ဖယ်ဒရယ်အစိုးရလုပ်ငန်းများ ရပ်ဆိုင်းခြင်းနှင့် အစိုးရကျန်းမာရေးစောင့်ရှောက်မှုများ၏ ရှေ့ရေး

kaiOctober 17, 20257min00

by Swe Swe Aye


US သမိုင်းတွင် ၁၁ ကြိမ်မြောက် ဖယ်ဒရယ်အစိုးရလုပ်ငန်းများ ရပ်ဆိုင်းခြင်းကို ၂၀၂၅၊ အောက်တိုဘာ ၁ (၂၀၂၆ ဘဏ္ဍာရေးနှစ်၏ ပထမနေ့ဖြစ်သောနေ့)၊ မနက် ၁၂:၀၁ EDT အချိန်တွင် စတင်ခဲ့သည်။ ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လျာထားခြင်းဆိုင်ရာဥပဒေများကို အတည်ပြုရန် ပျက်ကွက်ခြင်း၏ ရလာဒ်ကြောင့် ရပ်ဆိုင်းခြင်းဖြစ်သည်။

ဖယ်ဒရယ်အသုံးစရိတ်အဆင့်များတွင် နိုင်ငံခြားတိုင်းပြည်များကို အထောက်အပံ့များ ရပ်ဆိုင်းခြင်းများ၊ ကျန်းမာရေးအာမခံများအတွက် အစိုးရအထောက်အပံ့များအပေါ်မှာ ပါတီနှစ်ခု သဘောကွဲလွဲခြင်းများကြောင့် ဖယ်ဒရယ်အစိုးရလုပ်ငန်းများ ရပ်ဆိုင်းခြင်းဖြစ်သည်။ ထိုအထဲတွင် ကျန်းမာရေးစောင့်ရှောက်မှုများ လျော့ချခြင်းသည် အဓိကအချက်ဖြစ်နေသည်။ (၁၀ ကြိမ်မြောက် ဖယ်ဒရယ်အစိုးရလုပ်ငန်းများ ရပ်ဆိုင်းခြင်းသည် ၂၀၁၈၊ ဒီဇင်ဘာ ၂၂ မှစပြီး ၂၀၁၉၊ ဇန်နဝါရီ ၂၅ တွင် အဆုံးသတ်ခဲ့သော U.S. government shutdown သည် ၃၅ ရက်ကြာခဲ့သည်။) ထိုအကြောင်းအရာအတွက် ဆွေးနွေးပွဲကို အောက်တိုဘာ ၁၀၊ ၂၀၂၅ တွင် American Community Media က ဦးစီးပြီး ကျင်းပခဲ့သည်။ ယခုနှစ်အကုန်တွင် premium tax credits များကို အဆုံးသတ်ကာ Affordable Care Act လစဉ် ပရီမီယမ်ကြေးများ နှစ်ဆခန့် တက်လာမည့်အရေးအတွက် အမေရိကန်လူသန်းပေါင်းများစွာသည် တုန်လှုပ်ခြောက်ခြားလျက်ရှိကြသည်။

လူ ၄ သန်းခန့်သည် ကျန်းမာရေးအာမခံများ ဆုံးရှုံးမည်ဖြစ်သည်။ စစ်တမ်းအသစ်များအရ အမေရိကန် ၁၀ ယောက်လျှင် ၇ ယောက်သည် မြင့်မားသော ကျန်းမာရေးစောင့်ရှောက်မှု စားရိတ်စကများကို မတတ်နိုင်ကြချေ။ ဝင်ငွေအလွန်နည်းပါးသောသူများသည် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ဆုံးရှုံးရမည်ဖြစ်ပြီး Medicaid ရရှိထားသူများသည် စည်းမျဉ်းအသစ်များနှင့် ကန့်သတ်ချက်အသစ်များ ရှိလာမည်ဖြစ်ပြီး အမေရိကန် ၁၂ သန်းခန့်သည် ကျန်းမာရေးအာမခံများ ဆုံးရှုံးကြမည်ဖြစ်သည်။


Medicaid နှင့် Medicare ကျန်းမာရေးအာမခံများ

Medicaid နှင့် Medicare ကျန်းမာရေးအာမခံများကို လူသစ်များ လျှောက်ထားရန် နိုဝင်ဘာ ၁ ရက်မတိုင်မီတွင် ဖွင့်လှစ်ခဲ့သည်။ ၁၉၈၁ တွင် စတင်တည်ထောင်ခဲ့သော Families USA ၏ ဝန်ထမ်း ၃ ပုံ ၁ ပုံသည် ထိုကျန်းမာရေးအာမခံများကို ရရှိခဲ့ကြပြီး အခြားသောဝန်ထမ်းများမှာ Affordable Care Act က သတ်မှတ်ပေးသော marketplaces များတွင် မိသားစုလိုက်၊ တစ်ဦးချင်းလိုက် အခြားကျန်းမာရေးအာမခံများကို ဝယ်ယူရသည်။ လွှတ်တော်က ဖယ်ဒရယ်အစိုးရ၏ လုပ်ငန်းများ ရပ်ဆိုင်းခဲ့ရခြင်းကို မပြုလုပ်ခဲ့ပါက နိုဝင်ဘာ ၁ ရက်နောက်ပိုင်းတွင် ကျန်းမာရေးအာမခံများ ကြီးမားသောနှုန်းဖြင့် ဈေးတက်ခြင်း၊ tax credits ရပ်ဆိုင်းခြင်းတို့နှင့် ရင်ဆိုင်ရပါက ဝန်ထမ်းများ၊ သက်ငယ်ပင်စင်ယူထားသူများ၊ အသေးစားလုပ်ငန်းပိုင်ရှင်များသည် ကျန်းမာရေးအာမခံများကို ဈေးတက်လိုက်သည့် ပရီမီယမ်ကြေး ဈေးကြီးပေးဝယ်ယူရတော့မည်ဖြစ်ကြောင်း Families USA ၏ Executive Director ဖြစ်သူ Anthony Wright က ဆွေးနွေးခဲ့သည်။

H.R. 1 ဥပဒေအရ မူဝါဒအသစ် Vs အာမခံမူဝါဒအသစ်များ

သမ္မတ Trump အုပ်ချုပ်ရေးသစ်၏ ယခုနှစ်အစောပိုင်းတွင် အတည်ပြုခဲ့သော H.R. 1 ဥပဒေအရ မူဝါဒအသစ်ချမှတ်ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုများအတွက် ဘတ်ဂျက်ကိုဖြတ်ရာ ပထမဆုံး ဆိုးကျိုးမှာ ကျန်းမာရေးအာမခံ ပရီမီယမ်ကြေးများ မြင့်တက်ခြင်းနှင့် tax credits များကို လျော့ချခြင်း (သို့မဟုတ်) ရပ်ဆိုင်းခြင်းတို့ ဖြစ်သည်။ tax credits များ အဆုံးသတ်ခြင်း ခံရသူများသည် ကျန်းမာရေးအာမခံ ပရီမီယမ်ကြေးများကို ၂ ဆသို့မဟုတ် ၂ ဆထက်ပိုပြီး ပေးရမည်ဖြစ်ပြီး အချို့သူများတွင် ဒေါ်လာရာဂဏန်းများ ပေးသွင်းရမည်။ Anthony Wright က “အရေးကြီးတဲ့အချက်ကို ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောချင်တာက ဒီကျန်းမာရေးအာမခံ ပရီမီယမ်ကြေးနှုန်း မြင့်တက်တာတွေကို အဖြစ်မခံဖို့ပါပဲ။ ဒီမူဝါဒက ကွန်ဂရက်နဲ့ အခုအုပ်ချုပ်ရေးက ချမှတ်ခဲ့တာပါ။ သမ္မတ Trump နဲ့ ကွန်ဂရက်က Republican majority လူတွေက ဈေးနှုန်းတွေ လျော့မယ်လို့ ကတိပေးခဲ့တာတွေ ပျက်ကွက်ခဲ့ပြီး Republican တွေက big corporations တွေနဲ့ လူချမ်းသာတွေအတွက် tax cuts တွေကို တိုးပေးခဲ့တယ်။ လူလတ်တန်းစားတွေနဲ့ ဝင်ငွေနည်းတဲ့သူတွေအတွက် ကျန်းမာရေးအာမခံတွေကို ပြင်ဆင်တာမျိုးကိုတော့ သူတို့က ငြင်းပယ်ခဲ့တယ်” ဟု ပြောကြားခဲ့သည်။

မြင့်တက်လာသော ကျန်းမာရေးအာမခံကြေးများကို မတတ်နိုင်သော လူ ၄ သန်းသည် ကျန်းမာရေးအာမခံမဲ့သွားလိမ့်မည်ဖြစ်ကြောင်းနှင့် အကယ်၍ ဒီဇင်ဘာတွင် tax credits များကို အဆုံးသတ်လိုက်ပါက လူ ၁ သန်းခွဲခန့်သည် ကျန်းမာရေးအာမခံများ ဆုံးရှုံးသွားလိမ့်မည်ဖြစ်ကြောင်း Anthony Wright က ဆက်ပြောခဲ့သည်။ enhanced premium tax credits ဖြတ်လိုက်ပါက လူ ၁ သန်းခွဲမှ ၇ သန်း လူအများ ကျန်းမာရေးအာမခံဖြစ်သော Covered California ပါ ခိုက်မည်ဖြစ်ပြီး Covered California တွင် ပါဝင်သူများမှာ လုပ်ငန်းခွင်မှ ကျန်းမာရေးအာမခံ ဝယ်မရသူများဖြစ်ကြသည့် Real estate agent များ၊ freelancer များ၊ စားသောက်ဆိုင် ဝန်ထမ်းများ၊ လယ်ယာမြေ အလုပ်လုပ်သူများ၊ Uber, Lyft, DoorDash လုပ်ငန်းလုပ်သူများ၊ ဆံပင်ညှပ်ဆိုင် ဝန်ထမ်းများ စသည်ဖြင့် မြောက်များစွာသော သူများအတွက် ကျန်းမာရေးအာမခံကိစ္စ ထိခိုက်မည်ဖြစ်သည်။


ဥပမာ

Anthony Wright က ဥပမာပြခဲ့သည်မှာ Maine ပြည်နယ်ရှိ အသက် ၆၀ အရွယ်၊ တစ်နှစ်လျှင် $65,000 ဝင်ငွေရှိသူသည် ယခုအခြေအနေတွင် တစ်လလျှင် ကျန်းမာရေးအာမခံ $462 ကို ပေးသွင်းနေရသည်။ ပုံမှန် ကျန်းမာရေးအာမခံကြေးမှာ တစ်လကို $1,000 ဖြစ်သော်လဲ tax credit ကို ထည့်တွက်သောကြောင့် တစ်လကို $462 သာ ကျသင့်သည်။ အကယ်၍ ယခုအခြေအနေတွင် premium ကြေးတက်ပါက Maine ပြည်နယ်တွင် ၂၄% တက်သွားပါက tax credit ကို အဆုံးသတ်လိုက်လျှင် ထိုသူသည် ကျန်းမာရေးအာမခံကြေးမှာ တစ်လကို $1,400 ကျမည်ဖြစ်ပြီး တစ်နှစ်လျှင် $10,000 ကျော်မည်ဖြစ်သည်။

ယေဘုယျအားဖြင့် လူအများသည် တစ်လလျှင် ပရီမီယမ်ကြေး $700-$800 ပိုပေးရမည်ဖြစ်ပြီး အသက် ၅၀ နှင့် ၆၀ ကြားလူများ၊ လူဦးရေများသော အိမ်ထောင်စုများသည် အချို့နေရာများတွင် ပိုပေးရမည်ဖြစ်သည်။ tax credit သည် ဝင်ငွေအနည်းအများ ပြောင်းလဲမှုအလိုက် သွားသဖြင့် မိမိဝင်ငွေ ၈.၅% ထက် ပိုမပေးရကြောင်းလဲ Anthony Wright က ရှင်းပြခဲ့ပြီး ကျန်းမာရေးအာမခံ စားရိတ်များ တက်သွားပါက လူအများ Medicaid ကို အဓိကအားထားနေရသော ကျေးလက်ဒေသတွင် ဆေးရုံဆေးခန်းများသို့ ပိုက်ဆံပေးလာပြမည့်သူများ နည်းသွားပြီး rural hospitals, community clinics, nursing home များ ရပ်တည်ရန် အခက်အခဲများနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်းကိုလဲ ဆွေးနွေးခဲ့သည်။ ၂၀၂၀ ခုနှစ် မတိုင်မီက tax credits ထည့်တွက်ကာ ကျန်းမာရေးအာမခံများ အဆင်ပြေအောင် လုပ်ခဲ့ခြင်း မရှိခဲ့ချေ။

Affordable Care Act (ACA) နှင့် enhanced premium tax credits ၏ အကျိုးကျေးဇူးများ

၂၀၁၃ က စတင်အကောင်အထည်ဖော်ခဲ့သော Affordable Care Act မတိုင်မီက ကျန်းမာရေးအာမခံကို ကိုယ်ကိုယ်တိုင် ဝယ်ယူရပြီး ဝယ်သောအခါ ဝယ်ယူသူများကို ရှိရင်းစွဲ ကျန်းမာရေးအခြေအနေ၊ လိင်အမျိုးအစား၊ နေထိုင်သည့် စာပို့သင်္ကေတ၊ နေရာဒေသ အစွဲဖြင့် ဝယ်ယူခွင့်ကို ငြင်းပယ်နိုင်ခြင်းရှိခဲ့သည်။ ဝယ်ယူပြီးသောအခါ မိမိဝယ်ထားသော ကျန်းမာရေးအာမခံသည် ဘယ်လောက်တန်ဖိုးဖြင့် ဘယ်လောက်အတိုင်းအတာကို ကာကွယ်ပေးမလဲ၊ အခြေခံမရှိမဖြစ် ကျန်းမာရေး အကျိုးခံစားခွင့် ပေးမလား စသောအချက်များကို မသိရှိရချေ။

Affordable Care Act အတည်ပြုပြီးသောအခါတွင်တော့ လမ်းညွှန်ချက်များနှင့် ကာကွယ်မှုများကိုပေးပြီး ရှိရင်းစွဲ အခြေအနေများကြောင့် ဝယ်ယူသူကို ငြင်းပိုင်ခွင့်မရှိချေ။ Medicaid လျှောက်ထားရန် သတ်မှတ်ထားသော လစာထက် ပိုရသောသူများ ဥပမာ တစ်ဦးလျှင် တစ်နှစ်ဝင်ငွေ $20,000 ရှိသူများ၊ မိသားစု ၄ ဦးလျှင် တစ်နှစ်လစာ $45,000 ရှိသူများသည်လဲ marketplaces များမှ ကျန်းမာရေးအာမခံများ ဝယ်ရသော်လဲ မိမိ၏ဝင်ငွေပေါ် သတ်မှတ်ထားသော ရာနှုန်း၏ အထက်ကို ပိုမပေးရချေ။

Affordable Care Act မတိုင်မီက လူတစ်ဦး၏ ဝင်ငွေမြင့်မှုအလိုက် ကျန်းမာရေးအာမခံကြေး ပေးသွင်းရသည့်နှုန်း မြင့်တက်ခြင်းမှာ အလွန်မြန်ဆန်သောနှုန်းဖြင့် မြင့်တက်ရာ ၂%, ၅% မှ ၁၀% ထိ မြင့်တက်သွားခြင်းမျိုးလဲရှိသည်။ tax credit သည် ဝင်ငွေနည်းသော သတ်မှတ်ချက်အဆင့်ထက် ၄ ဆ မြင့်သော တစ်နှစ်ဝင်ငွေ $60,000 နှင့်အထက်ရှိသူများကို ကျန်းမာရေးအာမခံကြေး မြင့်မားစွာ ပေးသွင်းရန် သတ်မှတ်ထားခြင်းကို ပယ်ဖျက်ပေးသည်။ “enhanced premium tax credits” မသတ်မှတ်ပါက ဆင်းရဲနွမ်းပါးခြင်း သတ်မှတ်ထားသော ဝင်ငွေပမာဏ၏ ၄ ဆ မြင့်သော ဝင်ငွေရှိသူများသည် ဝင်ငွေ၏ ၂၀%, ၂၅%, နှင့် ၃၀% ကို ကျန်းမာရေးအာမခံအတွက် ပေးသွင်းကြရသည်။ “enhanced premium tax credits” သည် တစ်နှစ်ဝင်ငွေ $60,000 ဟု သတ်မှတ်ထားခြင်းကို ဖယ်ရှားလိုက်ပြီး “enhanced premium tax credits” ကြောင့် လစာ တစ်နှစ် $60,000 နှင့် အထက်ဝင်ငွေရှိသူများသည် မိမိဝင်ငွေ၏ ၈% အထက်ကို ကျန်းမာရေးအာမခံအတွက် ပေးစရာမလိုပေ။ “ဒါကြောင့် enhanced tax credits ကို ဆုံးရှုံးရမယ်ဆိုရင် ရလာဒ်ကတော့ အနည်းဆုံး လူ ၄ သန်းဟာ ကျန်းမာရေးအာမခံမဲ့သွားမှာ ဖြစ်ပါတယ်” Wright က ပြောကြားခဲ့သည်။


premium tax credit enhancements များကို အဆုံးသတ်လိုက်ပါက ထိခိုက်မှုများ

Jennifer Sullivan, Director of Health Coverage Access သည် ACA အကောင်အထည်ဖော်စဉ် ပထမ ၅ နှစ်က Virginia ပြည်နယ်တွင် volunteer certified application counselor အဖြစ် အလုပ်လုပ်ခဲ့သူဖြစ်သည်။ Jennifer Sullivan က premium tax credit enhancements များကို အဆုံးသတ်လိုက်ပါက မည်သူများအတွက် ထိခိုက်မလဲ၊ ဘာ့ကြောင့် $0 premiums ဆက်ရှိဖို့ အရေးကြီးသလဲ၊ ဘာ့ကြောင့် အရေးတကြီးလိုအပ်သလဲ အချက် ၃ ချက်ကို ဆွေးနွေးခဲ့သည်။

  • ဝန်ထမ်း ၉၃% သည် marketplace တွင် ကျန်းမာရေးအာမခံများ ဝယ်ယူသောအခါ premium tax credit အားဖြင့် ထည့်တွက်ကာ ပရီမီယမ်ကြေး သက်သာအောင် ဝယ်ယူကြသည်။ ထို ၂၂ သန်းသောသူများသည် အလုပ်အကိုင်များရှိကြသော်လဲ ဝင်ငွေနည်းပါးသည်။ ၉၀% သောသူများသည် federal poverty level အောက် ၄ ဆင့် နိမ့်ကြပြီး တစ်ဝက်နီးပါးမှာ federal poverty level အောက် ၂ ဆင့် နိမ့်ကြပြီး တစ်နှစ်ဝင်ငွေ $32,000 ခန့်သာရှိသူများ ဖြစ်ကြသည်။
  • self-employed ကိုယ်တိုင်အလုပ် ကိုယ်လုပ်သူများနှင့် အသေးစားစီးပွားရေးလုပ်ငန်းပိုင်ရှင်များလဲ ပါဝင်ပြီး ထိုသူများမှာ marketplace တွင် ဝယ်ယူသူ ၄ ယောက်လျှင် ၁ ယောက်ဖြစ်သည်။
  • မိဘထံ မှီခို၍မရနိုင်တော့သော အသက်အရွယ်ရောက်နေပြီး ကျန်းမာရေးအာမခံလဲ မဝယ်နိုင်သေးသော အထက်တန်းအောင်ပြီးစ လူငယ်များ၊ တက္ကသိုလ်မှ ဘွဲ့ရပြီးပြီးချင်း အလုပ်မရှိသူများသည် marketplace ကျန်းမာရေးအာမခံရရန် အားထားမှီခိုကြရသည်။
  • ထို့ပြင် marketplace တွင် စာရင်းရှိထားသူ လေးပုံတစ်ပုံမှာ Medicare အကျုံးဝင်ခွင့် အသက်အပိုင်းအခြားကို နီးလာသော အသက် ၅၅ နှစ်နှင့် ၆၄ နှစ်ကြား အရွယ်များ ဖြစ်ကြသည်။ ထိုသူများသည် သူတို့၏ အသက်အရွယ်များကြောင့် အခြားအသက်အရွယ်များထက် ကျန်းမာရေးအာမခံကြေး ၃ ဆ ပေးသွင်းရသည်။ ထို့ကြောင့် ထိုအသက်အရွယ်အများစုသည် marketplace ကို မှီခိုအားထားနေရသည်။

၂၀၂၁ မှစပြီး premium tax credit enhancements များကြောင့် လူအများ စားရိတ်တတ်နိုင်သည့် ကျန်းမာရေးအာမခံများကို ရရှိထားကြခြင်းဖြစ်ကြောင်း Jennifer Sullivan က ပြောကြားခဲ့သည်။

၂၀၂၄ တွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ Marketplace တွင် စာရင်းသွင်းထားသူ တစ်ဝက်ကျော်မှာ အသားအရောင်မျိုးစုံရှိသောသူများ ဖြစ်ကြသည်။ ထိုတစ်ဝက်ကျော်မှာ အသားအရောင်မျိုးစုံရှိသောသူများထဲတွင် အချိုးအစားမမျှစွာ များပြားနေသူများမှာ လူမည်းများနှင့် လက်တီနိုများဖြစ်ကြပြီး လူမည်းပမာဏမှာ 186% growth in coverage rates ရှိကာ လက်တီနိုများမှာ 158% growth in coverage rates ရှိကြပြီး race and ethnicity အရ မည်သူများသည် ကျန်းမာရေးအာမခံဆုံးရှုံးကြမည်ကို တိတိကျကျ မပြောနိုင်ကြောင်း Jennifer Sullivan က ပြောကြားခဲ့သည်။

Immigrants များအတွက် ယခု ကျန်းမာရေးအာမခံ မူဝါဒအပြောင်းအလဲများမှာ ကွန်မြူနတီတွင် သိထားကြသူများ များကြပြီးဖြစ်သည်။ နေထိုင်ခွင့်မရှိသူများအတွက် ကျန်းမာရေးအာမခံကိစ္စမှာ အကျုံးမဝင်ဖြစ်လျက်ရှိပြီး ဥပဒေအပြောင်းအလဲများ၊ စည်းမျဉ်းအသစ်များကြောင့် တရားဝင်လာရောက်နေထိုင်ခဲ့ကြသူများအတွက် ကျန်းမာရေးအာမခံ ရရှိရေးအကျုံးဝင်မှုများမှာ သိသိသာသာကို လျှော့ချခံရမည်ဖြစ်သည်။

“premium tax credit တွေဆိုတာဟာ လူတွေကို ဈေးကွက်ရဲ့ အတက်အကျအပြောင်းအလဲတွေကနေ ဒိုင်းလို ကာကွယ်ပေးထားတာပါ။ enhanced tax credit တွေကို ရပ်လိုက်မယ်ဆိုရင် လူတွေကို ကာကွယ်ပေးထားတဲ့ ဒီဒိုင်းအကာတွေကို ဆွဲဖယ်လိုက်တာပါပဲ။ လူတွေဟာ ကုန်ဈေးနှုန်းတွေ တက်တယ်၊ စီးပွားရေးတွေ ထိခိုက်နေတဲ့အချိန်မှာ ဒီလို enhanced tax credit တွေကို ရပ်လိုက်မယ့်ကိစ္စတွေအတွက် ကြိုတင်မပြင်ထားကြဘူး။ ဈေးဝယ်စားရိတ်၊ အိမ်နေထိုင်စားရိတ် အစစအရာရာ ထိုးတက်နေတဲ့အချိန်တွေမှာ ဒါက အနာတရရှိနေတာကို ထပ်ပြီး ထိခိုက်လိုက် သလိုပါပဲ။” ဟု Sullivan က ဆိုသည်။


$0 premiums ဘာလို့ ဆက်ရှိသင့်သလဲ

Brooking Institution ၏ လတ်တလော ဆန်းစစ်ချက်အရ $0 premiums အတွက် အကျုံးမဝင်ပါက လူ ၄ သိန်းသည် ကျန်းမာရေးအာမခံ ဝယ်ရန် မတတ်နိုင်ကြချေ။ ဝင်ငွေနည်းသောသူများအတွက် $0 premiums ကျန်းမာရေးစောင့်ရှောက်မှု ရရှိခြင်းသည် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု မဟုတ်ဘဲ ဆရာဝန်ပြခြင်းနှင့် အခြား ကျန်းမာရေးဝန်ဆောင်မှုများအတွက် ကျသင့်သည်ကို ပေးရပြီး ထိုစားရိတ်ကို ကျန်းမာရေးအာမခံက ရှင်းပေးပါသည်။ Medicaid ကို မချဲ့ထွင်သော ပြည်နယ်များတွင် ထို $0 premiums ကျန်းမာရေးစောင့်ရှောက်မှု ရရှိခြင်းသည် ဝင်ငွေနည်းသောသူများအတွက် မရှိမဖြစ် အရေးကြီးလှသည်။ Medicaid ကို မချဲ့ထွင်သော ပြည်နယ်များတွင် အစိုးရက သတ်မှတ်ထားသော poverty line ထက် အနည်းငယ်သာ မြင့်မားသောဝင်ငွေရှိသူများသည် Health Insurance Marketplace တွင် ဝယ်ယူရန်သာရှိပြီး ပေးရသော ပရီမီယမ်ကြေးမှာ ၎င်းတို့အတွက် ဈေးများလွန်းလှပြီး မတတ်နိုင်ကြချေ။ ထိုသို့သော အခြေအနေမျိုးတွင် enhanced tax credits သည် ထိုသူများကို Marketplace insurance ဝယ်စရာမလိုတော့ဘဲ $0 premiums များ ရရှိစေပြီး အဆင်ပြေစေပါသည်။

ဘာ့ကြောင့် ကျန်းမာရေး အာမခံတွေ လက်ရှိအခြေအနေကနေ ပိုဆိုးမသွားဖို့ အရေးတကြီး လိုအပ်သလဲ

HR1 (သို့) the big, beautiful bill အရ Medicaid ဘတ်ဂျက် $990 billion ကို အဖြတ်တောက်ခံရသည်။ ယခု ဖြစ်ပေါ်နေသော ဥပဒေသစ်များ၊ စည်းမျဉ်းသစ်များကြောင့် ကျန်းမာရေးစောင့်ရှောက်မှု အပြောင်းအလဲဖြစ်မည့် သတင်းကို သိကြသောသူများသည် များမကြာမီတွင် နောက်နှစ်အတွက် ကျန်းမာရေးအာမခံများကို ဝယ်ကြရမည်ဖြစ်ရာ ပြည်နယ် ၆ ခုတွင် ကျန်းမာရေးအာမခံ ဝက်ဆိုက်များ ဖွင့်လှစ်ပြီးဖြစ်ပြီး နောက်သီတင်းပတ်များမှ စတင်ကာ လူအများက ဝယ်ကြရမည်ဖြစ်သည်။

“ပြည်နယ် ၆ ခုက ကျန်းမာရေးအာမခံကြေးတွေကို မြင်လိုက်တဲ့အခါ ကိန်းကဏန်းတွေက နက္ခတ်ဗေဒတွေလိုပဲ မြင်ရသူတွေ ကြောက်လန့်သွားကြတယ်။ မျှော်လင့်ချက်တွေမဲ့သွားကြတယ်။ စိုးရိမ်သွားကြတယ်။ ခဏနေပါဦးလို့ ပြောဖို့ ခြောက်ခြားသွားကြတယ်။ Congress က ဒါကို ဖြေရှင်းဖို့ လုပ်နေပါတယ်။ ဒီဇင်ဘာကျရင် ပြန်လာပါ။ အဆင်ပြေသွားပါလိမ့်မယ်” ဟု Sullivan က ပြောကြားခဲ့သည်။

Kaiser Family Foundation (KFF) Health Tracking Poll

Government shutdown မဖြစ်ခင် အောက်တိုဘာ ၃၊ ၂၀၂၅ တွင် ပြုလုပ်ခဲ့သော enhanced Affordable Care Act (ACA) premium tax credits အတွက် မဲခွဲသည့်စစ်တမ်း Kaiser Family Foundation (KFF) Health Tracking Poll အကြောင်းကို Dr. Ashley Kirzinger, Director of Survey Methodology and Associate Director of the Public Opinion and Survey Research Program at KFF က ဆွေးနွေးခဲ့သည်။

ရလာဒ်များမှာ Democrats (92%), independents (82%), and Republicans (59%), “MAGA” Republicans (57%) တို့ဖြစ်သည်။

“လူတွေက ဒီဂဏန်းတွေမြင်ပြီး ခြောက်ခြားကြသည်။ Republicans တွေဟာ Obamacare ကို မကြိုက်ဘူး။ သူတို့ ဘာလို့ ACA ထက် ဘာကို ပိုပြီး မုန်းကြလဲ သိလား။ ကျန်းမာရေးစရိတ် မိုးပျံအောင် ထိုးတက်သွားမှာကိုပဲ။ ဒီတစ်နေရာမှာ bipartisan support ကို ရခဲ့တယ်ဆိုတာကို အားလုံး မြင်နိုင်ပါတယ်။ ဘာ့ကြောင့်လဲ ဆိုရင်တော့ ACA ကို ထည့်မစဉ်းစားဘဲနဲ့ ပရီမီယမ်ကြေးတွေ လာမယ့်နှစ်မှာ နှစ်ဆတက်သွားမှာကို စဉ်းစားကြလို့ ဖြစ်ပါတယ်” ဟု Dr. Ashley Kirzinger က ဆိုသည်။

ယခု ပြောင်းလဲသည့် စည်းမျဉ်းသစ်များနှင့် ဥပဒေသစ်များကြောင့် အချိုးအစားမမျှဘဲ သက်ရောက်သူများရှိရာ ကျန်းမာရေးအာမခံအတွက် ကိုယ့်ဖာသာကိုယ် ဝယ်ယူသူ ၇၀% ၏ ပရီမီယမ်ကြေးသည် ၂ ဆ တက်သွားမည်ဖြစ်ပြီး ထိုသူ ၁၀ ယောက်တွင် ၇ ယောက်မှာ မတတ်နိုင်ကြချေ။ ထို့ထက်ပိုပြီး စဉ်းစားစရာများမှာ အိမ်ထောင်စုတစ်စုလုံး၏ ငွေကြေးကိစ္စ၊ ကျန်းမာရေးအာမခံမရှိဘဲ နေမည်လား၊ တခြားအရင်းအမြစ်များမှ ကျန်းမာရေးအာမခံများကို ယူရန် ကြိုးစားမည်လား (ဥပမာ- အိမ်ထောင်ဖက်၏ အလုပ်ရှင်ဆီမှ ကျန်းမာရေးအာမခံကို ယူမည်လား) စသည်တို့အကြောင်းကို Dr. Kirzinger က ဆက်လက်ဆွေးနွေးခဲ့သည်။ လူ ၁၀ ယောက်တွင် ၄ ယောက်မှာ မြင့်တက်လာမည့် ပရီမီယမ်ကြေးများကို မတတ်နိုင်သဖြင့် မသွင်းဘဲ ကျန်းမာရေးအာမခံမရှိဘဲ နေသွားကြမည့်သူများ ဖြစ်ကြသည်။ ကျန်းမာရေးအာမခံမရှိသူများအတွက် ဆရာဝန်မပြခြင်း၊ ကျန်းမာရေးအတွက် ကာကွယ်ရေး စောင့်ရှောက်မှုများ မလုပ်နိုင်ခြင်း၊ စိတ်ဖိဆီးမှုများပြားခြင်း၊ စိတ်ကျန်းမာရေးရော ခန္ဓာကိုယ် ထိခိုက်ခြင်း ပြဿနာများ ဖြစ်လာနိုင်ချေရှိသည်။

Dr. Kirzinger က ACA သည် ပါတီနှစ်ခုလုံး သဘောတူသည်မဟုတ်ဘဲ Democrats အများစုက ထောက်ခံကာ Republicans အများစုက ဆန့်ကျင်ကြကြောင်း ပြောကြားခဲ့သည်။ “ACA က ပေါ်ပြူလာဖြစ်တာမဟုတ်ဘူး။ Enhanced Tax Credits က သာ ပေါ်ပြူလာဖြစ်တာပါ။ အခြားသော သဘောမတူညီတာတွေရှိကြပေမယ့် enhanced tax credits ကတော့ ပါတီနှစ်ခုလုံး သဘောတူညီချက်ရတဲ့အချက် (bipartisan agreement) ပါပဲ။ နှစ်ဘက်စလုံးက enhanced credits ဆက်ရှိဖို့အတွက် ကွန်ဂရက်က အရေးယူပေးစေချင်ကြတယ်။ ကျွန်မတို့က government shutdown ဖြစ်ဖို့ တောင်းဆိုခဲ့တာ မဟုတ်သလို Democrats တွေက ဘတ်ဂျက် ညှိနှိုင်းမှုကို တင်းခံဖို့လဲ ထောက်ခံနေတာမဟုတ်ဘူး။ ကျွန်မက strategist မဟုတ်တဲ့အတွက် ဒီဟာက ညှိနှိုင်းမှုဗျူဟာ ဟုတ်၊ မဟုတ်လဲမသိဘူး။ ကျွန်မ ဆိုလိုတာက public support ထောက်ခံမှုက ဘာတွေလဲ။ ပြည်သူတွေရဲ့ အမြင်နဲ့ အတွေ့အကြုံကို ဆွေးနွေးခြင်းသာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။