“အညာဒေသကရွာလေးတစ်ရွာသို့အလည်ရောက်ခြင်း” အညာနွေကတော့ပူပါတယ်။ အခုဆောင်းအထွက်နွေအဝင်မှာကို ပူစပြုလာပါပြီ။ အညာဆိုထား ရေငံသောက်မြက်ခြောက်စားလို့ အမှတ်သညာပြုထားကြတာကိုးဗျ။ ပြီးခဲ့တဲ့ရက်ကတော့ မန်းလေးမြို့မြောက်ဘက် ဆယ်မိုင်ကျော်ကျော်လောက်ဝေးတဲ့ရွာလေးကိုရောက်ခဲ့ပါတယ်။ “အင်ကျယ်”တဲ့။ သခင်မတောင်ခြေနားမှာရှိတဲ့ရွာလေးပေါ့။ ကြာနီကန်ထိကတော့ကျောက်လမ်းမ။ အဲဒီကိုလွန်တာနဲ့ အညာဒေသထုံးစံအတိုင်းဖုံထူထူလမ်းကလေး။ ဖုံထူပါတယ်ဆိုမှ နွားအုပ်ဖြတ်တော့ဖုံပိုထသပေါ့။ ရွာထဲကိုဝင်တော့ ဖုန်တလုံးလုံး။ လယ်လုပ်ငန်းလုပ်တဲ့ဒေသဆိုတော့ နွားစာကောက်ရိုးဂိုဒေါင်ရှိမယ်။ နွားတွေရှိမယ်။ အလေ့ကျအပင်လေးတွေနဲ့ရွာစည်းရိုးလေးတွေရှိမယ်။ ဝါးပေါတဲ့ဒေသဆိုတော့ ဝါးလုံးလေးတွေနဲ့ခြံစည်းရိုးခတ်ထားတာရှိမယ်။ အားလုံးကတော့ ခြံကျယ်ဝင်းကျယ်နဲ့ပါဘဲ။ ရွာကအိမ်ခြေသုံးရာကျော်လောက်ရှိတယ်ပြောပါတယ်။ ခြံဝင်းတစ်ခုထဲမှာငှက်ပျောခိုင်ကြီး ကသီးနေလိုက်တာ အားပါးတရ။ ဒါနဲ့ဘဲ ရွာခံအိမ်ကထမင်းကျွေးတာကိုဝင်စားကြပါတယ်။ ကြက်သားအရည်သောက်။ ငရုတ်သီးနဲ့ငါးခြောက်ကြော်။ ငှက်ပျောဖူးကိုသရက်ပိုးတီချဉ်နဲ့ရောသုပ်။ ပဲနှပ်။ စားလို့အတော်ကောင်းပါတယ်။ ထမင်းစားပြီးတော့ နွားနို့စစ် မလိုင်ပျစ်ပျစ်ကို ခြံထွက်ငှက်ပျောသီးကိုကြော်ထားနဲ့ဧည့်ခံပါတယ်။ အားနာစရာမလို ဟန်ဆောင်စရာမလို ဘိုက်ကားအောင်တဝစားပြီးတော့ ပြန်လာခဲ့ကြပါတယ်။ […]
