တကျော့ပြန်

kotun winlattDecember 6, 20111min02

ပြတ်သောကြိုးက သံစဉ်တစ်ချို့တစ်ဝက်လွင့်ထွက်လာချိန်

နိမ့်တုံမြင့်တုံ ရင်အစုံမှာ တလှပ်လှပ်တုန်ရင်း…..

မျှော်လင့်မှုတစ်စုံတစ်ရာ ရှင်သန်လာသလိုပဲ….။

ဒါဟာ….

ဆက်ထုံး သံယောဇဉ်အချစ်ကြိုးတစ်စ

မညီမညာနဲ့ ရင်ကိုလာထိနေတာပေါ့ …။

နှစ်ကာလတွေကြာခဲ့ပေမယ့်….

မဆက်ဖြစ်တဲ့ကြိုးမှာ သံစဉ်ချိုမြ ကဗျာလှလှ

ခံစားချက်အနုအရွတွေ နစ်မြှုပ်နေခဲ့ရ ….။

မသိခဲ့တာမဟုတ် မသိဟန်ဆောင်ခဲ့တာ….

ဒီညမှာ အတိတ်ကနွေညတွေ အသက်ဝင်

တမာရနံ့တွေ သင်းပျံ့ ….

လွယ်အိတ်နီလေးနဲ့ ဖီးဆင့်စက်ဘီးညိုလေး

ကတ္တရာလမ်းပေါ်တရိပ်ရိပ်ပြေး….

ချစ်ကြွေးတွေများခဲ့တယ် ချစ်သူရယ်…။

ဪ….တမ်းတခြင်းတွေလည်း နိုးထခဲ့ရပေါ့….

စာအုပ်ကြားက စံပယ်ပန်းခြောက်လေးကို

သတိတရဖွင့်ကြည့်မိသေး….

ချစ်သူဆံဆလေးတွေ တလွင့်လွင့်မျော….

ဟော…..

စကားသံလေးတွေကြားနေရတယ်….

လွမ်းလိုက်တာကွယ်တဲ့….။

ကြက်သီးမွေးညှင်းတွေဖျန်းဖျန်းထ

ငါ … မေ့ထားခဲ့သော …

ချစ်တတ်ခြင်းတွေ….

လွမ်းတတ်ခြင်းတွေ…

ပေါင်းဆုံလာချိန်မှာမှ

ကောင်းကင်ယံက လမင်းထိန်ထိန်သာ

ဒီညတော့ အိပ်မရလည်း …

ငါ … ကျေနပ်ပါတယ်

ချစ်သူရယ်….။

2 comments

  • aye.kk

    December 5, 2011 at 5:33 pm

    ကုရာနတ္ထိဆေးမရှိတော့ဘူးနော်..(အချစ်ရောဂါ) ။

    Reply

  • တစ်ကျော့ပြန်
    ဆော့ မယ်တော့ မကျန်နဲ့
    နှစ်ခါကွဲတဲ့အသဲ
    ဘာနဲ့မှလဲလို့ ရမှာမဟုတ်
    ငုတ်တုတ်မေ့သွားမယ်နော့………………….

    Reply

Leave a Reply to ကိုပေါက်(မန္တလေး) Cancel Reply

Your email address will not be published.