From Legality to Illegality – တရား၀င်နေထိုင်ခွင့်များမှ တရားမ၀င်ခြင်းအဖြစ်သို့ ပြောင်းလဲပစ်ပုံ အဆင့်ဆင့်များ

kaiDecember 11, 20254min00

by SweSwe Aye

Immigrants များ လက်ရှိ ရင်ဆိုင်နေရသော နေထိုင်ခွင့်ဆိုင်ရာအကျဥ်းအကျပ်များနှင့်ပတ်သက်ပြီး အုပ်ချုပ်ရေးပိုင်း၏ တရား၀င်နေထိုင်ခွင့်ကို တရားမ၀င်ခြင်းအဖြစ်သို့ ပြောင်းလဲပစ်ပုံများနှင့်ပတ်သက်ပြီး နေထိုင်ခွင့်ကိစ္စများကို တရားရုံးမှာအဆုံးအဖြတ်ပေးသောတရားသူကြီးများ၊ ရှေ့နေများ၊ ဥပဒေပညာရှင်များ၏ အမြင်ဆွေးနွေးပွဲကို American Community Media က ဦးစီးပြီး ဒီဇင်ဘာ ၅၊ ၂၀၂၅ က ကျင်းပခဲ့ရာ Pilar Marrero ကြားခံဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့သည်။

၁။ Legally ရောက်လာတယ်ဆိုတာဘာလဲ။

Green card, နိုင်ငံသားမဟုတ်ပါဘဲ နိုင်ငံသားဖြစ်ရန်လမ်းကြောင်းမှာ ရှိနေသူတွေ ဥပမာ- work permits နဲ့နေသူများ၊ TPS, Parole နဲ့ နိုင်ငံတွင်းဝင်လာသူတွေ၊ DACA (Deferred Action for Childhood Arrivals) များသည် ဥပဒေနဲ့အညီ ရောက်လာသူများဖြစ်ပြီး အမြဲတမ်းနေထိုင်ခွင့်နှင့် နိုင်ငံသားလမ်းကြောင်းကို ဦးတည်နေသူများဖြစ်ကြသည်။

လက်ရှိ အစိုးရအုပ်ချုပ်ရေးပိုင်းသည် ထိုဗီဇာများကို စိစစ်ခြင်းကို ၂၀၂၅ နှစ်ကုန်ခါနီးတွင် ရပ်ဆိုင်းလိုက်ရုံသာမက denaturalization ဟု ခေါ်သော နိုင်ငံသားဖြစ်ပြီးသူတွေကို ယခင်ဖြစ်ခဲ့သောကိစ္စများကို အကြောင်းပြကာ နိုင်ငံသားဖြစ်ခွင့်ပြန်ရုတ်သိမ်းရန် စီစဉ်လျက်ရှိသည်။

၂။ အာဖဂန်နိုင်ငံသား၏ ဖြစ်စဉ်နောက်ဆက်တွဲ စိစစ်မှုများ ရပ်ဆိုင်းခြင်း

အာဖဂန်နိုင်ငံသားက Washington DC ၌ National Guard နှစ်ယောက်ကို နို၀င်ဘာ ၂၆၊ ၂၀၂၅ တွင် သေနတ်နှင့်ပစ်ခဲ့ပြီးနောက် ၁၉ နိုင်ငံမှ US တွင် တရား၀င်နေထိုင်နေသူများ၏ နေထိုင်ခွင့်များကို ရှေ့ဆက်ပြီး စိစစ်ခြင်းများကို ရပ်ဆိုင်းခဲ့သည်။ ထိုကိစ္စကို အကြောင်းပြပြီး ၁၉ နိုင်ငံကလာသောသူများကို နေထိုင်ခွင့်ကိစ္စမျာကို စိစစ်ခြင်းများကို ရပ်ဆိုင်းခြင်း၊ refugees များ၊ အမြဲတမ်းနေထိုင်ခွင့်၌ရှိသူများကိုပင် ပြန်စစ်ဆေးခြင်းများပြုမည်ဟု တရား၀င်ထုတ်ပြန်ခဲ့ခြင်းနှင့် ပတ်သက်ပြီး UCLA Center for Immigration Law and Policy ၏ co-director ဖြစ်သူ Hiroshi Motomura က “ဒီ ၁၉ နိုင်ငံက ရောက်လာတဲ့သူတွေရဲ့ နေထိုင်ခွင့်ကိစ္စတွေကို တရားဥပဒေအရ ဆက်လက်မလုပ်ဘဲ ဒီကိစ္စုဖြစ်ပြီး ရပ်လိုက်တာကို ကျနော်မြင်တာတော့ ဘာသာရေးနဲ့ လူမျိုးရေးကို ခွဲခြားမှုပြင်းထန်တယ်။ ဒီကိစ္စတွေက တရားရုံးမှာ ဆက်ပြီး တွန်းလှန်ရမှာပါ။ နောက်တချက်က လူတွေဟ ကြောက်လန့်ပြီး naturalization အတွက်တောင် မလုပ်ဝံ့ကြတော့ဘူး။ ခရီးတွေမသွားရဲကြတော့ဘူး။ လူတွေကို မကြိုဆိုဘူး။ လူတွေကို ထိတ်လန့်အောင် လုပ်တယ်လို့ မြင်ပါတယ်။” ဟု ပြောကြားခဲ့သည်။

၃။ Parole visa များ ပယ်ဖျက်ခံခဲ့ရသော CHNV နိုင်ငံများ

Laura Flores-Perilla, Staff Attorney, Justice Action Center က မိခင်နိုင်ငံမလုံခြုံဘဲ ပဋိပက္ခများကြောင့် ထိုသူများသည် US တွင် Parole visa ဖြင့် နေထိုင်ခွင့်သာမက အလုပ်လုပ်ခွင့်ကိုပါ ပေးခဲ့သည်မှာ ၇ နှစ်ရှိခဲ့ပြီးဖြစ်သော်လဲ သမ္မတ Trump ၏ ဒုတိယသမ္မတသက်တမ်းတွင် Cuba, Haiti, Nicaragua, and Venezuela (CHNV) ကို ပယ်ဖျက်ခဲ့သောကြောင့် Justice Action Center က ထိုစိန်ခေါ်မှုများကို ပြန်လည်ခုခံနေကြောင်းကို ဆွေးနွေးခဲ့သည်။

CHNV တိုင်းပြည်မှ Parole visa ဖြင့် တရားဝင်လာရောက်ခဲ့သူကို due process (တရားရုံးမှာ ရှေ့နေဖြင့် ပြန်လည်ခုခံခွင့်) ပင်မရဘဲ ပြန်ပို့သည့်ဖြစ်စဉ်များအား Justice Action Center က ရှေ့နေများဖြင့် advocacy လုပ်ကာ ခုခံကာကွယ်ပေးခဲ့သည့် အမှုနှစ်ခုကို ရှင်းပြခဲ့သည်။ ” အခုလို ဥပဒေအရ တရားစွဲဆိုမှုတွေ ဆက်သွားနေတဲ့ ကြားကာလအခြေအနေမှာ ကျမတို့က community အတွက် ကာကွယ်ပေးတာပဲ ဖြစ်ပါတယ်” ဟု Flores-Perilla က ဆိုသည်။

၄။ TPS ရပ်ဆိုင်းခံရသဖြင့် Department of Homeland Security (DHS) ကို တရားစွဲခဲ့သော Venezuelans များ၏ လက်ရှိအခြေအနေ

Venezuela နိုင်ငံအား TPS သက်တမ်းတိုးခြင်းကို ဧပြီ၊ ၂၀၂၅ တွင် ရပ်ဆိုင်းခဲ့ပြီး ဖေဖော်ဝါရီ ၁၉၊ ၂၀၂၅ တွင် National TPS Alliance နှင့် TPS ရပ်စဲခံရသူ Venezuelans ၇ ဦးသည် Department of Homeland Security (DHS) ကို TPS ရပ်ဆိုင်းခံရသဖြင့် San Francisco ရှိ the U.S. District Court တွင် တရားစွဲခဲ့သည်။ Members of Congress ၁၂၄ ဦးသည် Venezuelan TPS holders များဘက်မှ ရပ်တည်ပေးကာ အောက်ရုံးများမှ လက်ခံကာ ရပ်ဆိုင်းပေးခဲ့သော်လဲ Supreme Court က ၂၀၂၅၊ အောက်တိုဘာ ၃ တွင် ထိုရပ်ဆိုင်းမှုကို ပယ်ချကာ TPS ရပ်ဆိုင်းမှုကို ဆက်လက်ရှိစေခဲ့သည်။

” Venezuelans တွေက ဒီနိုင်ငံမှာ TPS နဲ့နေတယ်။ အလုပ်လုပ်ခွင့်လျှောက် အလုပ်လုပ်ပြီး အခွန်ပေးပြီးနေကြတယ်။ တရားရုံးမှာ ချိန်းလဲ ရောက်လာကြတယ်။ စီးပွားရေးလုပ်ငန်းတွေပိုင်ကြတယ်။ ကလေးတွေဟာ စာသင်ကျောင်းတွေ၊ တက္ကသိုလ်တွေမှာတက်နေကြတယ်။ ခုတော့ လူ ၆ သိန်းရဲ့ဘ၀တွေဟာ လုပ်ထားသမျှက သုညကိုရောက်သွားတယ်” ဟု TPS ရော၊ Parole visa ပါ ရုတ်သိမ်းခံရသော Venezuelans များကိုယ်စား Venezuelan American Caucus တွင် ပါဝင်ပြီး Venezuelan activist တစ်ဦးဖြစ်သူ Adelys Ferro က ဆိုသည်။ ” လက်ရှိအခြေအနေမှာက ထုတ်ပြန်ကြေငြာချက်တိုင်း၊ တရားရုံးက ချတဲ့အမိန့်တိုင်း၊ သတင်းခေါင်းကြီးတိုင်းဟာ လူတွေရဲ့ အနာဂတ်ကို စက္ကန့်ပိုင်းမှာကို ပြောင်းလဲသွားစေတာပါပဲ” ဟု Ferro က ပြောကြားခဲ့သည်။” ဝမ်းနည်းစရာပေမယ့် ပြန်ပို့ခံရမယ့်သူတွေကို ဘယ်လို အရင်းအမြစ်တွေကို ပေးနိုင်မလဲစတဲ့ ကျမတို့ တခြားနည်းလမ်းတွေနဲ့ ခုချိန်မှာ ကူညီနေပါတယ်။ US တွင် Venezuelan consulate ရုံးမရှိသလို Venezuelans များ ပြန်ပို့ခံရပါက နိုင်ငံကူးလက်မှတ်နှင့် Venezuelans ID များ မရှိကြသောကြောင့် ကြီးစွာသော အခက်အခဲကို မိခင်နိုင်ငံတွင် ရင်ဆိုင်ကြရမည်ဖြစ်ကြောင်းကို Ferro က ပြောကြားခဲ့သည်။

၅။ Birthright citizenship ကို ရပ်ပစ်ရန် သမ္မတ၏ Executive Order

President Trump’s executive order ဖြစ်သော birthright citizenship ကို ရပ်ပစ်ရန် (နေထိုင်ခွင့်အထောက်အထားမဲ့မိခင်နှင့် နိုင်ငံသားမဟုတ်၊ တရားဝင်အမြဲတမ်းနေထိုင်ခွင့်လဲမရှိသောဖခင်တို့က US မှာ မွေးလာသောကလေး၊ ယာယီဧည့်သည်မိခင်နှင့် နိုင်ငံသားမဟုတ်၊ တရားဝင်အမြဲတမ်းနေထိုင်ခွင့်လဲမရှိသောဖခင်တို့က US မှာ မွေးလာသောကလေး) ကို နိုင်ငံသားမပေးရန်အမိန့်ကို စိစစ်ပြီး ဆုံးဖြတ်ရန် ဒီဇင်ဘာ ၅၊ ၂၀၂၅ တွင် Supreme Court က လက်ခံလိုက်သည်။ US တွင် မွေးသည့်ကလေးသည် မိဘများ၏ နေထိုင်ခွင့်အခြေအနေနှင့် မဆိုင်ဘဲ နိုင်ငံသားဖြစ်ရမည်မှာ အခြေခံဥပဒေတွင် Fourteenth Amendment မှာ ဖော်ပြသည်။

” US Citizenship ကို ဘယ်လို သတ်မှတ်တယ်ဆိုတာကို ပြောင်းလဲတာဟာ Supreme Court က ဆုံးဖြတ်ဖို့ အကြီးမားဆုံးနဲ့ အရေးကြီးဆုံးကိစ္စလို့မြင်တယ်။ ကျနော်ကြိုခန့်မှန်းတာမဟုတ်ဘူး။ ဒါပေမယ့် ကျနော်မြင်တာက ဒီဟာကို Supreme Court က ငြင်းပယ်ဖို့ နည်းလမ်းတွေက ရှိပါတယ်” ဟု Hiroshi Motomura က ဆိုသည်။ US Constitution က သတ်မှတ်ထားသော နိုင်ငံသားဖြစ်ခြင်းအချက်များ၊ U.S. statute တွင် ဖော်ပြထားသော နိုင်ငံသားဖြစ်ခြင်းဥပဒေ၊ US Congress တွင် traditional interpretation ဖြင့် နိုင်ငံသားဖြစ်ခြင်း အပေါ်တွင် မူတည်နေသော ဥပဒေများရှိပြီး သမ္မတအမိန့်သည် သမ္မတအမိန့်သာဖြစ်ပြီး လွှတ်တော်ကို အစားထိုးဖို့ မဖြစ်နိုင်ကြောင်းနှင့် ထိုကိစ္စမှာ လူအများ အဖမ်းအဆီးခံနေရသဖြင့် ကြောက်လန့်နေချိန်တွင် နိုင်ငံသားဖြစ်ခြင်းကိုပင် ပြောင်းလဲခြင်းဖြင့် political context ဟုသာမြင်ကြောင်းဟုလဲ ဆက်ပြီး ဆွေးနွေးခဲ့သည်။

၆။ အလုပ်ဖြုတ်ခံလိုက်ရသော Immigration judges ၁၀၀ ကျော်နှင့် ဟာလာဟင်းလင်းတရားခွင်များ

သမ္မတ Trump ၏ ဒုတိယသက်တမ်းတွင် immigration judges ၁၀၀ ကျော်ကို အလုပ်ထုတ်ပစ်ခဲ့သည်။ ၂၀၂၅ ဒီဇင်ဘာမတိုင်မီတွင် immigration judge ၉၀ ခန့်ကို အလုပ်ထုတ်ခဲ့ပြီး ၂၀၂၅၊ ဒီဇင်ဘာ ၁ တွင် New York City မှာ တရားသူကြီး ၈ ဦးကို အလုပ်ထုတ်ခဲ့သည်။

၂၀၂၅ နိုဝင်ဘာလ Thanksgiving မတိုင်မီတွင် အလုပ်ထုတ်ခံရသော San Francisco မှ immigration judge နှင့် National Association of Immigration Judges ၏ VP ဖြစ်သူ Jeremiah Johnson က ” အရင်က လူတွေက တရားရုံးကို လာကြတယ်။ အခုတော့ တရားရုံးကို လာရမှာကို ကြောက်နေကြတယ်။ Asylum seekers တွေက အရင်ကဆို pending status ရှိတယ်။ ဒီ status ဟာ အခု မရှိတော့ဘူး။ removal လုပ်ပစ်တယ်။” ဟု ပြောကြားခဲ့သည်။

တရားသူကြီးများကို အလုပ်ဖြုတ်ပစ်ခြင်းအားဖြင့်၊ တရားခွင်များကို မရှိစေခြင်းအားဖြင့် တရားဝင်နေထိုင်ခွင့်များကို တရားမဝင်နေထိုင်ခွင့်သို့ ပြောင်းလဲစေသည်။ Asylum လျှောက်ထားသူများ၊ အခြားနေထိုင်ခွင့်အတွက် တရားရင်ဆိုင်နေရသူများမှာ လူသိန်းချီများပြားနေပြီး တရားခွင်များမှာ တရားသူကြီးများ မရှိခြင်း၊ တရားခွင်များ ဗလာဖြစ်နေခြင်းဖြင့် removal ဖြစ်ခြင်း၊ self-deportation လုပ်ရခြင်း၊ အဖမ်းဆီးခံရခြင်း အခြေအနေများကို ရောက်ရှိစေသည်။ အမြဲတမ်းနေထိုင်ခွင့်ရှိသူများကိုပင်လျှင် ပြန်လည်စစ်ဆေးသည်။ အလုပ်ဖြုတ်လိုက်သော immigration judges ၁၀၀ နေရာတွင် ယခုအခါ immigration judge ၂၅ ယောက်ခန့်ကို ခန့်လိုက်သော်လဲ တရားရုံးများတွင် လစ်ဟာနေမှုကို အစားမထိုးနိုင်ဘဲရှိနေသည်။ သူ အလုပ်လုပ်ခဲ့သော San Francisco တရားရုံး၏ တရားခွင်သည် လစ်ဟာနေဆဲဖြစ်သည်ဟု Jeremiah Johnson က ဆိုသည်။ ” deportation judge ဆိုတာဟာ မှားယွင်းတဲ့ ကြေငြာနာမည်ပါပဲ။ နေထိုင်ခွင့်အတွက် တရားခွင်မှာလာတဲ့ လူကို ဒီနိုင်ငံမှာ ဆက်နေခိုင်းမလား။ သူ့နိုင်ငံကို ပြန်ပို့မလားဆိုတာကို ဆုံးဖြတ်တဲ့ တရားသူကြီးဟာ immigration judge ပဲဖြစ်ပါတယ်။ immigration judge တွေဟာ ဆုံးဖြတ်ချက်ချရာမှာ အမှီအခိုကင်းတဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဆုံးဖြတ်ချက်ချကြပါတယ်” ” ဟု Johnson က ရှင်းပြခဲ့သည်။

၇။ DACA program ရဲ့ ၂၀၂၅ အကျပ်အတည်း

၂၀၂၅ တွင် ကလေးအရွယ်မှ US သို့ ရောက်လာသူ undocumented immigrants များအတွက် ယာယီနေထိုင်ခွင့်ပေးသော ၂၀၁၂ မှ စဖွင့်ပေးခဲ့သည့် DACA program လျှောက်ထားပြီးသူများသည် သက်တိုးတိုးပြီးနေနိုင်သော်လည်း DACA program ကို လူသစ်များလျှောက်ထားခြင်းကို လက်မခံတော့ချေ။ DACA program အကျုံးဝင်ပြီး US တွင် နေထိုင်နေသည်မှာ အနှစ် ၂၀ ရှိပြီဖြစ်သူ Andrea သည် DC, Maryland နှင့် Virginia မှ မဟာဘွဲ့ရပညာတတ်တစ်ဦးဖြစ်ပြီး လက်ရှိအုပ်ချုပ်ရေးကို DACA program အတွက် ခုခံနေသူဦးဖြစ်သည်။

သူကိုယ်တိုင် ကျောင်းတက်ခွင့်ရခဲ့သော်လဲ ကျောင်းတက်ခွင့်မရသူ အများအပြားရှိနေကြောင်းကို ဆွေးနွေးခဲ့သည်။ ” လက်ရှိအခြေအနေက တနေ့နဲ့ တနေ့ က မတူဘူး။ လူတွေက ထိတ်လန့်နေကြရတယ်။ လိုင်စင်လျှောက်ဖို့၊ Real ID လျှောက်ဖို့၊ အလုပ်ရှာဖို့ ခက်ခဲနေကြတယ်။ ခွဲခြားဆက်ဆံမှုတွေကလဲ ပိုများလာတယ် ” ဟု Andrea က ဆိုသည်။

၈။ Public charges အမည်ဖြင့် ဥပဒေပြကာ အမြဲတမ်းနေထိုင်ခွင့်ရရန် ခဲယဉ်းစေခြင်း

အစိုးရထောက်ပံ့ကြေးများကို ယူထားသူများအား နေထိုင်ခွင့်လျှောက်ထားကြသောအခါတွင် Public charges အမည်ဖြင့် ဥပဒေပြကာ အမြဲတမ်းနေထိုင်ခွင့်ရရန် ခဲယဉ်းစေခြင်းမှာလဲ တရား၀င်ဗီဇာဖြင့်ရောက်လာပြီး တရား၀င်နေထိုင်ခွင့်လမ်းကြောင်းကို လျှောက်ထားသူများအား ခက်ခဲစေသည်။ နိုင်ငံသားဖြစ်သူများကိုပင် ဖမ်းဆီးခြင်း၊ US မြေတွင် မွေးဖွားသည့်ကလေးများကိုပင် ဖခင်၊ မိခင်၏ နေထိုင်ခွင့် အခြေအနေကို ကြည့်ပြီး နိုင်ငံသားဖြစ်ခွင့်ကို ကန့်သတ်ခြင်း နှင့် နိုင်ငံသားဖြစ်ပြီးသူများကိုပင် နိုင်ငံသားကို ပြန်လည်ဖျက်သိမ်းရန် denaturalization လုပ်ခြင်းများသည် ယခု လက်ရှိအုပ်ချုပ်ရေးပိုင်း၏ Immigrants များအပေါ်မှာ ထားရှိသည့် တရား၀င်နေထိုင်ခွင့်မှ တရားမ၀င်ခြင်းသို့ ဦးတည်နေခြင်းကို ထင်ရှားစေသည်။ နေထိုင်ခွင့်နှင့်ပတ်သက်ပြီး US သမိုင်းကြောင်းကို ပြန်ကြည့်ပါက ၁၉၆၅ ခုနှစ်ကစပြီး ရှေ့နှစ်များထက် ပိုပြီး အစွဲနည်းလာသည်ဟု ယူဆနိုင်ပြီး ယခုအုပ်ချုပ်ရေးကာလသည် ၁၉၀၀ ခုနှစ်ဝန်းကျင် အမေရိကား၏ နေထိုင်ခွင့်ကိစ္စပုံသဏ္ဍာန် အချိန်စက်ဝိုင်းကိုသို့ ပြန်သွားနေပြီး အထူးသဖြင့် ဥရောပမှ လာရောက်အခြေချသူများကိုသာ ပိုပြီး အလိုရှိသည့်အသွင်ဆောင်နေကြောင်း Motomura က ပြောကြားခဲ့သည်။