“ကိုပေါက်လမ်းသလားနေသည် အပိုင်း၂၂ (ဘီလူးချောင်းရင်ခွင်သို့အရောက်………………….) အဝေးကတောင်တန်းများကြားမှာတော့ မြေလွတ်မကျန်ရလေအောင်ကောက်ပင်စိမ်းတွေက နေရာယူထားကြပါတယ်။ သဘာဝပေါက်ပင်ပန်းလေးတွေက လည်းလှတပတ။ မနက်စောစောမှာအိမ်အလုပ်တွေလုပ်နေတဲ့မိသားစုလေးတစ်စုကိုလှမ်းတွေ့တော့ လက်ဆော့ချိန်မှာ ကျနော်နောက်က ခုံမှာထိုင်နေတဲ့အဒေါ်ကြီးက “ရှေ့ကလူလက်ထဲကဘာလေးလဲ “လို့အမေးမှာ “အဲဒါဓါတ်ပုံစက်လေ”လို့ဒေသစကားနဲ့ဘာသာပြန်တဲ့စကားလုံးလေးကိုကြားမိတဲ့အခါ သဘောကျလွန်းလို့ပြုံးမိပါတယ်။ လမ်းတစ်နေရာမှာတော့ ရွှေရောင်ဝင်းနေတဲ့စေတီစုစုလေး။ ဟိုဝေးဝေးကစိမ်းနုရောင်လယ်ကွင်းနောက်မှာတော့ ထုံးဖြူဖြူစေတီအစု။ တိမ်ညိုမိူင်းနေတဲ့ကောင်းကင်တောင်စဉ်တန်းတွေကစေတီကိုထွေးပွေ့ထားသလိုပါဘဲ။ ကျနော်ထိုင်ရတဲ့ကားဆရာနောက်က ညာဘက်ခြမ်းကကြည့်လေလေရာမှာတော့ တောင်တန်းတွေလယ်ကွင်းတွေမြင်ရပြန်တော့ “ရူ့မဆုံးတော့သည်စိမ်းလဲ့လဲ့ကွင်းပြင်” ဆိုတဲ့ မြို့မငြိမ်းရဲ့ “လူချွန်လူကောင်း “သီချင်းက ရင်ထဲကိုတိုးဝှေ့လို့နားထဲမှာအလိုလိုကြားလာရပါတယ်။ လမ်းတစ်လျောက်လုံးမှာလဲ လမ်းလျောက်လို့ကျောင်းကိုသွားကြတဲ့ လန်းဆန်းတက်ကြွနေတဲ့ ကလေးတွေက ထမင်းချိုင့်ကိုယ်စီကိုယ့်အစုနဲ့ကိုယ် မြင်ခဲ့ရပြန်တော့ ဒီသီချင်းလေးက တော်တော်နဲ့ နားထဲကမထွက်ဘူးဖြစ်နေပါတယ်။ အဝါရောင်လမ်းပြမှတ်တိုင်လေး ကားထွက်ခါစတုံးကတော့ ကားပေါ်မှာလူအပြည့်မပါ ပါဘူး။ ခရီးသွားသူတွေကလည်း လမ်းတစ်လျှောက်တက်လိုက်ဆင်းလိုက်နဲ့ပါဘဲ။ စပယ်ယာလိုက်တဲ့ကောင်လေးတွေက လူသစ်ကလေးတွေဆိုတော့ လမ်းကနေတက် လမ်းမှာဘဲဆင်းတဲ့ခရီးသည်တွေရဲ့ ကားခကိုဘယ်လောက်တောင်းရမယ်ဆိုတာမသိကြပါဘူး။ အဲတော့ တစ်ယောက်တက်လာရင် တစ်ခါမေးရပါတယ်။ ဘယ်ကနေဘယ်အထိ လိုက်မှာ […]
