ကျနော်ရယ် ကိုအောင်မောင်းရယ်က အခုတလော မနက်တိုင်း မနက်တို်င်း တက်သေးအင်းကန်တော်ကြီးပါတ်လမ်းမှာလမ်းလျှောက်ဖြစ်ကြပါတယ်။ ကျနော်တို့ နှစ်ယောက်က မနက် ငါးနာရီခွဲလောက်ဆိုရင် ကန်ပါတ်လမ်းအဝင်နားမှာရှိတဲ့ရေပေါ်စင်ကြီးနားကိုရောက်ပါတယ်။ အရင်ကတော့ ဒီစင်ကြီးက လာတဲ့ဧည့်သည်တွေနားဘို့လေညင်းခံဘို့လုပ်ထားတာပါ။ တစ်ခါတစ်ရံ စနေနေ့ညတနင်္ဂနွေနေ့ညတွေ မှာဆိုရင် တီးဝိုင်းအဖွဲ့တွေက သီချင်းတွေနဲ့ဧည့်ခံတတ်ပါတယ်။ ဒါပေမယ့် စည်းကမ်းမဲ့တဲ့လူတစ်ချို့ စင်ပေါ်မှာလူထိုင်ဘို့ထားတဲ့ကွပ်ပျစ်တွေကိုတောင် ရိုက်ချိုးကြ စင်ပေါ်မှာ မီးဖိုကြလုပ်တော့ပျက်စီးမှာစိုးတဲ့အတွက်စားသောက်ဆိုင် တစ်ဆိုင်ကို ငှားလိုက်ပါတယ်။ ကျနော်တို့က ပါလာတဲ့ဆိုင်ကယ်ကို အဲဒီစားသောက်ဆိုင်မှာ အစောင့်တာဝန်ယူတဲ့ဝန်ထမ်းကိုပြောလို့ ထားခဲ့တတ်ကြပါတယ်။ ပြီးတော့ စကားတပြောပြောနဲ့ခပ်သွက်သွက်လေးချွေးကလေးစို့အောင် တောင်ဖက်အဖျားက ကရိဝိက်ဖောင်တော်ကြီးနားရောက်အောင်လျှောက်တတ်ကြပါတယ်။ ကရဝိက်အနားရောက်တော့ သူ့ဘေးကပ်ရက်မှာရှိတဲ့ ရွိုင်ရယ်လိပ်ဗျူးဆိုတဲ့စားသောက်ဆိုင်က ဆောက်ပေးထားတဲ့ ရေပေါ်တံတားလေးပေါ်မှာ တစ်ခါတစ်လေကျတော့လဲ မမြလေးဘုရားနားက ကုက္ကိုပင်အောက်မှာ နှစ်ယောက်သား အမောဖြေရင်း ရောက်တတ်ရာရာ လေပေါတတ်ကြပါတယ်။ အခုရက်က တောင်ပြုန်းပွဲရက်ဖြစ်တော့ စစ်ကိုင်းဘက်ကနေ တောင်ပြုန်းပွဲတော်ကို သွားတဲ့ကားတွေကလဲ လူအပြည့် တက်တက်ကြွကြွ […]
