မြန်မာပြည်ကို တော်လှန်ရေးကောင်စီ စစ်အစိုးရ ပထမအုပ်ချုပ်ပြီး ၊ ဒုတိယသက်တမ်းရှည် အသက်ဆက်ဖို့လက်ရှိ ဝတ်ထားကြတဲ့ စစ်ဝတ်စုံယူနီဖောင်းတွေကို ချွတ်ရင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဆိုတဲ့ နာမည်နဲ့ အရပ်ဝတ် ပြောင်းဝတ်ပြီး အုပ်ချုပ်ခဲ့တဲ့ကာလအထိ ၊ ဌာနဆိုင်ရာတချို့မှာ ဝန်ထမ်းမိသားစုတွေ နေထိုင်ဖို့ ပေးထားတဲ့ လိုင်းခန်း ပြဿနာတွေဟာ ရှိနေတုန်းပါပဲ။ ဝန်ထမ်းမိသားစုတိုင်းလည်း နေအိမ်လိုင်းခန်း မရကြပါဘူး ။ ဌာနဆိုင်ရာတိုင်းမှာ ရှိတဲ့ ဝန်ထမ်းနဲ့ လိုင်းခန်းအရေအတွက်က မမျှတလို့ပါပဲ။ ဝန်ထမ်းတွေ ရတဲ့ နေအိမ်လိုင်းခန်းတော်တော်များများကျပြန်တော့လည်း၊ မြန်မာပြည်ကို နှစ်ပေါင်းရှည်ကြာ အုပ်ချုပ်သွားခဲ့တဲ့ အင်္ဂလိပ်အစိုးရလက်ထက်က ဆောက်ပေးသွားခဲ့တဲ့ လိုင်းခန်းတွေပဲ ဖြစ်ပါတယ်။ အမိုးတွေက အုတ်ကျွပ်မိုးတွေပါ။ အကာနဲ့ အခင်းရယ် တိုင်ရယ်ကတော့ သစ်သားပေါ့ ။ အရာရှိတွေနေတဲ့လိုင်းခန်း မဟုတ်ဘဲ ရိုးရိုးအောက်ခြေဝန်ထမ်းတွေနေဖို့ ဆောက်ထားတဲ့ လိုင်းခန်းတွေမှာ […]
