အေဂျင်စီအချို့ ၁ဝဒေါ်လာပိုမြတ်ရေးအတွက် အလုပ်သမားကို လေယာဉ်နှစ်ဆင့်စီးခိုင်း

klnMay 12, 20101min03

အကျိုးဆောင်ခကျပ်ငွေ ၁ဝသိန်းဝန်းကျင်ယူဆောင်ကာ မလေးရှားနိုင်ငံသို့ လုပ်သားပို့ပေးနေသော အေဂျင်စီအချို့သည် မလေးရှားနိုင်ငံသို့ လုပ်သားများစေလွှတ်ရာတွင် ရန်ကုန်-ကွာလာလမ်ပူတိုက်ရိုက်လေယာဉ်ခရီးစဉ်ထက် ဆယ်ဒေါ်လာပိုမိုသက်သာသည့် ဘန်ကောက်၌ တစ်ဆင့်ရပ်နား၍ သွားသောလမ်းကြောင်းကိုသာရွေးပြီး အသုံးပြုလာကြကြောင်း သတင်းရရှိသည်။ တစ်ဆင့်ခံသွားရသည့် ခရီးစဉ် (Transit ) မှာ ရန်ကုန်လေဆိပ်မှနေ၍ ဘန်ကောက်မြို့သို့ လေယာဉ်စီးကာ ထိုလေယာဉ်ကွင်း၌ စောင့်ဆိုင်းနေရပြီး ဘန်ကောက်မှ ကွာလာလမ်ပူသို့သွားသည့် လေယာဉ်အား ထပ်မံစီးရခြင်းဖြစ်သည်။ ထိုကဲ့သို့ တစ်ဆင့်ခံသွားရသည့် လမ်းမှ အသုံးပြုခဲ့သဖြင့် ပြီးခဲ့သည့် ရက်သတ္တပတ်က ဘန်ကောက်လေဆိပ်တွင် မြန်မာလုပ်သားနှစ်ယောက်ကျန်ခဲ့ကြောင်း သိရသည်။ ရန်ကုန်မှ ကွာလာလမ်ပူသို့ တိုက်ရိုက်လေယာဉ်ဖြင့်သွားပါက ဒေါ်လာ ၂၂၅ကျသင့်ပြီး တစ်ဆင့်ခံသွားပါက ဒေါ်လာ၂၁၅သာကျသင့်သည်။ လူတစ်ယောက်လျှင်ဒေါ်လာတစ်ဆယ်သက်သာသဖြင့် လူများပါက လုပ်သားပို့ပေးသော အေဂျင်စီများအတွက် ပို၍ တွက်ခြေကိုက်ပြီး၊ အမြတ်ပိုရရှိရေးအတွက် တစ်ဆင့်ခံခရီးစဉ်ကို ပိုအသုံးပြုလာခြင်းဖြစ်သည်။ သို့သော်ပြည်တွင်းမှ မြို့ကြီးများကိုပင် ကောင်းစွာ မရောက်ဖူးသူများမှာ ဘန်ကောက်လေဆိပ်တွင် ဘာသာစကားအခက်အခဲ၊ လမ်းညွှန်အမှတ်အသား နားမလည်၍ ဒုက္ခရောက်နိုင်ကြောင်း ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီတစ်ခုမှ တာဝန်ရှိသူကပြောသည်။ ထို့ကြောင့် အေဂျင်စီအနေဖြင့် ၁ဝဒေါ်လာအမြတ်ပိုလိုချင်လျှင် အလုပ်သမားကို ပွင့်ပွင့်လင်းလင်း ပြော၍ ပိုယူသင့်ပြီး လေယာဉ်နှစ်ဆင့်စီးရအောင် မပြုလုပ်သင့်ကြောင်း အထက်ပါပုဂ္ဂိုလ်ကဆက်လက်ပြောသည်။ မလေးရှားမှာ မြန်မာနိုင်ငံရှိ နယ်ဒေသများမှ လူငယ်အထွေထွေအလုပ်သမားအဖြစ် အများဆုံးသွားရောက်သော နိုင်ငံဖြစ်သည်။ ရန်ကုန်-ကွာလာလမ်ပူတိုက်ရိုက်အဖြစ် MAI, M4 နှင့် Sanbumi လေကြောင်း လိုင်းများပျံသန်းပေးလျက်ရှိကြောင်း သိရှိရသည်။

3 comments

  • susunosuki

    May 12, 2010 at 5:33 am

    ခုလိုလောဘတက်တာတော့ မကောင်းပါဘူး
    တဆင့်ခရီးက တစ်ခါမှမသွားဖူးသူတွေအတွက် အဆင်ပြေပေမယ့်
    နှစ်ဆင့်စီးရတော့ ဒုက္ခများမှာပါ

    Reply

  • chitkay

    May 12, 2010 at 5:39 am

    ဟုတ်ပါတယ်ဗျာ..
    အခုလို လောဘတက်နေတာတော့ မကောင်းပါဘူး။

    Reply

  • intro

    May 12, 2010 at 7:46 am

    Transit ဆိုတာ အမြဲတမ်းတော့ ကောင်းတာမဟုတ်ဘူး…. တစ်ခါတစ်လေ အဆင်မပြေတာမျိုးရှိတတ်တယ်…

    Reply

Leave a Reply to chitkay Cancel Reply

Your email address will not be published.