လူမျိုးစုံကွန်မြူနတီများက Los Angeles ၏ ပန်းခြံဆိုင်ရာ လက်လှမ်းမီဖို့နဲ့ တန်းတူညီမျှမှုရှိရေးကို တိုက်တွန်း

kaiNovember 30, 20255min00

by SweSwe Aye/Myanmar Gazette


Los Angeles, California — လူမျိုးစုများ အတူယှဉ်တွဲနေထိုင်လျက်ရှိသော Los Angeles (လော့စ်အိန်ဂျယ်လိစ်) သည် သဘာဝ ပတ်ဝန်းကျင် လက်လှမ်းမီမှုနှင့် ပတ်သက်၍ ကွဲပြားနေသော မြို့တစ်မြို့ ဖြစ်သည်။ စစ်တမ်းအရ Angelenos တစ်သန်းနီးပါး (အများအားဖြင့် လူမျိုးစုံ၊ လူမည်း၊ လက်တီနိုနှင့် ဝင်ငွေနည်းသူများ) သည် လမ်းလျှောက်ချိန် ၁၀မိနစ် အကွာအဝေးအတွင်း ပန်းခြံမရှိကြောင်း တွေ့ရှိခဲ့သည်။

ဤထင်ရှားသော ကွဲလွဲချက်ကို ဆွေးနွေးတိုင်ပင်ရန် လူမျိုးစုများ၏ လူထုအခြေပြုအဖွဲ့အစည်းများ၊ သတင်းဌာနများနှင့် community ခေါင်းဆောင်များကို စုစည်းတက်ရောက်သော Urban green space ဆိုင်ရာ စကားဝိုင်းနှင့် အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၂၀၊ ၂၀၂၅ က LA river အနီး Clockshop တွင် ကျင်းပခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် UCLA Laboratory for Environmental Narrative Strategies (LENS) ဒါရိုက်တာ Prof. Jon Christensen ဦးဆောင်၍ American Community Media (ACoM) နှင့် ပူးတွဲ၍ လူကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ သမိုင်းနောက်ခံနှင့် ကွန်မြူနတီများ၏ ပါဝင်မှု၊ လူအများ လက်လှမ်းမီရေး၊ ကိုယ်ပိုင်လက္ခဏာတို့အတွက် မရှိမဖြစ်လိုအပ်သော အခြေခံအဆောက်အအုံအဖြစ် ပန်းခြံများကို ပြန်လည် သတ်မှတ်ဖော်ပြနေသော တိုင်းရင်းသား သတင်းစာပညာ၏ နက်နဲသည့် အကျိုးသက်ရောက်မှုကို ပြသခဲ့သည်။

ပန်းခြံများကို ဖျော်ဖြေရေးမှသည် ခုခံကာကွယ်ရေးသို့ ပြန်လည် သတ်မှတ်ခြင်း။

၂၀၂၅ ခုနှစ် စိမ်းလန်းသော လူ့အဖွဲ့အစည်းများဆိုင်ရာ သတင်းတင်ပြမှု စီမံကိန်း (Greening Communities Reporting Initiative) နောက်ပိုင်း ကျင်းပခဲ့ခြင်းဖြစ်ပြီး ဤသမိုင်းဝင် ပူးပေါင်းဆောင်ရွက်မှုသည် စပိန်၊ ကိုရီးယားမှသည် ဖာစီနှင့် တာဂါလော့ (Tagalog) အထိ ဘာသာစကားမျိုးစုံဖြင့် တောင်ပိုင်း ကယ်လီဖိုးနီးယားရှိ သတင်းဌာနများမှ စာရေးသူ ၂၂ ဦး ကို စုစည်းခဲ့ပြီး၊ မူရင်း သတင်းဆောင်းပါး ၇၇ ခုကို ထုတ်လုပ်နိုင်ခဲ့သည်။

Prof. Jon Christensen က ၂၀၂၆ ခုနှစ်တွင် ပန်းခြံဆိုင်ရာ ငွေချေးစာချုပ် (parks bond) ခန့်မှန်းထားသည့်အတွက် အခိုက်အတန့်၏ အရေးတကြီး လိုအပ်မှုကို အလေးပေး ပြောကြားခဲ့သည်။

“သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုများကို ဘာသာစကား၊ ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းပေါ် မူတည်ပြီး ကွဲပြားသော နည်းလမ်းများဖြင့် ခံယူ၊ နားလည်၊ တွေ့ကြုံခံစားကြရပါတယ်” ဟု Prof. Christensen က ပြောကြားခဲ့သည်။ “ဇာတ်ကြောင်းပြောသူတွေဟာ ပန်းခြံတွေ ဘယ်လောက် အရေးပါကြောင်း ပုံပြင်တွေ ပိုပြီး ပြောပြနိုင်ရင်၊ သူတို့ဟာ အခွင့်အလမ်းတွေကို ရွေ့လျားနိုင်ပါတယ်”

ACoM တည်ထောင်သူ Sandy Close က ဤမဟာဗျူဟာမြောက် အပြောင်းအလဲတွင် ဇာတ်ကြောင်းပြောသူများနှင့် သတင်းရေးသူတို့၏ အရေးပါသော အခန်းကဏ္ဍကို ဆွေးနွေးခဲ့သည်။

“ကျွန်မတို့က လူတွေကို ဘယ်လို မဲပေးရမယ်ဆိုတာ ပြောတာ မဟုတ်ပါဘူး” Close က ဆိုသည်။ “ဒါပေမယ့် ဘယ်အရာတွေ စွန့်စားနေရတယ်ဆိုတာကိုတော့ ပြောပြပါတယ်။ ပန်းခြံတွေက နောက်ခံ မဟုတ်ပါဘူး။ သူတို့က ရှေ့တန်းပါပဲ။ သူတို့က လူ့အဖွဲ့အစည်း ဖြစ်တည်ရာ နေရာပါ”

Close က ဤစီမံကိန်းသည် အောက်ခြေမှ စတင်သော ဇာတ်ကြောင်း ဖော်ဆောင်မှု (bottom-up storytelling) ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပြီး၊ အဓိကစကားဝိုင်းများတွင် မကြာခဏ လျစ်လျူရှုခံရလေ့ရှိသော အသိုက်အဝန်းများသည် ၎င်းတို့၏ ကိုယ်ပိုင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဇာတ်ကြောင်းများကို ပုံဖော်နိုင်ကြောင်းကို ပြောကြားခဲ့သည်။

ဖုံးကွယ်ထားသော ဇာတ်လမ်းများကို ဖော်ထုတ်ခြင်း။

ဇာတ်ကြောင်းပြောသူများ၏ ကိုယ်ပိုင် အတွေ့အကြုံများသည် လုပ်ငန်းတာဝန်၏ အရေးကြီးမှုကို မီးမောင်းထိုးပြခဲ့သည်။

  • CALÓ News မှ Brenda Verano က ၎င်း၏ ရပ်ကွက်ရှိ ကြီးမားသော မတူညီမှုများကို မီးမောင်းထိုးပြခဲ့သည်။ South LA တွင် “ပန်းခြံများထက် အရက်ဆိုင်များက ပိုများနေသည်” ဟု မှတ်ချက်ပြုခဲ့ပြီး၊ ၎င်း၏ဖော်ထုတ်မှုကြောင့် South LA Wetlands Park အတွက် ယခင်က ကြေညာထားခြင်းမရှိသော ဒေါ်လာ ၄.၂ သန်းတန် အလှဆင် ထောက်ပံ့ကြေး တစ်ခု ပေါ်ပေါက်ခဲ့ပြီး မြို့ကောင်စီဝင်တစ်ဦးကို ထုတ်ပြန်ချက် ထုတ်ပေးရန် တွန်းအားပေးနိုင်ခဲ့သည်။”South LA ပန်းခြံများဟာ ကစားဖို့အတွက် သက်သက် မဟုတ်ပါ။ ပန်းခြံတွေဟာ ကာကွယ်စောင့်ရှောက်ရန်အတွက် ဖြစ်ပါတယ်” ဟု Verano က ပြောကြားခဲ့သည်။
  • SBS International မှ Paul Chun သည် US တွင် ဒုတိယမြောက် လူဦးရေ အထူထပ်ဆုံး နေရာဖြစ်ပြီး စိမ်းလန်းသော နေရာများ ပြတ်လပ်နေသည့် Koreatown ၏ အလွန်အကျွံ လူထူထပ်မှုကို အာရုံစိုက်ခဲ့သည်။ ၎င်း၏ သတင်းတင်ပြချက်သည် ၁၉၉၂ ခုနှစ် လော့စ်အိန်ဂျယ်လိစ် အဓိကရုဏ်းများနောက်ပိုင်း ငြိမ်းချမ်းရေး ချီတက်ပွဲ စတင်ရာနေရာဖြစ်သည့် Seoul International Park ကဲ့သို့သော နေရာများ၏ နက်နဲသော လူထုအတွက် စိတ်ပိုင်းဆိုင်ရာ အရေးပါပုံကို ဖော်ထုတ်ပြသခဲ့သည်။
  • ဓာတ်ပုံဆရာ Manuel Ortiz က ဤလုပ်ငန်းတာဝန်ကို စိတ်နှစ်ကာ မလုပ်ဆောင်မီက လော့စ်အိန်ဂျယ်လိစ်အပေါ် အမြင်သစ်ကို တွေ့ရှိခဲ့သည်။ ၎င်း၏ Green Sanctuaries အမည်ရှိ ဓာတ်ပုံစီးရီးတွင် ပန်းခြံများကို “ဆုတောင်းခြင်း၊ အိပ်စက်ခြင်း၊ ခန္ဓာကိုယ်ဆန့်ထုတ်ခြင်း၊ စကားပြောခြင်းနှင့် ခုခံခြင်း” နေရာများအဖြစ် မှတ်တမ်းတင်ခဲ့ပြီး၊ တွေ့ဆုံမေးမြန်းခဲ့သူ တစ်ဦးက “ကျွန်တော် နေ့တိုင်း ဒီကို မလာဘူးဆိုရင်၊ ကျွန်တော် ဒီမှာ ဆက်အသက်ရှင်ပြီး ရှိနေပါဦးမလား မသိဘူး” ဟု ပြောကြားခဲ့သည်။
  • အာရဗီဘာသာစကား El Enteshar မီဒီယာ၏ ထုတ်ဝေသူ Fatmeh Bakhit က ပန်းခြံများသည် ဂလန်ဒေးလ် (Glendale) ရှိ Pacific Park တွင် Eid ဆုတောင်းပွဲများကဲ့သို့သော မရှိမဖြစ်လိုအပ်သည့် ယဉ်ကျေးမှုဆိုင်ရာ စုဝေးရာနေရာများအဖြစ် မည်သို့ဆောင်ရွက်နေပုံကို ဆွေးနွေးခဲ့သည်။

Los Angeles ၏ ၂၀၂၅ ပန်းခြံရမှတ် အဆင့်။

Trust for Public Land (TPL) အဖွဲ့ထံပေးပို့သော 2025 Park Needs Assessment (PNA) ကို ပန်းခြံများအား အသုံးပြုနိုင်သောအခြေအနေများ၊ ပန်းခြံများတွင် ဘေးကင်းလုံခြုံမှု ရှိ၊ မရှိ၊ ပန်းခြံများသို့ လမ်းလျှောက်သွားနိုင်သော အနေအထားနှင့် ပန်းခြံများ လိုအပ်မှုမျှော်မှန်းချက်များအပေါ် အခြေခံ သုံးသပ်ထားသည်။

  • 2025 Park Needs Assessment ကို ပန်းခြံဧက ၁၆,၀၀၀ နှင့် neighborhood councils ၉၉ ခု မှရရှိထားသော အချက်အလက်များကို အခြေခံကာ ပြုစုခြင်းဖြစ်သည်။ ထိုအချက်များသည် Los Angeles မြို့အတွက် အနာဂတ်ပန်းခြံစနစ်တွင် ရင်းနှီးမြှုပ်နှံမှုများအတွက် လမ်းညွှန်ပေးသည်။
  • TPL သည် ထိုအချက်များကိုအခြေခံကာ ဧကအကျယ်၊ လက်လှမ်းမီမှု၊ ရင်းနှီးမြှုပ်နှံမှု၊ ပန်းခြံမှာ လူများ အသုံးပြုနိုင်သောအရာများနှင့် တန်းတူညီမျှခြင်း အချက် ၅ ချက်ကိုအခြေခံပြီး ပန်းခြံစနစ်ကိုတွက်ချက်ကာ 2025 ParkScore (၂၀၂၅ ပန်းခြံရမှတ်) ကို သတ်မှတ်ထုတ်ပြန်သည်။
  • အမေရိကား (US) ၏ အကြီးဆုံး မြို့ကြီး ၁၀၀ တွင် ပန်းခြံ လက်လှမ်းမီမှုအဆင့်တွင် Los Angeles သည် အဆင့် ၉၀ နေရာတွင် ရှိနေသည်။

တန်းတူညီမျှမှု အခြေပြု ရင်းနှီးမြှုပ်နှံမှုအတွက် တိုက်တွန်းချက်။

PNA ကို ဦးဆောင်ခဲ့သည့် Olin Studio မှ Jessica Henson က ဤစီမံချက်သည် မြို့ကောင်စီ၊ ခရိုင်တိုင်းကို လွှမ်းခြုံထားသည့် ပါဝင်မှုဆိုင်ရာ လုပ်ငန်းစဉ်အပေါ် အခြေခံကြောင်း အတည်ပြုခဲ့သည်။ ၎င်း၏ ဦးစားပေးမှု စနစ်သစ်သည် သမိုင်းကြောင်းအရ ရန်ပုံငွေ အလုံအလောက် မရခဲ့သော လူ့အဖွဲ့အစည်းများဆီသို့ အနာဂတ် ရင်းနှီးမြှုပ်နှံမှုများကို ဦးတည်စေရန် ပုံစံထုတ်ထားသည့် တန်းတူညီမျှမှု ဖြင့် ရှင်းရှင်းလင်းလင်း မောင်းနှင်နေကြောင်း ဆွေးနွေးခဲ့သည်။

Trust for Public Lands မှ Sara Friedman က ဤကြိုးပမ်းမှုကို လူ့အဖွဲ့အစည်း၏ ထောက်ခံမှုကို အတည်ပြုခဲ့သည်။ သူမက PNA သည် အဆောက်အအုံများ၊ ပြန်လည်မွမ်းမံမှုများနှင့် ဝန်ဆောင်မှုများတွင် ကွာဟချက်များကို ဖြေရှင်းရန်အတွက် ရန်ပုံငွေ အသစ်များ လိုအပ်ကြောင်းကို ယုံကြည်အောင် ထောက်ခံနိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။ နောက်ဆုံး PNA အစီရင်ခံစာကို ဒီဇင်ဘာ ၄ ရက်နေ့ တွင် အပန်းဖြေနှင့် ပန်းခြံ ကော်မရှင်နာ ဘုတ်အဖွဲ့ထံသို့ အတည်ပြုချက်တင်ပြရန် စီစဉ်ထားသည်။

လူတန်းစားအလိုက် အလွှာလိုက် ကွဲပြားနေသော မြို့တစ်မြို့အတွက်၊ ပန်းခြံ လက်လှမ်းမီမှုအတွက် တိုက်ပွဲသည် လူမှုရေး တန်းတူညီမျှမှုအတွက် တိုက်ပွဲပင် ဖြစ်ကြောင်း အဖွဲ့အစည်းများ၊ သတင်းဌာနများ၊ ပညာရှင်များ အသီးသီးက သဘောတူညီခဲ့ကြသည်။ လူမျိုးစုံသတင်းဌာနများ၏ ဆောင်ရွက်ချက်များသည် Los Angeles ၏ အားအနည်းဆုံးသော ဒေသခံများ၏ လိုအပ်ချက်များကို မြို့တော်၏ အစီအစဉ်၏ ရှေ့တန်းသို့ ရောက်ရှိစေကြောင်း ယုံကြည်ထားကြသည်။