ကို ပူပန်စပြုလာသတဲ့။ ဒါနဲ့ပဲ သံအမတ်ကြီး ဝူကို ဟန်ကျင်းဆီလွှတ်ပြီး သူ့ဘက်ပါအောင် စည်းရုံးစေပါတယ်။ “ကမာ္ဘလောကကြီးဟာ တချိန်က ချင်မင်းဆက်အောက်မှာ ပြားပြားဝပ် နှိပ်ကွပ်ခံခဲ့ရပါတယ်။ ကျွင်္နုပ်တို့ စစ်သူကြီးရှန်းယုခေါင်းဆောင်လို့ နယ်စားပယ်စားတွေ စည်းစည်းလုံးလုံး တိုက်ထုတ်လိုက်လို့သာ ဒုတိယမြောက်ဧကရာဇ်ကြီး ကျဆုံးသွားရတာပါ။ အဲဒီနောက် စစ်ပွဲကြီး အဆုံးသတ်လို့ ပြည်ထောင်နယ်စားအားလုံး ကိုယ့်ရပ်ကိုယ့်ရွာ အေးချမ်းစွာ ပြန်လည်အုပ်ချုပ်ဖို့ ထိုက်တန်တဲ့သူကို ထိုက်တန်သလို ချီးမြှင့်မြှောက်စား ခွဲဝေပေးခဲ့ပြီး ဖြစ်ပါတယ်။ လျူဘန်ဟာ သူရထားတဲ့ နိုင်ငံနဲ့ မကျေနပ်နိုင်တဲ့အတွက် တံခါးအတွင်းကနယ်မြေတွေကို ဝင်ရောက်ကျူးကျော် သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီကစလို့ ကျွင်္နုပ်တို့ ချူနိုင်ငံက ရှန်းယုစစ်သူကြီးကိုလည်း ထောင်ထားခြားနား ပုန်ကန်လာခဲ့ပါတယ်။ လျူဘန့်လောဘဟာ အတောမသတ်နိုင်တဲ့သဘောရှိပြီး ချင်ဧကရာဇ်ကြီးလို နယ်ပယ်အားလုံး သူ့လက်အောက် မရောက်မချင်း တင်းတိမ်မယ့်ပုံ မရှိပါဘူး။ သူဟာ သစ္စာရှိတဲ့၊ […]
