ဓမ္မလေ့လာရေး ခရီးစဉ် ပထမနေ့ (၂) သန်လျင် သဘာဝတရားရိ်ပ်သာ

weiweiJuly 4, 20111min023

သန်လျင်ဖားအောက်တောရရိပ်သာမှာ သံဃာတော်များနှင့် ယောဂီများ နေ့ဆွမ်းအလှူခံတဲ့အချိန်က ၁ဝ နာရီ ခွဲဖြစ်ပါတယ်။ ကျွန်မတို့ရောက်သွားချိန်က ကွက်တိဖြစ်သွားပါတယ်။ စကြံင်္လမ်းတစ်လျှောက် သံဃာတော်များ တန်းဆွမ်းကြွလာကြပြီး ဆွမ်းစားဆောင်ထဲ ဝင်ခါနီး အပေါက်ဝမှာ ဆွမ်း၊ ဆွမ်းဟင်းနဲ့ အချိုပွဲများကို အလှူရှင်များမှ စောင့်ပြီးလောင်းလှူကြပါတယ်။ လှူတဲ့ဆွမ်းကို ကိုယ်တိုင်လက်နဲ့လောင်းလှူရတဲ့ ပီတိကို ခံစားရပါတယ်။ ကျွန်မတို့အဖွဲ့ကလဲ သံဃာတော်များကို လှူဒါန်းရန် မင်းကွတ်သီးများ ဝယ်ယူသွားခဲ့တဲ့အတွက် ကိုယ်တိုင်ကိုယ်ကျ သပိတ်ထဲကို လောင်းလှူခဲ့ကြရတဲ့ ကြုံတောင့်ကြုံခဲ ဒါနလေးတစ်ခု ပြုခဲ့ရပါတယ်။ သတ်သတ်လွတ်ရိပ်သာအတွက် ဆန်ကြာဇံလဲ လှူဖြစ်ခဲ့ပါတယ်။ ရဟန်းသံဃာများအတွက် ဆွမ်းစားဆောင်သီးသန့်တစ်ဆောင်နဲ့ သီလရှင်နဲ့ လူဝတ်ယောဂီ အမျိုးသား အမျိုးသမီးများအတွက် သီးသန့် တစ်ဆောင်ဖြစ်ပါတယ်။ ယောဂီများ၏ ဆွမ်းမစားမီ ဆွမ်းဒါနအတွက် စုပေါင်းမေတ္တာပို့ခြင်းနှင့် ဆွမ်းကိုဆင်ခြင်သုံးဆောင်ရန် သတိပေးဂါထာရွတ်ဖတ်မှုကို ကြားရတာကလဲ ကြည်နူးပီတိဖြစ်ခဲ့ရပြန်ပါတယ်။

ကျွန်မတို့ ဧည့်သည်တွေကိုလဲ ယောဂီများနဲ့အတူတူ နေ့လည်စာကျွေးမွေးဧည့်ခံပါတယ်။ သတ်သတ်လွတ် ဟင်းလျာများဖြစ်တဲ့ အာလူးနှပ် (မဆာလာနံ့အနဲငယ်ပါတယ်)၊ ပဲနဲ့ ရွှေဖရုံသီးဟင်းချို၊ သရက်ချဉ်သုတ်၊ သီးရွက်စုံကြော်နဲ့ သတ်သတ်လွတ် ငါးပိချက်တစ်ခွက်ပါပါတယ်။ အာဟာရဓါတ်အားလုံးပြည့်စုံပြီး လက်ရာအလွန်ကောင်းပါတယ်။ အဲဒီလိုသာ အမြဲတမ်းစားရရင် နေ့တိုင်းတောင် သတ်သတ်လွတ်စားနိုင်တယ်လို့တောင် စိတ်ထဲမှာအတွေးဖြစ်ပေါ်သွားခဲ့ပါတယ်။ ဆွမ်းစားပြီးနောက် ဖားအောက်ဆရာတော်ဘုရားကြီး ရေးသားထုတ်ဝေခဲ့တဲ့ အပြင်မှာလဲ ဝယ်ရခက်ခဲတဲ့ စာအုပ်တွေကို ဝယ်ခဲ့ကြသေးတယ်။ ရိပ်သာအတွင်း လှည့်ပတ်ကြည့်ရှုရင်း လူအရိုးစု အစစ် တစ်ခုကို သံဝေဂရအောင် သွားကြည့်ခဲ့ပေမယ့် အမှန်ပြောရရင်တော့ ဘာသံဝေဂမှ မရခဲ့ပဲ ဒီအတိုင်းပဲ ကြည့်ခဲ့လိုက်မိတယ်။

ပြီးတော့မှ ရုံးခန်းကိုသွားပြီး ငွေကြေးအလှူဒါနတွေ တတ်နိုင်သလောက်ပြုခဲ့ကြပါသေးတယ်။ ပြန်ထွက်လာတော့ ဖားအောက်ဝင်းထဲက ကောဏာဂမနုစေတီတော်ကို သွားရောက်ဖူးမျှော်ခဲ့ကြတယ်။ အဲဒီစေတီဘေးကနေ ဆက်ဝင်သွားရင် ကျိုက်ဒေးဝဘုရားရှိပါတယ်။ အဲဒီဘုရားမှာ ရှုခင်းကောင်းလို့ ရုပ်ရှင်အဖွဲ့တွေ အမြဲတမ်းရိုက်ကူးနေကျနေရာတစ်ခုဖြစ်ပါတယ်။ ကျွန်မတို့အဖွဲ့ရဲ့ မှတ်တမ်းတင် ဓါတ်ပုံဆရာကတော့ ဓါတ်ပုံတွေ မှတ်တမ်းတင်ခဲ့ပါတယ်။ မိုးများတဲ့အချိန်ဖြစ်နေတော့ ရှုခင်းက ထင်သလောက်မကောင်းဖြစ်နေတာကိုတော့ ခေါ်သွားတဲ့ကျွန်မအနေနဲ့ စိတ်မကောင်းဖြစ်ရပါတယ်။ နွေရာသီကျမှပဲ တစ်ခါထပ်သွားပြီး ဓါတ်ပုံလှလှတွေ သွားရိုက်အုန်းမယ်လို့ စိတ်ထဲမှာ မှတ်ထားလိုက်ပါတယ်။

ကျိုက်ဒေးဝဘုရားကနေထွက်လာခဲ့ပြီး သဘာဝတရားရိပ်သာကို ဦးတည်ခဲ့ပါတယ်။ ကျိုက်ခေါက်ဘုရားကိုတော့ အောက်ကနေပဲ ဖူးမျှော်ခဲ့ပြီး ကပ်ကျော်သွားခဲ့ပါတယ်။ သဘာဝတရားရိပ်သာက အရှေ့ပိုင်းတက္ကသိုလ်သွားတဲ့လမ်းပေါ်ကနေ အတွင်းကို ဝင်သွားရပါတယ်။ တက္ကသိုလ်မရောက်ခင် နှစ်မှတ်တိုင်စာလောက်အလိုမှာ လမ်းခွဲတစ်ခုရှိပြီး အဲဒီကနေ အတွင်းကို နဲနဲတော့ဝေးတယ်။ ကားနဲ့သွားမှသာ အဆင်ပြေမယ့်နေရာတစ်ခုပါပဲ။ အထဲကိုရောက်တော့ ကျွန်မတို့ကို ဦးဆောင်ခေါ်လာတဲ့ ဆရာဝန်က ရုံးခန်းလို့ ယူဆရတဲ့အဆောက်အဦးတစ်ခုထဲကို ခေါ်သွားပါတယ်။ ဝေယျာဝစ္စပြုလုပ်တဲ့အဖွဲ့ရဲ့ လှိုက်လှဲဖော်ရွေပုံက ဧည့်သည်တွေကိုတောင် အနေခက်သွားစေပါတယ်။ အထဲကို ဝင်ဖို့ခေါ်ပြီး ထိုင်ခိုင်းပြီး ကော်ဖီနဲ့မုန့်နဲ့ ဧည့်ခံပါတယ်။ သိချင်တာတွေကို အမျိုးသမီးယောဂီတစ်ဦးက ရှင်းပြပေးပါတယ်။

မိုးတွေသဲနေတဲ့အချိန်ဆိုတော့ ကော်ဖီပူပူသောက်ရင်း နားထောင်ကြပါတယ်။ ဆရာတော့်ကိုတော့ ဓါတ်ပုံပဲ ဖူးခဲ့ရပါတယ်။ တရားပွဲတစ်ခုအတွက် ရန်ကုန်ကိုသွားနေတယ်လို့သိခဲ့ရပါတယ်။ လောလောဆယ်အခြေအနေမှာ ယောဂီနဲ့ လုပ်အားပေးနေတဲ့လူတွေ စုစုပေါင်း ၆၀ဝ ကျော်ရှိပါတယ်။ ဆရာတော်က အယုတ် အလတ် အမြတ် မရွေး၊ အသက်အရွယ်မရွေး၊ ဘာသာမရွေး အားလုံးကို လက်ခံပြီး တရားပြသပေးတယ်လို့ သိရပါတယ်။ သစ္စာလေးပါး တရားဆိုတာ လူသားအားလုံးအတွက်ဖြစ်တယ်။ အသက်သာရှိနေပါစေ ဘယ်နေရာ ဘယ်အခြေအနေနဲ့မဆို တရားလိုက်ပြပေးတဲ့ ဆရာတော်တစ်ပါးဖြစ်ပါတယ်။ ညဘက်ဆို သေတော့မယ် လူမမာကို နေ့ခင်းဘက် ခေါ်လာခဲ့ရင်တောင်မှ လက်ခံပြီး တရားဟော တရားပြလုပ်ပေးပါတယ်။ ဆေးရုံပေါ်က သေခါနီးလူမမာအတွက် ဘဝကူးကောင်းအောင် လူနာရှင်က ဆရာတော့်ကို ဖုန်းနဲ့ပင့်ရင်လည်း အမြန်ဆုံးအရောက်သွားပြီး တရားပြပေးတယ်လို့ သိခဲ့ရပါတယ်။

ကျွန်မတို့အဖွဲ့ကို VIP လို့ ထင်သွားလို့လားမသိဘူး။ ဆရာတော်ပြီးရင် ရိပ်သာမှာ အကြီးဆုံးဖြစ်တဲ့ မာမီကြီးလို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်ကို သွားခေါ်ပေးပြီး ကျွန်မတို့နဲ့တွေ့ပေးပါတယ်။ မာမီကြီးအကြောင်းကို ကျွန်မက နဂိုကထဲကသိပြီးသားဖြစ်ပါတယ်။ အငြိမ်းစား ဗိုလ်မှူးကြီးတစ်ယောက်ရဲ့ ကတော်ဖြစ်ပါတယ်။ မာမီကြီးရောက်လာပြီး ရိပ်သာအကြောင်း အသေးစိတ် ထပ်ရှင်းပြပါတယ်။ သန်လျင်သဘာဝရိပ်သာကို တည်ထောင်ထားတာ (၃) နှစ်ပဲ ရှိပါသေးတယ်။ ရိပ်သာမြေနေရာက မာမီကြီးပိုင်ဆိုင်ခဲ့တဲ့ ၉ ဧကရှိတဲ့ မြေကွက်မှာ စတင်တည်ထောင်ထားတာဖြစ်ပြီး ကပ်လျက်ရှိတဲ့မြေကြီး ၄ ဧကကို ထပ်ဝယ်ပြီးလှူခဲ့လို့ အခု (၁၃) ဧက ရှိနေပါပြီ။ ဆရာတော့်ကို ကြည်ညိုစိတ်နဲ့ မြေကွက်အလှူပြုခဲ့တာဖြစ်ပါတယ်။ ဆရာတော်က အရင်က ရန်ကုန်က ရ ထပ်မြင့်တဲ့ တိုက်ခန်းပေါ်မှာ ရိပ်သာဖွင့်ထားခဲ့တာဆိုတော့ နေရာအခက်အခဲရှိနေရာကနေ မြေအလှူရှင်ရှိလာတော့ သန်လျင်မှာပြောင်းပြီး ရိပ်သာဖွင့်ခဲ့တာဖြစ်ပါတယ်။

အဆောက်အဦးများမှာ ဆောက်လုပ်စဓမ္မာရုံတစ်ခုနဲ့ တခြား အဆောင်ကလေးတွေ အများကြီးပါ။ ယာယီ ယောဂီဆောင်တွေကို ကြည့်ခဲ့တော့ ရင်ထဲမှာ စိတ်မကောင်းဖြစ်မိပါတယ်။ ထရံကာထားတဲ့ မြေစိုက်အဆောင်တွေအတွင်းမှာ နှစ်ထပ်ကုတင်များဖြင့် ယောဂီများ ကြပ်ကြပ်တည်းတည်းနေနေကြရတာကို တွေ့ခဲ့ရပါတယ်။ အများစုမှာ အသက်အရွယ်ကြီးတဲ့ ဘိုးဘွားများနဲ့ နာမကျန်းဖြစ်နေတဲ့ လူမမာများဖြစ်ကြပါတယ်။ တချို့ လူမမာတွေကိုတော့ ယောဂီအချင်းချင်းစောင့်ရှောက်ပေးပြီး တချို့ရောဂါဆိုးတဲ့ လူမမာကိုတော့ စောင့်ရှောက်ဖို့အဖော်ပါ ပါလာစေပြီး စောင့်ရှောက်တဲ့သူကိုလဲ ရိပ်သာယောဂီအနေနဲ့ တရားအားထုတ်စေပါတယ်။

ယောဂီများ တရားအားထုတ်ချိန်ကို တစ်နေ့ (၆) ကြိမ်သတ်မှတ်ထားပါတယ်။ ယောဂီအားလုံးတရားအားထုတ်ကြရပြီး မထိုင်နိုင်တဲ့ လူမမာများကိုတော့ သီးခြားအခွင့်အရေးအနေနဲ့ လျှောင်းလျှက် အားထုတ်ခွင့်ပြုထားပါတယ်။ တရားအားထုတ်တဲ့ ဓမ္မာရုံက မြေကြီးပေါ်မှာပဲ မြေစိုက် ဓမ္မာရုံပါ။ ထိုင်ဖို့အတွက် သစ်သား (သဘာဝအတိုင်း) ပင်စည်ကနေ ဖြတ်ထားတဲ့ပုံအတိုင်း ခင်းထားတယ်။ လုံးဝဂီလာနဖြစ်နေပြီဆိုရင်တော့ အဆောင်ထဲမှာပဲထားပြီး ဘေးနားမှာ စပီကာလေးတစ်ခုနဲ့ ၂၄ နာရီ တရားဖွင့်ပေးထားပါတယ်။

မိုးတွေတအားသဲလာတော့ ကျွန်မတို့လဲ နေရာစုံအောင် လျှောက်မကြည့်နိုင်ခဲ့ပါဘူး။ မာမီကြီးရှိတဲ့အဆောင်ကိုပဲ ပြန်လာခဲ့ပြီး မာမီကြီးပြောတာကို ထပ်နားထောင်ခဲ့ကြပါတယ်။ ကျွန်မတို့သိချင်တဲ့ လူမမာတွေကို ဆေးဝါးကုသမှုအပိုင်းကို မေးကြည့်တဲ့အခါမှာတော့ မာမီကြီးရဲ့ သားနဲ့သမီးက ဆရာဝန်တွေဖြစ်ပြီး အလှည့်ကျ တစ်ရက်ခြားလာကြည့်ပါတယ်တဲ့။ အထူးကုဆရာဝန်ကြီးတစ်ယောက်က တစ်ပါတ်တစ်ခါလာကြည့်ပါတယ်တဲ့။ တိုင်းရင်းဆေးဆရာလဲ မကြာခဏလာကြည့်ပေးပါတယ်တဲ့။ ဆေးခန်းသီးသန့်မထားတာကတော့ ဓမ္မရိပ်သာဖြစ်လို့ ဓမ္မနဲ့သာ ကုသပေးတဲ့ရိပ်သာဖြစ်နေလို့ ဖြစ်ပါတယ်။

ဆရာတော်ရဲ့ တရားကိုတော့ ကိုယ်တိုင်လဲ မနာခဲ့ဖူး၊ စာအုပ်တွေလဲ မဖတ်ဖြစ်ခဲ့လို့ ကျွန်မရဲ့ တရားနဲ့ပတ်သက်နဲ့ အမြင်ကိုတော့ မရေးပြနိုင်သေးပါဘူး။ ရင်ထဲမှာတော့ ခံစားချက်တစ်ခုဖြစ်သွားခဲ့ပါတယ်။ နေရေးထက် သေရေးခက်တဲ့အချိန်မှာ သေရေးအတွက် အကူအညီပေးနေတဲ့ ဆရာတော့်ကို အလွန်လေးစားမိပါတယ်။ ခိုကိုးရာမဲ့ဖြစ်နေတဲ့ ဘိုးဘွားတွေကို လက်ခံစောင့်ရှောက်ပေးထားတဲ့ ဆရာတော့်မေတ္တာကိုလဲ အလွန်ချီးကျူးမိပါတယ်။ မာမီကြီးလို့ခေါ်ကြတဲ့ အန်တီကြီးရဲ့ စကားတွေကနေ သူ့ရဲ့စေတနာနဲ့ တရားပြည့်ဝမှုတွေကို မြင်တွေ့ခဲ့ရပါတယ်။ ကျွန်မတို့အဖွဲ့လဲ တစ်ယောက်တစ်မျိုး ရင်ထဲမှာ ခံစားသွားကြရပါတယ်။ ကျွန်မလို လခစားပိုက်ဆံသိပ်မရှိတဲ့လူတောင်မှ လှူချင်စိတ်တွေ တဖွားဖွားပေါက်လာခဲ့ပါတယ်။ အဖွဲ့လိုက် စုပေါင်းအလှူတစ်ခုပြုဖြစ်ခဲ့ကြပါတယ်။ နောင်အလျဉ်းသင့်လျှင် ဆရာတော့်တရားကိုပါ မြည်းစမ်းကြည့်ရင်း ငွေကြေးအဆင်ပြေလျှင်လည်း သွားရောက်လှူဒါန်းအုန်းမည်ဟု စိတ်ထဲမှာ တေးမှတ်ထားလိုက်ပါတော့တယ် ….

သဘာဝရိပ်သာကနေထွက်ပြီးနောက် ကျောက်တန်းရေလည်ဘုရားကို သွားဖူးခဲ့ပြီး ရန်ကုန်ကို တိုက်ရိုက်ပြန်ခဲ့ပါတယ်။ ကျောက်တန်းရေလည်ဘုရားကတော့ ပို့စ်ခဏခဏတင်ဖူးသူတွေရှိလို့ ထပ်မရေးတော့ပါဘူး။

ပထမနေ့ ခရီးစဉ် ပြီး၏ ….

23 comments

  • xman

    July 4, 2011 at 8:26 am

    ကျေးဇူးပါပဲ။
    ရောက်အောင်သွားပါဦးမယ်။

    “နေရေးထက် သေရေးခက်တဲ့အချိန်မှာ သေရေးအတွက် အကူအညီပေးနေတဲ့ ဆရာတော့်ကို အလွန်လေးစားမိပါတယ်။ ခိုကိုးရာမဲ့ဖြစ်နေတဲ့ ဘိုးဘွားတွေကို လက်ခံစောင့်ရှောက်ပေးထားတဲ့ ဆရာတော့်မေတ္တာကိုလဲ အလွန်ချီးကျူးမိပါတယ်။ ”

    ဆရာတော်ရဲ့တရားကိုလဲသပ်သပ်နာပါ့မယ်။ ဒါပေမယ့် အပေါ်မှာ ရေးထားတာလေးကိုက တရား ပါပဲ။

    Reply

  • weiwei

    July 4, 2011 at 8:33 am

    မေတ္တာရိပ်အခမဲ့ဆေးခန်းက ဆရာဝန်လဲပါလာတာနဲ့ သူတို့တွေ ဘယ်လိုရင်းနှီးခဲ့ကြတယ်ဆိုတာ ရှင်းပြသေးတယ်။ ဆရာတော့်ရိပ်သာမှာ သေခါနီးလူနာတွေရှိနေတော့ သေသွားပြီဆိုရင် နာရေးကူညီမှုအသင်းကို ဖုန်းဆက်ပြီး အကူအညီတောင်းရာကနေ ခင်မင်ရင်းနှီးသွားကြတာတဲ့။
    သေသေချာချာ ပြောဆိုဖြစ်ခဲ့ကြပြီးတော့ ပိုပြီးရင်းနှီးလာပြီးနောက် ရိပ်သာအတွက် လိုအပ်တဲ့ ဆေးဝါးအားလုံးအတွက် မေတ္တာရိပ်အခမဲ့ဆေးခန်းက တာဝန်ယူလှူဒါန်းမယ့်အစီအစဉ်လေးပါ အပိုအမြတ်ထွက်ခဲ့ပါသေးတယ် …

    Reply

  • ခရီးသွားရင်းလှူဖြစ်တယ်ဆိုတာ အင်မတန်မှ ကောင်းမွန်တဲ့ကြုံကြိုက်မူ့လို့ဘဲထင်မိပါတယ်။

    Reply

  • nozomi

    July 4, 2011 at 9:15 am

    မဝေကြီးတို့ နောက်တစ်ခါ အဲဒါမျိုးလေးတွေ ထပ်သွားဘို့ရှိရင် ရွာထဲမှာ လက်တို့ပေးပါလား
    စိတ်ဝင်းစားတဲ့သူ အချိန်ပေးနိုင်တဲ့သူတွေရှိလို့ လိုက်နိုင်တယ်ဆို မဝေရော ရွာသားတွေပါ ကုသိုလ်လဲရ
    အဲဒီနေရာတွေလဲ အကျိုးရှိတာပေါ့

    Reply

  • pooch

    July 4, 2011 at 10:53 am

    သာဓုပါ အန်တီဝေ

    Reply

  • ဆူး

    July 4, 2011 at 12:50 pm

    အဲဒီမှာ လှူရတာ သဘောကျပါတယ်။ တကယ်ကို လိုအပ်နေတာတွေ အများကြီးရှိတယ်။
    တရားထိုင်တဲ့ ဓမ္မာရုံလို နေရာမျိုးဆိုလည်း ပုံစံက အရမ်းဆင်းရဲတဲ့ ပုံပေါက်နေတယ်။
    နေတဲ့ နေရာတွေကလည်း ကျပ်ကျပ်တည်းတည်းနဲ့ အထဲတောင် ဝင်ပြီး စကားမပြောခဲ့ဘူး အတွင်းမှာ အရမ်းကြပ်နေတော့ ဝင်သွားရင် နေရခက်မှာ စိုးလို့..

    နေရေးထက် သေရေးကို အဆင်ပြေစေဖို့ စီစဉ်ပေးနေတဲ့ ရိပ်သာ ကို စိတ်ဝင်စားသူများ သွားရောက် လှူဒါန်း သင့်ပါတယ်။

    အဲဒီမှာ ပြောနေတာ ကြားမိတာ တခုရှိသေးတယ်။ နေမကောင်းလို့ သေခါနီး ဖြစ်လို့ လာပို့တယ် တကယ် သေသွားတဲ့ အခါ ပြောထားတဲ့ လိပ်စာတွေ ပြန်ရှာပြီး အကြောင်းကြားတော့ လိပ်စာတကယ် မရှိတာတွေလည်း ကြုံဖူးတယ်တဲ့။

    Reply

  • shweminthar

    July 4, 2011 at 1:28 pm

    ဓမ္မလေ့လာရေး ခရီးသွားခဲ့ပြီး ရွာထဲကိုဖြန့်ဝေပေးတာ ကျေးဇူးတင်ပါတယ်။
    ှစိတ်ပါလာပြီး ရိပ်သာဝင်မသွားတာဘဲ တော်သေးတာပေါ့။
    နို့မို့ဆို မန်ဘာတစ်ယောက် လျှော့သွားမှာ။

    Reply

  • MaMa

    July 4, 2011 at 2:17 pm

    သတ်သတ်လွတ်ဟင်းလျှာတွေကို ပုံပေါ်အောင် ရေးပြထားလိုက်တာ စားချင်စိတ်တောင် ပေါက်လာပြီ။ 😉

    Reply

  • mandalarthu

    July 4, 2011 at 4:09 pm

    Ma Wei, Thanks for sharing of yr visit to this dhamma yeikthar.I feel pleased and respect to sayadaw’s kindness to the old,poor and sick people. Great care to such people is so noble and marvellous!In Myanmar,it’s hardly to see such dhamma yeikthar.
    By reading about it,I also wanna to visit that meditation centre.If i have a chance,I also will visit and observe there on someday.Thanks again for yr share,Ma Wei.
    You better put yr post with photos .I wish to see photos of this yeikthar.

    Reply

  • parlayar46

    July 4, 2011 at 4:56 pm

    သာဓုပါ ဗျာ။
    ကျုပ်လဲကိုယ်တိုင်ရောက်အောင်သွားလိုက်ဦးမယ်။
    weiwei ကိုကျေးဇူးတင်ပါတယ်။

    Reply

  • bigcat

    July 4, 2011 at 7:18 pm

    ဖတ်ချင်နေတဲ့ အကြောင်းအရာလေးမိုလို့ ကျေးဇူးအထူးတင်ပါတယ် မဝေ။ နောင်ကိုသွားဖြစ်အုံးမယ်ဆိုရင် ရွာထဲမှာ ကြိုတင်လက်တို့လိုက်ပါအုံး။ ရပ်ဝေးနေသူများအဖို့ ရက်အလုံအလောက် ကြိုတင်သိရင် အလှူငွေအတွက် တခုခုစီစဉ်လို့နိုင်ပါသည်။ ဆရာတော်တရားနှင့် ဆရာတော်အကြောင်းကိုလည်း နောင်ကြုံလျှင်ဖတ်ချင်ပါသေးသည်။ ဓာတ်ပုံများပါ တင်နိုင်လျင် ပိုကောင်းမည် ထင်ပါသည်။ 🙂

    Reply

    • kai

      October 16, 2014 at 11:28 am

      အဲဒီတုံးကများ.. ကကြောင်ကြီးတို့လိမ်မာချက်…။ :k:

      Reply

  • weiwei

    July 5, 2011 at 3:10 am

    ဓါတ်ပုံကြည့်ရမှာပါ .. ခဏလေးစောင့်ပါအုန်း … ဓါတ်ပုံဆရာက ဖလင်ဆေးနေတုန်းမို့လို့ … 😛

    Reply

    • etone

      July 5, 2011 at 4:31 am

      အဲ့ဒီဓါတ်ပုံဆရာ ကိုင်တဲ့ ကင်မရာက ဖလင်တောင်မလိုဘူးမို့လား မဝေ 😛 😛

      Reply

      • ဆူး

        July 5, 2011 at 5:52 am

        အမြင်ဒေါင့် စောင်းနေလို့ တည့်ပြီးရင် ထွက်လာ ပါလိမ့်မယ်။

        Reply

  • moethidasoe

    July 5, 2011 at 5:14 am

    ဝေဝေ .. စိတ်ဝင်စားစရာ .. အတုယူစရာတွေပါ ..
    တစ်ခု ပို စိတ်ဝင်စားတယ် .. သက်သတ်လွတ်လို့လဲ ဆိိုထားတယ် .. ငပိချက်လို့လဲ ငပိက ပါနေတယ် .. ဘယ်လိုလဲ ဆိုတာ သိပါရစေ ..

    Reply

    • weiwei

      July 5, 2011 at 6:15 am

      ငပိချက်ဆိုတာက ပဲငပိကိုပြောတာပါ .. ပဲငံပြာရည်ကို ပဲငပိနဲ့ အစပ်ကလေးချက်ထားတာ မသိရင် တကယ့် ငံပြာရည်ချက်လိုပါပဲ …

      Reply

  • padonmar

    July 6, 2011 at 9:08 pm

    သာဓုပါ ဝေဝေ

    Reply

  • ဆူး

    July 6, 2011 at 11:41 pm

    ခရီးစဉ် ကို တာဝန်ခံ လိုက်ပို့ပေးတဲ့ သူကော စီစဉ်ပေးတဲ့ သူကော လိုက်ပြ ပေးတဲ့ သူကော အားလုံး အားလုံး သက်ဆိုင်ရာ များကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။

    Reply

  • weiwei

    October 16, 2014 at 9:13 am

    သဘာဝတရားရိ်ပ်သာကို ပထဆုံးရောက်ခဲ့တုန်းကရေးခဲ့တဲ့ ပို့စ်ဖြစ်ပါတယ် ..
    ၃ နှစ်ကြာခဲ့တဲ့ပို့စ်ကို ဖတ်ကြည့်တော့မှပဲ ကျွန်မက အခုတော်တော်အပျင်းထူသွားပြီဆိုတာသိလိုက်ရတယ် .. အရင်ကလောက် စိတ်ရှည်လက်ရှည် စာသေချာမရေးဖြစ်တာကိုလဲ သတိထားမိသွားတယ် ..

    Reply

  • ဦးကြောင်ကြီး

    October 16, 2014 at 9:30 am

    ၃နှစ်ကြာ စောင့်စားရသော သဘာဝ အလှူ ဖြစ်မြောက်ပါတော့မြည်….

    Reply

    • weiwei

      October 16, 2014 at 12:02 pm

      ဒီတစ်ခါ အလှူရှင်ကြီးတစ်ယောက် အမာခံပေါ်လာပြီဆိုတော့ အစီအစဉ်ဖြစ်မြောက်သွားပါပြီ ..
      ၃ နှစ်ကျော်အတွင်း သဘာဝတရားရိပ်သာကြီးလဲ ပြောင်းလဲတိုးတက်နေသလို ကျွန်မတို့ စိတ်အမြင်တွေလဲ ပြောင်းလဲလာခဲ့တာ သတိထားဖြစ်ခဲ့ပါတယ် ..

      Reply

  • surmi

    October 16, 2014 at 9:35 am

    ရည်ရွယ်ထားတဲ့အတိုင်းအခုတော့ ထပ်မံရောက်ခဲ့ရပါပြီလေ ။
    မထင်ထားတာတွေလည်း ထပ်မံဆောင်ရွက်နိုင်ဦးမှာပါဘဲ။
    သာဓုပါဗျို့

    Reply

Leave a Reply

Your email address will not be published.