ပြီးခဲ့တဲ့ တနင်္ဂနွေက သံလျင်မြို့နယ်မှာရှိတဲ့ သဘာဝတရားရိပ်သာကို ရောက်ဖြစ်တယ်။ The Voice Weekly ၏ ပင်တိုင်ဆောင်းပါးရှင်အောင်ထွဋ်အဖြစ် လူသိများခဲ့သော ကွယ်လွန်သူ ဒေါက်တာနေဝင်းမောင် အသက်(၅၀)ပြည့် မွေးနေ့အထိမ်းအမှတ် အနေနဲ့ တရားအားထုတ်နေတဲ့ ဘိုးဘွားတွေကို သွားလှူဖြစ်တာပါ။ အဲဒီနေ့မတိုင်ခင်ကတည်းက ဆရာ့ မွေးနေ့၊ မွေးရက်နဲ့ တိုက်ဆိုင်တဲ့အတွက် ဘယ်နေရာကို လှူကြမလဲဆိုပြီး ဆွေးနွေးဖြစ်တယ်။ ကျနော်တို့သဘောကတော့ ဘာသာရေးသက်သက် ဘုရားတည်၊ ကျောင်း၊ သိမ်ဆောက်၊ ရွှေချတာမျိုးထက် တကယ်လိုအပ်နေတဲ့ နေရာ၊ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေ တစ်နည်းအားဖြင့် လူမှုရေးနယ်ပယ်မှာ လှူဖို့ နကိုကတည်းက ဆုံးဖြတ်ထားကြပြီးသား။ ရခိုင်ဒုက္ခသည်တွေကိုလှူမလား၊ ကချင်စစ်ဘေးသင့် ပြည်သူတွေကို လှူမလား၊ မိဘမဲ့ ကလေးတွေကို ကူညီမလား၊ စိတ်ရောဂါကုဆေးရုံကို ထောက်ပံ့မလား၊ မျက်မမြင်ကျောင်းကို ကူညီမလား စသဖြင့် ဆွေးနွေးကြတယ်။ […]
