိုင်ကြောင်း သူမက အဓိကထား ပြောကြားခဲ့သည်။
“ကျမတို့ရဲ့ လူ့အဖွဲ့အစည်းတွေကို တစ်သားတည်းရှိတဲ့ အရာတွေအဖြစ် မမြင်ပါနဲ့၊ ပိုပြီး နက်နက်ရှိုင်းရှိုင်း လေ့လာပါ” ဟု Zia က တိုက်တွန်းသည်။ “ယေဘုယျ ပြောစရာတွေ ရှိနိုင်ပေမယ့်၊ ကျမတို့ လူ့အဖွဲ့အစည်းတွေကို မြှင့်တင်ပေးနိုင်တဲ့၊ လူတွေ ဘယ်လိုခုခံတွန်းလှန်နေကြသလဲဆိုတာကို ပြသနိုင်တဲ့ သီးခြားဇာတ်လမ်းတွေ အများကြီးရှိပါတယ်”
ကိန်းဂဏန်းအချက်အလက်များ – ပြည်ပရောက်လူ့အဖွဲ့အစည်းများ၏ အပြောင်းအလဲ –
| လူ့အဖွဲ့အစည်း | နိုင်ငံရေးအရ အဓိကတွန်းအား | အမေရိကား၌ အဓိကအခြေစိုက်ရာ |
| ကျူးဘားနွယ်ဖွား | ကွန်မြူနစ်ဆန့်ကျင်ရေး – Bay of Pigs သမိုင်း | ဖလော်ရီဒါ (မိုင်ယာမီ – Hialeah) |
| ဗင်နီဇွဲလားနွယ်ဖွား | ပိတ်ဆို့မှုများ – အပြင်းအထန် ဖိအားပေးမှု | ဖလော်ရီဒါ – တက္ကဆက် |
| အီရန်နွယ်ဖွား | ဘာသာရေးအစိုးရကို ဆန့်ကျင်ခြင်း | ကာလီဖိုးနီးယား (Orange Co. – L.A.) |
| တရုတ်နွယ်ဖွား | အရပ်ဘက်အခွင့်အရေး – နိုင်ငံခြားရေးမူဝါဒ တုံ့ပြန်မှု | ကာလီဖိုးနီးယား – နယူးယောက် |
စီးပွားရေး နောက်ခံအခြေအနေ –
- အီရန်နွယ်ဖွား အမေရိကန်များ – အချမ်းသာဆုံး ရွှေ့ပြောင်းအုပ်စုများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး သိပ္ပံ၊ နည်းပညာနှင့် ပညာရေးကဏ္ဍများတွင် များစွာပါဝင်သည်။
- ကျူးဘားနွယ်ဖွား အမေရိကန်များ – ကျူးဘားညှိနှိုင်းရေးအက်ဥပဒေ (Cuban Adjustment Act) မှ အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်။ ရီပတ်ဘလစ်ကန်ကို ထောက်ခံသော်လည်း Obamacare အသုံးပြုမှု မြင့်မားသည်။
- အာရှနွယ်ဖွား အမေရိကန်များ – လူဦးရေ သန်း ၂၀ ကျော်ရှိပြီး နိုင်ငံပေါင်းများစွာမှ လာသူများဖြစ်သည်။ အမေရိကန် မဲဆန္ဒရှင်များထဲတွင် အလျင်မြန်ဆုံး တိုးတက်လာနေသော လူမျိုးစုဖြစ်သည်။

