မြန်မာ့ဂဇက် အယ်ဒီတာ့သင်ပုန်း – ဖေဖော်ဝါရီ ၂၀၂၆
ဖေဖော်ဝါရီလသည် မြန်မာတို့အတွက် နာကျင်ဖွယ်ရာ ဒဏ်ရာဟောင်းများ ပြန်လည်သတိရစေသော ကာလဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုမှ ယခုအခါ ငါးနှစ်ပြည့်မြောက်လာပြီဖြစ်သည်။ သို့ရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများတွင် တိုးတက်မှုထက် ဆုတ်ယုတ်မှုများ ပိုမိုမြင်တွေ့နေရသည်ဟု လေ့လာသူများက သုံးသပ်ကြသည်။ ပင်လုံစာချုပ်အခြေပြု ဖေဖော်ဝါရီ ၁၂ ရက်ပြည်ထောင်စုနေ့မှာမူလည်း တကွဲတပြားဖြစ်ရန်သာ လူမျိုးစုတိုင်း၏ဦးတည်ထားမှုများကြောင့် အမည်သညာသာကျန်တော့သည့်အခြေအနေရယ်ပါ၊ မြန်မာလူငယ်များအပါအဝင် မြန်မာတို့၏ နိုင်ငံတကာသို့ ထွက်ပြေးအခြေချနေထိုင်မှုမှာ သမိုင်းတလျောက်အများဆုံး အခြေအနေဆိုက်လျက်ရှိသည်။
တဖက်တွင် အမေရိကသမ္မတထရမ့်သည် သူ၏ ဒုတိယသက်တမ်းနိုင်ငံတော်အခြေပြမိန့်ခွန်းကို အောက်လွှတ်တော် ဥက္ကဋ္ဌ (Speaker of the House) ၏တရားဝင် ဖိတ်ကြားမှုအရ ကွန်ဂရက်သို့ရောက်ရှိဟောပြောကြားခဲ့သည်။ သမ္မတ၏ မိန့်ခွန်းတွင် “အမေရိကန်တို့၏ လုံခြုံရေးနှင့် အချုပ်အခြာ” ကိုသာ အဓိက ဦးစားပေးခဲ့ပြီး ပြည်တွင်းရှိ ရွှေ့ပြောင်းနေထိုင်သူများအား တင်းကျပ်စွာ စိစစ်အရေးယူရေးကိုသာ အလေးပေး ပြောခဲ့သည်။ ပါတီမတူသည့် ယခင်အုပ်ချုပ်ရေးသမ္မတများနှင့် အတိုက်အခံဒီမိုကရက်တစ်ပါတီလွှတ်တော်အမတ်များကို အမည်တပ်ခေါ်ကာ တိုက်ခိုက်ပြောကြားသွားခဲ့သဖြင့် ဤသည်ပင်လျှင် မိမိနှင့်အယူမတူ သဘောကွဲသူများအား အတိုင်အတောထူပြောသော တရားစွဲခေတ်သစ်တခု၏ အစပျိုးခြင်း ဖြစ်ပေတော့မည်။
“ရှေ့နေစားခေတ်နှင့် ဖက်ဒရယ်စနစ်”
ယခုခေတ်သည် နိုင်ငံရေး၊ ဘာသာရေးနှင့် လူမှုရေး အကြောင်းပြချက်မျိုးစုံဖြင့် တဦးနှင့်တဦး အပြန်အလှန် အတိုင်အတော ထူပြော တရားစွဲလာကြသည့် ရှေ့နေစားခေတ်ဖြစ်ပါသည်။ သမ္မတကိုယ်တိုင်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကိုစောင့်လျောက်လျှက် အမေရိကန်တို့အကျိုးစီးပွား ဦးထိပ်ထားဆောင်ရွက်ပါမည်ဟု ကျမ်းကျိန်ဆိုထားသော်လည်း သူ့အစိုးရအဖွဲ့ဝန်ကြီးဋ္ဌာနအပါအဝင် တရားစွဲဆိုမှုများကို လုပ်ဆောင်ပြနေသဖြင့် အတိုင်အတောပြုလုပ်ခြင်းသည်သာ တရားဝင်လမ်းကြောင်းဖြစ်သည်ဟု ထင်မြင်နေသူများ ရှိလာနိုင်ပါသည်။ သို့သော် အမေရိကားသည် ဖက်ဒရယ်စနစ် ဖြင့် လည်ပတ်နေခြင်းဖြစ်၏။ မြို့/ရပ်ကွက်အတွင်းရှိ အုပ်ချုပ်ရေး၊ ရဲနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည်ပင် ဆိုင်ရာရပ်ကွက်က ပေးဆောင်သော အခွန်ဘဏ္ဍာ (လစာ) ဖြင့် အဓိကရပ်တည်နေခြင်းဖြစ်ပြီး ဒေသခံလူထုတို့၏ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရန် ခိုင်းစေထားခြင်းသာ ဖြစ်လေသည်။
မိမိတို့စုပေါင်းပေးဆောင်သော အခွန်ငွေဖြင့် လည်ပတ်နေသည့် အဖွဲ့အစည်းများကို မိမိ၏ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များ သို့မဟုတ် မုန်းတီးမှုများအတွက် အသုံးချရန် ကြိုးပမ်းခြင်းသည် စနစ်၏ လုပ်ထုံးလုပ်နည်းကို နားမလည်ရာ ရောက်သည်။
“တိုင်စာနှင့် မလွတ်ကြမ္မာ”
မနာလိုမစ္ဆရိယနှင့်မုန်းတီးမှုကို အခြေခံ၍ ဗီဇာ/နေထိုင်ခွင့်အခြေမကျသေးသူတဦးကို တိုင်ကြားမည်ဆိုပါက အထူးသဖြင့် လူမျိုးရေးခွဲခြားမှုများ ရှိနေသည့် ယခုကဲ့သို့သော ကာလမျိုးတွင် တိုင်ကြားသူကိုယ်တိုင်သည်လည်း ဤနိုင်ငံ၌ မွေးဖွားသူမဟုတ်ပါလျင် မြှားဦးသည် မိမိထံသို့သာ ပြန်လည်လှည့်လာနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ဥပဒေစိုးမိုးစောင့်ရှောက်ရေးအဖွဲ့များသည် ပရိုဆန်ဆန် (Professionally) အလုပ်လုပ်ကြခြင်းကြောင့်တည်း။ တိုင်ကြားချက်တစ်ခု ရရှိလာပါက ထိုအချက်အလက်သည် သက်သေအထောက်အထားအပေါ် အခြေခံ၍ အမှန် ဟုတ်/မဟုတ် နှင့် တိုင်ကြားသူမည်သူမည်ဝါဖြစ်သည်ကို စစ်ဆေးပြီးမှသာ အမှုတွဲကို စတင်ကိုင်တွယ်လေ့ ရှိပါသည်။ အမည်မသိ (Anonymous) စနစ်ဖြင့် တိုင်ကြားခြင်းကိုလက်ခံနိုင်သော်လည်း လူဦးရေ ၃၄၂သန်းသော အမေရိကားတွင် မဆန်းသောကိစ္စများအဖြစ်သဘောထားကာ အထူးဂရုပြုကြမည် မဟုတ်။ လစာစား ဝန်ထမ်းများဖြစ်ကြသည့် အာဏာပိုင်များသည် ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ လူထုအခွန်ဘဏ္ဍာဖြင့် တည်ဆောက်ထားသော အခြေခံအဆောက်အအုံများကို အသုံးပြု၍ အမှုဖွင့်လှစ်မည် မဟုတ်ကြောင်း သတိပြုသင့်ပါသည်။ အမှုဖွင့်လှစ်ဖြစ်လျှင်လည်း တိုင်ကြားသူ၏ ရာဇဝင်နှင့် ပြစ်မှုမှတ်တမ်း (Criminal History) ကိုသာ အဓိကထား “စတင်”စစ်ဆေးမည် ဖြစ်သည်။ အမှုတိုင်းတွင်တရားစွဲဆိုမည့် Prosecutor (အစိုးရရှေ့နေ သို့မဟုတ် တရားစွဲဆိုသူ)လိုပါသည်။ “ကိုယ်ကောင်း ခေါင်းဘယ်မရွေ့” ဟူသော ဆိုရိုးစကားသည် ဤခေတ်ကမ္ဘာဝယ် ခေတ်နောက်ကျခဲ့ပြီ။ ကိုယ်ကောင်းခြင်း မှန်ခြင်းကို အတည်ပြုပေးနိုင်မှုသည် အာဏာပိုင်များ၏လက်တွင်သာ ရှိ၍ပါ။
“The Homeland” ဋ္ဌာနေ နှင့် ကျင့်ဝတ်ဆိုင်ရာ
ယခုခေတ် ဆိုရှယ်မီဒီယာများ အထူးသဖြင့် မြန်မာအသိုင်းအဝိုင်းကို လေ့လာကြည့်လျှင် အမေရိကား၏ နိုင်ငံရေးကို ဝေဖန်နေသူ ထောက်ခံ/ကန့်ကွက်နေသူများသည် ကနေဒါ၊ ယူကေ၊ စင်္ကာပူ၊ အိန္ဒိယ၊ ထိုင်း စသဖြင့် ပြင်ပ နိုင်ငံအခြေစိုက်များ ဖြစ်နေသည်ကို တွေ့ရမည်။ အမေရိကန်တို့၏ ပင်ကိုယ်စရိုက်သည် ဤဋ္ဌာနေ”The Homeland”ကိုသာ ယုံကြည်၍ ချစ်သည်၊ “America First” မူဝါဒအပေါ် အခြေခံသော်လည်း ဆိုရှယ်မီဒီယာ အသုံးပြုသူ အများစုမှာ နိုင်ငံတကာရောက် မြန်မာများ ဖြစ်နေကြပါသည်။ လက်ရှိတွင် အမေရိကအစိုးရကျောထောက်နောက်ခံပြုထားသည့် သက်တမ်းရင့် မြန်မာဘာသာမီဒီယာများ မရှိသလောက် ဖြစ်သွားပြီး Citizen Journalist များနှင့် Social Influencer များ၏ ပါးစပ်ဖျားတွင်သာ သတင်းများ လမ်းဆုံးနေရသည့် အခြေအနေ ဖြစ်သည်။ ‘အမေရိကား’ (America) နှင့် ‘အမေရိကန်’ (American) ပင် ကွဲပြားစွာ မသိဘဲ AI (နတ်ဉာဏ်) သုံး၍ တိုက်ရိုက်ဘာသာပြန်ရင်း ဝင်ရောက်စွက်ဖက်နေသူများအား အလုံးအရင်းတွေ့ကြရ၏။ မူပိုင်ခွင့် (Copyright) ကိုလည်း နားမလည်ကြဘဲ သူတပါး အပင်ပန်းခံ ရေးသားထားသော သတင်းများကို ပုံစံပြောင်း တင်ရုံဖြင့် မိမိကိုယ်ကိုယ် သတင်းသမားဟု ခေါင်းစဉ်တပ်နေကြခြင်းသည် ဆင်ခြင်သင့်သော ကိစ္စဖြစ်၏။ မူရင်းသတင်းဌာနများ၏ ဉာဏပစ္စည်းကို အသိအမှတ်မပြုဘဲ ခရက်ဒစ် (Credit) ဆိုသည်ကိုပင် နားမလည်ခြင်းသည် နောင်တချိန်တွင် ကြီးမားသော ဥပဒေကြောင်းအရ အကျိုးဆက်များကို ရင်ဆိုင်ရစေနိုင်ပါသည်။
“Fact Check သို့ တိုက်တွန်းချက်”
နတ်ဉာဏ် (AI) ခေတ်သို့ ရောက်ရှိလာသည်နှင့်အမျှ သတင်းအချက်အလက်များ၏ ခိုင်မာမှုကို စစ်ဆေးရန် (Check and Balance) သည် ပို၍ အရေးကြီးလာပါသည်။ စာဖတ်သူများအနေဖြင့် ပုံလျှံနေသော သတင်းများကို အလွယ်တကူ မယုံကြည်ဘဲ Fact Check ပြုလုပ်ကြရန် တိုက်တွန်းလိုပါသည်။ သတင်းမှားများ ပရိုမဆန်ပဲ တဖက်သားအား တိုက်ခိုက်သော သတင်းများ အုပ်စုလိုက်ဝိုင်း၍ လှည့်စားသတင်းယောင်များကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရခြင်းသည် မိမိကိုယ်နှိုက်၏ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်သဖြင့် ကျန်းမာရေး/အသက်တမ်းနှင့် လဲလှယ်၍ မစတေးကြစေလိုပါ။ ဆိုရှယ်မီဒီယာသည် ဘဝမဟုတ်ပါ၊
ပြီးခဲ့သည် ရက်ပိုင်း ဖက်ဒရယ်အဆင့်ကော်မရှင်နာမင်းကြီးများနှင့် တွေ့ဆုံ စကားပြောခွင့်ရခဲ့ရာတွင် ဤသူ အမေရိကားတွင် ပုံနှိပ်မီဒီယာ သက်တမ်း အနှစ် ၂၀ ရှိသူ တဦးအနေဖြင့် လခစားဝန်ထမ်းများဖြင့် ဘက်ဂျက်ကောင်းစွာလည်ပတ်နိုင်သော VOA နှင့် RFA ကဲ့သို့သော မြန်မာဘာသာသတင်းဋ္ဌာနများ ခိုင်မာစွာ ပြန်လည် ရပ်တည်နိုင်ရေးကို ပြန်ခွင့်ပေးပါရန် တောင်းဆိုခဲ့၏။ မြန်မာများအတွက် သတင်းအချက်အလက်မှား/မှန်စစ်ရာတွင် ရွေးချယ်စရာကောင်းတခုအဖြစ် VOA, RFA တို့သည် သမိုင်းတလျောက် ထိရောက်စွာ ရှိတည်ပေးခဲ့သည်ဟု ဤသူယူဆပါသည်၊
ကောင်းဖို့ရောက်မူ ၊ ခွင့်လျှင်ပေး၏
နိုင်ငံရေးဆိုသည်မှာ ဝိရောဓိ (Paradox) များဖြင့် ပြည့်နှက်နေတတ်ပါသည်။ ရီပတ်ဘလီကန် (GOP) များအတွက် ၂၀၂၆ ခုနှစ်တွင် အကောင်းဆုံး ဖြစ်လာနိုင်သည့် အချက်မှာ အောက်လွှတ်တော်၌ ရှုံးနိမ့်ခြင်းပင် ဖြစ်နိုင်ပါသည်။ အချို့သော အခြေအနေများတွင် အဖွဲ့အစည်းတခု/ပါတီတရပ်ကို ကယ်တင်ရန် တခုတည်းသော နည်းလမ်းမှာ ထိုအဖွဲ့အစည်းမှ ထွက်ပေါ်လာသော အကျိုးဆက်ကို ၎င်းကိုယ်တိုင် ပြန်လည်ခံစားစေခြင်းပင် ဖြစ်ပါသည်။ အစွန်းရောက် လူထုအကြိုက်လမ်းစဉ် (Radical Populism) ဘက်သို့ လားရာမဲ့ လွင့်မျောနေသည့် ပါတီတစ်ခုအနေဖြင့် အာဏာကို မည်သို့သော နည်းဖြင့်မဆို ဆုပ်ကိုင်ထားခြင်းထက် အုပ်ချုပ်ရေးယန္တရားနှင့် ထိုက်တန်လာအောင် မည်သို့ ပြန်လည်ပြုပြင်မည်နည်း ဆိုသည်မှာ ပို၍ အရေးကြီးပါသည်။
ဤအခြေအနေကို မြန်မာ့နိုင်ငံရေးနှင့် နှိုင်းယှဉ်ကြည့်ပါက NLD သည် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အတိုင်း အတာတခုထိ အလျော့ပေး၍ နိုင်ငံရေးအင်အားချိန်ညှိမှုများ ပိုမိုလုပ်ဆောင်နိုင်ခဲ့လျှင်မြန်မာပြည်သည် ယခု အခြေအနေမျိုးသို့ ဆိုက်မသွားနိုင်ဟု ယူဆပါသည်။
အနိုင်ကိုသာယာ၍ အရှုံးကို ဖိနှိပ်လိုသည့် စိတ်ဓာတ်သည် ရေရှည်တွင် တိုင်းပြည်အကျိုးစီးပွားကို ထိခိုက်စေနိုင်သည်။ “ပါတီရှုံး၍ တိုင်းပြည်နိုင်စေချင်လျှင် ခွင့်လျှင်ပေးရမည်” ဟူသော ဝိရောဓိသည် ဒီမိုကရေစီ၏ အခြေခံစိတ်ဓာတ်နှင့် ဆက်နွယ်နေသည်။
ဖေဖော်ဝါရီသည် နာကျင်မှုကို သတိရစေသော်လည်း သင်ခန်းစာကိုလည်း သတိပေးသည်။ဒီမိုကရေစီသည် အနိုင်ရသူ၏ ပိုင်ဆိုင်မှုမဟုတ်ဘဲ မတူကွဲပြားသူများအကြား အာဏာမျှဝေတတ်သည့် စိတ်ဓာတ်ပေါ်တွင် မူတည်နေသည်။
နိုင်ငံရေးသည် ဝိရောဓိများဖြင့် ပြည့်နှက်နေသော်လည်းတခါတရံ အကြီးမားဆုံးအနိုင်မှာ “ခွင့်လျှင်ပေးခြင်း” ဖြစ်သည်။

