အောင်မြင်သူများသုံးသော အင်္ဂလိပ်စာ (၂) English for Success (2)

kaiFebruary 25, 20264min00

By Prof; Myo Kyaw Myint

ယခုလတွင် အောင်မြင်လိုသူတိုင်း ရှောင်ရှားသင့်သော Expressions လေးများကို ဦးစွာ ဖော်ပြလိုပါသည်။ နေ့စဉ် မိမိသုံးစွဲနေသည့် အင်္ဂလိပ်စကားလုံးများတွင် Profanity ဟု ခေါ်သော ရုန့်ရင်းကြမ်းတမ်းသော Expression လေးများကို ရှောင်နိုင်ရန် အထူးလိုအပ်ပါသည်။ အားလုံးသိပြီးသားပဲ။ Social media ဟု လူသိများသည့် Facebook တို့၊ TikTok တို့၌ မြန်မာလူမျိုး တော်တော်များများသည် စစ်အစိုးရကို၎င်း၊ မင်းအောင်လှိုင်ကို၎င်း၊ ပြစ်ပြစ်နှစ်နှစ် မြန်မာလိုရော၊ အင်္ဂလိပ်လိုပါ ဆဲရေးနေကြပါသည်။

ထိုသို့ ဆဲရေးကြ၍ စစ်အစိုးရသည်၎င်း၊ မင်းအောင်လှိုင်သည်၎င်း ဘယ်နည်းဘယ်ပုံနှင့် နစ်နာသွားသည်ကို စာရေးသူ မသိပါ။ သို့သော် ဆဲရေးနေကြသူများကိုတော့ လူမျိုးခြားများက အထင်အမြင်သေးသွားနိုင်ပါသည်။ အကျင့် မလုပ်မိပါစေနှင့်။ အင်္ဂလိပ်စကားစုလေး တစ်ခုကို မှတ်ထားသင့်ပါသည်။

Don’t get mad. Get even.

ဟုတ်တယ်လေ။ ဆဲဆိုနေလို့ ဘာမှအကျိုး မရှိပါဘူး။ ပြန်လည် ဂလဲ့စားချေနိုင်ဖို့ ကြိုးစားပါ။ နောက်ထပ် စကားစုလေးတစ်ခု ရှိပါသေးသည်။

“The best revenge is your success”

ဒီတော့ အောင်မြင်သူတစ်ယောက် ဖြစ်လာအောင် Profanity ကို ရှောင်ပြီး ဆောင်သင့်တဲ့ စကားစုလေးများကို ကြိုးစားပြီး မှတ်သားထားပါ။ သုံးတတ်အောင်လည်း လေ့လာပါ။ အသုံးလည်း အသုံးချကြည့်ဖို့ မေတ္တာရပ်ခံလိုပါတယ်။ မိမိကိုယ်တိုင်ရော၊ မိမိ၏ သားသမီးလေးများကိုပါ Stupid, Idiot, Fool, Nincompoop စသည့် အင်္ဂလိပ်စကားလုံးလေးများကို မသုံးမိစေရန် အကျင့်လုပ်ပေးထားပါ။ ပြောနေမကျတော့ မပြောတော့ဘူးပေါ့။

နောက် မြန်မာလူမျိုးများက အခြားလူမျိုးများကို၎င်း မိမိတို့နှင့် မတူသည့်လူများကို၎င်း ရိုင်းစိုင်းသော စကားလုံးများသုံး၍ ခေါ်တတ်ပါသည်။ ဥပမာ – အချို့လူမျိုးတစ်မျိုးကို “ပဲ” ဟု ခေါ်တာမျိုး ရှိပါသည်။ မခေါ်သင့်ပါ။ ရိုင်းပါသည်။ မိမိ၏ အဆင့်အတန်းကို မိမိကပင် ဖော်ပြသလို ဖြစ်နေပါသည်။ လူမျိုးကြီး ဖြစ်ကြောင်း ပြသနိုင်ဖို့ လိုပါသည်။ အထူးသဖြင့် Gay များကို Lesbian များကို အင်္ဂလိပ်လို Faggots, Dykes, Sissy စသဖြင့် မသုံးမိစေရန် ရှောင်ကြဉ်ရပါမည်။

အလုပ် မရရုံသာမက ရှိပြီးသား အလုပ်ပင် ပြုတ်သွားနိုင်ပါသည်။ African American များကိုလည်း N-word သုံး၍ လုံးဝ မခေါ်ပါနှင့်။ အလုပ်လည်း ပြုတ်၊ တရားတစ်ဘောင်ပင် ရင်ဆိုင်ရနိုင်ပါသည်။

ကဲ၊ ရှောင်ရန် Expression လေးများတော့ တော်တော်လေး ပြည့်စုံသွားပါပြီ။ ယခု မိမိ၏ Experience ကို၎င်း၊ Education ကို၎င်း လူအထင်ကြီးသွားအောင် ပြောပြနိုင်ရန်၊ ရေးသားဖော်ပြနိုင်ရန် အကြံပေးလိုပါသည်။ ရက်ပိုင်းအတွင်းက San Jose Mercury News ၌ ပါလာသည့် ကာတွန်းလေး တစ်ခုကို ဖော်ပြပေးလိုပါသည်။ ထိုကာတွန်း၌ လူငယ်တစ်ယောက်က ၎င်း၏ အလုပ်၊ တစ်နည်းအားဖြင့် Work experience ကို အောက်ပါအတိုင်း ပြောပြရှာပါသည်။

“I am in culinary support, pot refurbish, cutlery renewal, water spot management, that sort of thing.”

ထိုလူငယ်လေး၏ အလုပ်ကို စာဖတ်သူများ အလွယ်တကူ သိနိုင်မည်ဟု စာရေးသူကတော့ မထင်ပါ။ သူပြောပြထားပုံကတော့ တော်တော်လေးကို အထင်ကြီးစရာပေါ့နော်။ ထိုလူငယ်လေး Describe လုပ်ထားသည့် အလုပ်မှာ Dishwasher ပါဟု ဆိုလျှင် စာဖတ်သူများ အနည်းငယ် အံ့ဩသွားမလား မသိပါ။ စာရေးသူကို အထင်မလွဲစေလိုပါ။

မိမိ၏ Education နှင့်၎င်း၊ Experience နှင့်၎င်း ပတ်သက်၍ လိမ်ညာပြောဆိုဖို့ အားပေးနေခြင်း မဟုတ်ပါ။ အမှန်ကို အမှန်အတိုင်း ပြောဖို့ပါပဲ။ သို့သော် အမှန်ကို ပြောဆိုသည့်အခါ တစ်ဖက်သားက မိမိကို အထင်ကြီးသွားအောင် ပြောတတ်ဖို့ လိုပါသည်။

ဥပမာအားဖြင့် စာရေးသူ၏ Work experience ကို ဖော်ပြလိုပါသည်။ မြန်မာပြည်၌ RC 3 ခေါ် ကြည့်မြင်တိုင်ဒေသကောလိပ်၌ ခုနှစ်နှစ်တိတိ (7 years) Tutor အဖြစ် လုပ်ခဲ့ပြီးနောက် စစ်တွေ ဒီဂရီကောလိပ်သို့ ပြောင်းရွှေ့ခဲ့ရပြီး၊ ၃ နှစ်တိတိ ဌာနမှူးအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ သို့သော် ဒီ US ၌ သုံးသော၊ လူအများသိသော Tutor ဆိုသည့် စကားလုံးမှာ ဆရာ၊ ဆရာမ မဟုတ်ပါ။ ကျောင်းသားအချင်းချင်း စာသင်ပေးသူကို Tutor ဟု သုံးတတ်ကြပါသည်။ ဒီတော့ စာရေးသူရဲ့ Resume မှာ Seven years as a tutor ဟု ရေးသားဖော်ပြခဲ့လျှင် မည်သူကမျှ အလုပ် Interview ခေါ်မည် မဟုတ်ပါ။ အထင်ကြီးစရာ နည်းနည်းလေးမျှ မရှိပါ။

ထို့ကြောင့် မလိမ်မညာဘဲ ယခုလို ပြောင်းရေးထားမှ Work experience အစစ်အမှန် ပေါ်ပါလိမ့်မည်။ ဒီလို ရေးသား ဖော်ပြခဲ့၍လည်း စာသင်ကြားသည့် အလုပ် ရခဲ့ခြင်း ဖြစ်ပါသည်။ အားလုံးနားလည်သဘောပေါက်လိမ့်မည်ဟု ထင်ပါသည်။

၁။ I was an English tutor for seven years. (ဆိုသည်နှင့်) ၂။ I taught EFL to first and second year students at the tertiary level for seven years.

ဆိုသည့် ဝါကျလေးနှစ်ခုဟာ Hiring Committee အတွက်တော့ အဓိပ္ပာယ် တော်တော်လေး ခြားနားနေပါသည်။

နောက်ဆုံးအနေနှင့် စာရေးသူ၏ တပည့်လေးတစ်ယောက် Scholarship လျှောက်ထားသည်ကို နမူနာ ပြလိုပါသည်။ ၎င်း၏ ပညာရေးကို သာမန် မိမိနိုင်ငံမှ ရရှိထားသည့် M.Sc. ဘွဲ့ဟု ဖော်ပြရုံနှင့်တော့ Scholarship ရရှိဖို့ မလွယ်ပါ။ သို့သော် အောက်တွင် ဖော်ပြထားသည့်အတိုင်း လှလှပပ ရေးဖွဲ့ပြထားလိုက်သည့်အခါ ၎င်းလျှောက်ထားသည့် Scholarship လေး ရရှိသွားခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပါ။

“I have a M.Sc. in Physics from my home country and developed strong knowledge of energy systems and sustainability. I have worked on projects related to sustainability as part of my educational requirements.”

စာဖတ်သူ အားလုံး ဤကဲ့သို့ အမှန်ကိုပင်၊ အရှိကိုပင် တစ်ပါးသူများ အထင်ကြီးသွားအောင်၊ လေးစားသွားအောင် ပြောနိုင်၊ ဆိုနိုင်၊ ရေးနိုင်ကြပါစေဟု ဆုတောင်းရင်း နားပါဦးမည်။