မြန်မာ့ဂဇက် အယ်ဒီတာ့သင်ပုန်း – နိုဝင်ဘာ ၂၀၂၅

kaiDecember 2, 20255min00

🌊 အမေရိကန် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဆူနာမီ (နိုဝင်ဘာ ၂၀၂၅)

ဇန်နဝါရီ ၂၀ ရက်တွင် သမ္မတအဖြစ် ကျမ်းကျိန်ပြီးနောက် တဖြည်းဖြည်း ရေချိန်တက်လာခဲ့သည့် သမ္မတထရမ့်၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပေါ်လစီများသည် နိုဝင်ဘာ ၂၁ ရက် (သောကြာနေ့) မှစ၍ ရုတ်တရက် ဆူနမိလို ဖြစ်ပွားလာခဲ့သည်။

သမ္မတထရမ့်၏ ဒုတိယအုပ်ချုပ်ရေးလက်ထက်တွင် အမေရိကားရောက် နိုင်ငံခြားသားများ၊ Refugee/ပြောင်းခိုသူများ၊ Asylee/ခိုလှုံခွင့်ရှာသူများနှင့် မြန်မာနိုင်ငံသားများအပေါ် လျင်မြန်စွာ သက်ရောက်လာသည့် ဖိအားပေးမှုများကို လက်ဝှေ့စကားဖြင့် ဆိုရလျှင် “ဘယ်ညာ ဝိုက်လက်သီး၊ ပင့်လက်သီး၊ ဖြောင့်လက်သီး၊ ကန်ကြောက်၊ ဖိထောင်း” ဟုပင် တပ်နိုင်ပေသည်။

ကြို၍ရေးထားသည်လော? နှင့် သူ၏ပေါက်ကြားမီမို

၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက် (သောကြာနေ့) တွင် USCIS ညွှန်ချုပ် Joseph Edlow လက်မှတ်ထိုးထားသော ရုံးတွင်းမီမို (internal memo) ကို Associated Press (AP) သတင်းဌာနက ရရှိခဲ့ပြီး တနင်္လာနေ့တွင် သတင်းအဖြစ် ဖော်ပြခဲ့ရာ အဓိကအကြောင်းအရာမှာ –

  • ၂၀၂၁ ဇန်နဝါရီ ၂၀ မှ ၂၀၂၅ ဖေဖော်ဝါရီ ၂၀ အတွင်း ဘိုင်ဒန်အစိုးရလက်ထက် လက်ခံထားသော ပြောင်းခိုသူအားလုံးကို ပြန်လည်အင်တာဗျူး၍ စစ်ဆေးမည်။
  • ထိုကာလအတွင်း အမေရိကားသို့ ရောက်ရှိလာသူများ၏ ဂရင်းကတ် ထုတ်ပေးခြင်းကို ချက်ချင်းရပ်ဆိုင်းမည်။
  • စစ်ဆေးရာတွင် သတ်မှတ်ချက်မပြည့်မီပါက “အယူခံပြုပိုင်ခွင့်မရှိ” ထားမည်ဖြစ်ပြီး၊ ဂရင်းကတ်ရပြီးသူများကိုပင် ပြန်လည်စစ်ဆေးမည်ဖြစ်သည်။

ဘိုင်ဒန်သက်တမ်း လေးနှစ်အတွင်း အမေရိကားသို့ ဝင်ရောက်လာခဲ့သော ပြောင်းခိုသူ နှစ်သိန်းကျော်အားလုံးကို နောက်ကြောင်းပြန်စစ်ဆေးမည်ဖြစ်ရာ၊ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ဝင်ရောက်လာသည့် မြန်မာပြောင်းခိုသူ ၂၂,၀၀၀ ကျော်လည်း ဤစာရင်းထဲတွင် ပါဝင်နေပြီဖြစ်သည်။ မြန်မာပြောင်းခိုသူအများစုမှာ အထောက်အထားအားနည်းချက်များရှိတတ်သဖြင့် ယခုကဲ့သို့ အကြိမ်ကြိမ် ပြန်စစ်ဆေးခံရခြင်းသည် ပြဿနာကြီးမားလှ၏။

အမေရိကရောက် မြန်မာနိုင်ငံသားတို့အတွက် ဆူနမိအစ

နိုဝင်ဘာ ၂၄ ရက် ၉:၁၀ နာရီ (EST) တွင် အမိမြေလုံခြုံရေးဝန်ကြီး Kristi Noem က ထုတ်ပြန်ခဲ့သည့် စာအရ ၂၀၂၅ နိုဝင်ဘာ ၂၅ ရက်တွင် သက်တမ်းကုန်မည့် မြန်မာနိုင်ငံသားများအတွက် ယာယီအကာအကွယ်ပေးထားသည့် TPS (Temporary Protected Status) ကို ဖျက်သိမ်းလိုက်ပြီး၊ ထုံးစံအတိုင်း ပြင်ဆင်ရန် ရက် ၆၀ ထပ်ပေးရာ ၂၀၂၆ ဇန်နဝါရီ ၂၆ ရက်နောက်ပိုင်းတွင် TPS လက်ခံထားရှိသူအားလုံး မူလဗီဇာအခြေအနေ သို့ အလိုလျောက် ပြန်ရောက်ရှိသွားမည်ဖြစ်သည်။

ဆိုလိုသည်မှာ Asylum လျှောက်ထားဆဲသူများဆိုလျှင် လျှောက်ထားဆဲအခြေအနေသို့ ပြန်ရောက်မည်ဖြစ်ပြီး၊ ထိုအခြေအနေသည် တရားဝင်နေထိုင်ခွင့်မဟုတ်သဖြင့် အချိန်မရွေး နှင်ထုတ်ခံရနိုင်သည်။ အမေရိကားသည် သမိုင်းတလျှောက် ပြောင်းခိုသူများကို လက်ခံခဲ့ဖူးသော်လည်း၊ ယခု TPS တံခါးကို ပိတ်ပစ်လိုက်ခြင်းသည် လက်ရှိ အမေရိကားရောက် မြန်မာနိုင်ငံသား ၃,၉၆၉ ဦးကို တိုက်ရိုက်ထိခိုက်စေခဲ့သည်။

အံ့အားသင့်စရာမှာ ဝန်ကြီး Kristi Noem က TPS ဖျက်သိမ်းရခြင်းအကြောင်းကို “မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနှင့် တည်ငြိမ်ရေးကဏ္ဍများတွင် ထူးခြားစွာ တိုးတက်မှုများ ရရှိခဲ့သည်” ဟုဆိုကာ ဇူလိုင် ၃၁၊ ၂၀၂၅ တွင် အရေးပေါ်အခြေအနေ ပြီးဆုံးခြင်းနှင့် လာမည့်ရွေးကောက်ပွဲများဟူသည်ကို ထည့်ရေးအကြောင်းပြခဲ့ခြင်းတည်း။ လက်ရှိ မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်နှင့် လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများကို နိုင်ငံတကာအဖွဲ့အစည်းများက ပြင်းပြင်းထန်ထန် ဝေဖန်ထားသည်မှာ ထင်ရှားလျှက်သားရှိပါ၏။

ထူးဆန်းစွာပင် TPS ဖျက်သိမ်းကြေညာချက်ထွက်ပြီး နာရီပိုင်းအတွင်း (နိုဝင်ဘာ ၂၆ ရက် ည ၈:၀၀ နာရီ YGN) မြန်မာစစ်ကောင်စီက အမိန့်အမှတ် ၁၀-၁၁-၁၂/၂၀၂၅ ထုတ်ပြန်ကာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နှင့် ၅၁၂ ဖြင့် တရားစွဲဆိုခံထားရသူ ၈,၆၆၅ ဦးကို လွှတ်ငြိမ်းချခဲ့သည်။ “လွတ်လပ်မျှတစွာ ဆန္ဒမဲပေးနိုင်ရေး” ဟူသော အကြောင်းပြချက်သည် ဝန်ကြီး Kristi Noem ၏ “free and fair elections” စကားလုံးနှင့် ထူးဆန်းစွာ ထပ်တူကျသည်။

ကာလုံပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက “ပြန်လာလို့ရပါတယ်၊ ကြိုဆိုပါတယ်” ဟု မြန်မာ TPS ဖျက်သိမ်းမှုကို တုံ့ပြန်ခဲ့သေးသည်။

နိုဝင်ဘာ ၂၅ ရက်၌ ဟေရှန် (Haiti နိုင်ငံသား) ၃၄၀,၀၀၀ ကျော်၏ TPS ကိုလည်း ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။ လက်ရှိ TPS ပေးထားသည့် ၁၂ နိုင်ငံအနက် ၁၀ နိုင်ငံ၏ TPS ကို ဖျက်သိမ်းပြီးဖြစ်ရာ အမေရိကားသည် TPS အားလုံးကို တဖြည်းဖြည်း အဆုံးသတ်ပစ်မည့် မူဝါဒအတိုင်း လျှောက်လှမ်းနေပြီဟု ယူဆရသည်။

ဆူနမိ/ကမ်းရိုက်လှိုင်းအရှိန်မြင့်တက်လာခြင်း

Date & TimeEvent / StatementImpact
နိုဝင်ဘာ ၂၆ ရက် ၂:၁၅ နာရီ (EST)အိမ်ဖြူတော်အနီး အမျိုးသားအစောင့်တပ်သား နှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နောက်ရက်တွင် တစ်ဦး ကျဆုံး။ပစ်ခတ်သူမှာ ခိုလှုံခွင့်အောင်ထားသူ အာဖဂန်နိုင်ငံသားဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာ ၂၆ ရက် ၇:၀၄ ညနေUSCIS ဒါရိုက်တာက X တွင် သမ္မတတိုက်ရိုက်အမိန့်အရ အာဖဂန်နိုင်ငံသားအားလုံး၏ လဝကကိစ္စရပ်အားလုံးကို ချက်ချင်းရပ်ဆိုင်းကြောင်း မှတ်ချက်ပေး။“ငါးခုံးမ တစ်ကောင်” မူဝါဒဖြင့် တစ်နိုင်ငံလုံးကို ပစ်မှတ်ထားလာခြင်း။
နိုဝင်ဘာ ၂၇ ရက် ၁၀:၄၁ နံနက်USCIS ဒါရိုက်တာက “Country of Concern” နိုင်ငံသားများ၏ ဂရင်းကတ်အားလုံးကို တင်းကျပ်စွာ ပြန်လည်စစ်ဆေးရန် ညွှန်ကြားထားပြီ” ဟု ထပ်မံရေးသား။ဂရင်းကတ်ကိုင်ဆောင်သူများပါ စတင်ထိခိုက်လာခြင်း။
နိုဝင်ဘာ ၂၇ ရက် ၈:၂၆ ညနေသမ္မတထရမ့်က Truth Social တွင် “တတိယကမ္ဘာနိုင်ငံများမှ ရွှေ့ပြောင်းဝင်ရောက်မှုကို အပြီးတိုင်ရပ်ဆိုင်းမည်… နိုင်ငံသားဖြစ်မှုပင် ရုပ်သိမ်းမည်” ဟူသော စာရှည်ကြီးကို တင်။ပြည်တွင်းငြိမ်းချမ်းရေးကို ထိခိုက်စေသည့် ပြောင်းရွှေ့လာသူများကို နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းခြင်း ကိစ္စ စတင်ပါလာ။
နိုဝင်ဘာ ၂၈ ရက် ၃:၁၂ ညနေUSCIS ဒါရိုက်တာက ခိုလှုံခွင့်ဆိုင်ရာ ဆုံးဖြတ်ချက်အားလုံးကို ရပ်ဆိုင်းထားပြီဟု ထပ်မံကြေညာခဲ့။
နိုဝင်ဘာ ၃၀ ရက် ၁:၀၈ နံနက် (EST)Air Force One ပေါ်တွင် သမ္မတထရမ့်က ခိုလှုံခွင့်လျှောက်ထားသူများသည် “အသုံးမကျသူတွေ… တတိယကမ္ဘာက လူတွေ… ရာဇဝတ်မှုနဲ့ ပြည့်နှက်နေတဲ့နိုင်ငံကလူတွေ” ဟု ပြောဆိုခဲ့သည်။Naturalized Citizen (လျှောက်ယူနိုင်ငံသား) များကိုပင် နိုင်ငံသားဖြစ်မှု ရုပ်သိမ်းနိုင်သည်ဟု ထည့်ပြောခဲ့သည်။

ဘာမဆိုဖြစ်သွားနိုင်သည့် ရွေ့ပြောင်းနေထိုင်ကြသူများ

ဤဖြစ်ရပ်များသည် နိုဝင်ဘာနောက်ဆုံးတပတ်အတွင်း အမေရိကားရောက် ရွှေ့ပြောင်းနေထိုင်သူအားလုံးကို ရိုက်ခတ်သွားခဲ့သည့် ဆူနမိဖြစ်သည်။ ထရမ့်ထောက်ခံသူများ၏ လူမှုကွန်ရက်ပေါ်ရှိ တုံ့ပြန်မှုများမှာ “နှင်ထုတ်ပစ်၊ ပိတ်ပစ်၊ အရေးယူ” ဟူသော အနှုတ်သဘောဆောင်သည့် အသံများသာ လွှမ်းမိုးနေသည်။

ဤရှုပ်ထွေးလှသော အမိန့်များနှင့် လုပ်ထုံးလုပ်နည်းများကြောင့် လဝကရှေ့နေများပင် မည်သို့လုပ်ရမည်မသိ ဖြစ်နေချိန်တွင် ဂရင်းကတ်၊ နိုင်ငံသားဖြစ်ခွင့်အထိ တဖြည်းဖြည်း အလှည့်ရောက်လာနိုင်ကြောင်း ရှင်းလင်းစွာ ပေါ်လွင်နေပြီဖြစ်သည်။

တိုက်ဆိုင်စွာပင် နိုဝင်ဘာ ၂၁ ရက်က AP သတင်းဌာနသို့ ပေါက်ကြားသွားသော မီမိုတွင် ဤတင်းကျပ်လာသော စစ်ဆေးမှုလုပ်ထုံးများ အကြောင်း ကြိုတင်ပါဝင်ပြီးဖြစ်ပါသည်။ ထို့အတူ စာမျက်နှာ ၉၂၀ ရှိသည့် Project 2025 စာအုပ်တွင်လည်း အဆင့်ဆင့်လုပ်ပုံများကို နှစ်နှင့်ချီ ကြိုတင်ရေးဆွဲထားပြီးဖြစ်သည်။

နိုင်ငံရေးတွင် “တိုက်ဆိုင်မှု” ဟူ၍ မရှိ။

“In politics, nothing happens by accident. If it happens, you can bet it was planned that way.” – Franklin D. Roosevelt

ပြောင်းခိုသူနှစ်သိန်းကျော်၊ ခိုလှုံခွင့်လျှောက်ထားသူ တသန်းကျော်ကို အသေးစိတ်ပြန်စစ်ဆေးခြင်းသည် လက်တွေ့မကျသော်လည်း၊ Alien Enemies Act of 1798 ကို ပြန်လည်အသက်သွင်းထားပြီးဖြစ်သဖြင့် အမေရိကားတွင် လာရောက်အခြေချနေထိုင်သူ မည်သူမျှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

Project 2025 ၏ ကြိုတင်ပြင်ဆင်ထားသော လမ်းကြောင်းအတိုင်း အမေရိကားရောက် ရွှေ့ပြောင်းနေထိုင်သူတိုင်းဆီသို့ ဖြည်းဖြည်းချင်း အလှည့်ရောက်လာတော့မည်ဖြစ်သည်။

အမေရိကန် နှင့် မြန်မာ တဦးအဖြစ် ဤစိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားရမည့် ကာလသို့ ရောက်ရှိလာပြီဖြစ်ကြောင်း သတိပြု/ပြင်ဆင်ကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။

အားလုံးကို ကျော်ဖြတ်ရမည်။

https://apnews.com/article/trumo-refugees-memo-biden-review-82cdbae263a903c6dcf25c2e04f50684