Tibet ခရီးစဉ် (၆)

weiweiApril 26, 20115min010

တိဗက်ခရီးစဉ် (၆)

တိဗက်စတိုင်ရွက်ဖျင်တဲမှာအိပ်ပြီး မနက်မိုးလင်းတာနဲ့ တဲအပြင်ကို ထွက်ကြည့်ပါတယ်။ အေးစက်နေတဲ့ ရာသီဥတုနဲ့ ဖြူဖွေးနေတဲ့ နှင်းတောင်ကြီးက တခြားဂြိုလ်တစ်ခုကို ရောက်နေသလိုပါပဲ။ ကျွန်မတို့ယူသွားတဲ့အဝတ်အစားတွေက သိပ်မထူလို့ ချမ်းနေပါတယ်။ မနက်စောစောပေမယ့် နေမထွက်သေးပါဘူး။

တဲအပြင်ကနေ ဇွန်းဆွဲပြီး မြင်ရတဲ့ နံနက်ပိုင်း ဧဝရတ်တောင်

သာယာလှပသည့် နံနက်ခင်းရှုခင်း

 

 

ရွက်ဖျင်တဲနေရာကနေ လမ်းလျှောက်သွားရင် တောင်ခြေနဲ့အနီးဆုံးနေရာကို ရောက်နိုင်ပေမယ့် လမ်းလျှောက်သွားခွင့်မရှိဘူးလို့ လမ်းညွှန်ကပြောပါတယ်။ သူတို့အထူးစီစဉ်ထားတဲ့ ကားဖြင့်သာသွားခွင့်ရှိပါတယ်။ ကားက မီနီဘက်စ်ဖြစ်ပြီး တစ်ယောက်ကို အသွားအပြန် တရုတ်ငွေ ယွမ် ၂ဝ ပေးရပါတယ်။ မနက် ၈ နာရီလောက်မှ ပထမဆုံးကားစထွက်မှာဆိုတော့ တဲထဲမှာပဲ ရေနွေးတောင်းပြီး ကော်ဖီနဲ့ မုန့်နဲ့ပဲ စားရင်း အချိန်ကို စောင့်နေလိုက်ကြပါတယ်။ မျက်နှာသစ်ဖို့ရေမလုံလောက်လို့ ရေသန့်ဗူးနဲ့ပဲ သစ်လိုက်ရတယ်။ မီးမရှိတဲ့နေရာမှာ တည်းခိုမိလို့ ကင်မရာအတွက် ဒုက္ခရောက်ခဲ့ရပါတယ်။ ဘတ်ထရီအပိုမပါသွားလို့ အရမ်းလှတဲ့ရှုခင်းတွေကို အားရပါးရ ဓါတ်ပုံမရိုက်နိုင်ခဲ့ပါဘူး။ ချွေချွေတာတာနဲ့ ရနိုင်လောက်တော့ ရိုက်ခဲ့ပါတယ်။

မနက် ၈ နာရီလောက် ကားနဲ့အနီးကပ်သွားကြည့်ကြပါတယ်။ ခရီးသွားသိပ်မရှိတဲ့အချိန်မို့လို့ ကားတစ်စီးစာ လူ ၁၅ ယောက်လောက်ပဲ ရှိပါတယ်။ တိဗက်ရိုးရာ ရောင်စုံပိတ်စအလံလေးတွေနဲ့ ဧဝရက်တောင် အထိမ်းအမှတ်ကျောက်တိုင်ရှိတဲ့နေရာမှာ ဓါတ်ပုံရိုက်ကြပါတယ်။

Base Camp
ခရီးသွားတွေအတွက် တောင်ခြေနဲ့အနီးဆုံးနေရာ

အဲဒီနေရာကနေ ရှေ့ဆက်သွားချင်ရင်တော့ အထူးဗီဇာထပ်မံလိုပါတယ်။ တောင်တက်သူတွေသာ သွားလို့ရပါတယ်။ ဧဝရက်တောင်ကို မျက်စိနဲ့မြင်ခဲ့ရပြီဆိုတော့ ကျွန်မတို့ရည်မှန်းချက်လဲ အောင်မြင်သွားပြီဆိုရမှာပေါ့။ နာရီဝက်လောက် အဲဒီနားကနေ နှင်းတောင်ကို ထိုင်ကြည့်နေကြပြီးနောက် ပြန်လာကြပါတယ်။ အပြန်လမ်းမှာ ၅ မိနစ်လောက် ကားစီးပြီးတာနဲ့ ကားပေါ်ကဆင်းကြပြီး ကမ္ဘာ့အမြင့်ဆုံးနေရာမှာ တည်ရှိနေတဲ့စေတီကို မူးမျှော်ကြရင်း လေ့လာကြပါတယ်။ တိဗက်လူမျိုးများ အလွန်အထွတ်အမြတ်ထားသော စေတီဖြစ်ပါတယ်။ ထူးခြားသော ကျောက်တုံးသဏ္ဍာန်ပေါင်းများစွာကို တွေ့ခဲ့ရပါတယ်။ Rongbuk monestry ဖြစ်ပါတယ်။

travel

ကမ္ဘာ့အမြင့်ဆုံး စေတီတည်ရှိရာ နေရာ

ထူးခြားတဲ့ ကျောက်တုံးတွေ

လမ်းလျှောက်ပြန်ခဲ့သောလမ်း

စေတီကနေ ရွက်ဖျင်တဲဆီကို လမ်းလျှောက်ပြီး ပြန်လာကြပါတယ်။ လမ်းမှာ ထူးခြားတာတစ်ခု သတိထားမိပါတယ်။ လမ်းဘေးဝဲယာမှာ ကျောက်တုံးကလေးတွေကို စေတီလေးတွေလို အပုံလေးတွေ ပုံထားတာကို တွေ့ရတယ်။

လမ်းဘေးက နွားနောက်တစ်ကောင်

လမ်းဘေးက ကျောက်တုံးစေတီလေးများ

ရွက်ဖျင်တဲရောက်တော့ ၉ နာရီ ခွဲလောက်ရှိပါပြီ။ ကားဆရာက ပြန်ဖို့အဆင်သင့် ပြင်ထားပြီးပါပြီ။ ကျွန်မတို့လဲ အထုတ်အပိုးတွေသိမ်းပြီး ပြန်ဖို့ပြင်ဆင်ကြပါတယ်။ ရွက်ဖျင်တဲမှာ အသက် ၁ဝ နှစ် ပတ်ဝန်းကျင်လောက် ကလေးနှစ်ယောက်ရှိပါတယ်။ သူတို့ကို လက်ဆောင်ပစ္စည်းအရမ်းပေးချင်ပြီး ကျွန်မတို့မှာ ဘာမှလဲအပိုမပါတာနဲ့ ကျွန်မဝတ်ထားတဲ့ ဆွယ်တာအကျီနဲ့ ခြေအိတ်ကိုပဲ ချွတ်ပေးခဲ့လိုက်ပါတယ်။

အဲဒီကနေထွက်လာပြီးနောက် ၁၅ မိနစ်လောက် ကားမောင်းလိုက်တာနဲ့ ဘုန်းကြီးကျောင်းတစ်ခုကို ထပ်ပြီးတွေ့ရပါတယ်။ မနေ့က အလာလမ်းတုန်းကလဲ တွေ့ခဲ့ပေမယ့် အချိန်မရလို့ မဝင်ခဲ့တဲ့ဘုန်းကြီးကျောင်းဖြစ်ပါတယ်။ အဲဒီဘုန်းကြီးကျောင်းကို ဝင်လည်ခဲ့ကြပါတယ်။ ရှေးဟောင်းဘုရားလက်ရာများကို တွေ့ခဲ့ရပါတယ်။

ဘုန်းကြီးကျောင်းအဝင်ဝမှ စေတီနဲ့ ဧဝရတ်တောင်ရှုခင်း
ရှေးလက်ရာ ဘုန်းကြီးကျောင်း

အဲဒီဘုရားကျောင်းပတ်ဝန်းကျင်မှာ တည်းခိုခန်းများနှင့် ဈေးဆိုင်တစ်ချို့တွေ့ရပြီး ရွာကလေးတစ်ရွာလို စည်ကားနေပါတယ်။

အဲဒီဘုရားကျောင်းကိုလည်ပတ်ပြီးတော့ နေ့လည်ထမင်းစားချိန်ဖြစ်နေပါပြီ။ ထမင်းစားပြီးမှ ခရီးဆက်မယ်လို့ လမ်းညွှန်ကပြောပါတယ်။ ကျွန်မတို့က အဲဒီနေရာက အစားအစာတွေကို မစားချင်တာနဲ့ ခေါက်ဆွဲခြောက်ဗူးကိုပဲ ရေနွေးနဲ့စိမ်ပြီး နေ့လည်စာစားလိုက်ကြတယ်။ စားပြီးတာနဲ့ အပြန်ခရီးပြန်စပါတယ်။

အပြန်လမ်း



လှပတဲ့တောင်တန်းတွေကို မမှိတ်မသုန်ကြည့်လိုက်အုန်းမယ်လို့ အားခဲထားပေမယ့် အကွေ့အကောက်တွေကြား ကားကြာကြာစီးပြီးနောက် ငိုက်မျဉ်းလာပါတယ်။ သိပ်လှတဲ့နေရာတွေကို ကားပေါ်ကနေပဲ လျှပ်တစ်ပြက်ဓါတ်ပုံရိုက်ခဲ့ကြပါတယ်။ အိပ်ပျော်လိုက် ပြန်နိုးလိုက်နဲ့ အပြန်ခရီးက အသွားထက် ပိုမြန်သလို ခံစားရပါတယ်။

လမ်းက မြို့ငယ်လေးတစ်မြို့မှ ခေတ္တနားပါတယ်။ သစ်သီးနဲ့ မုန့်အနဲငယ်စားပြီး ခရီးဆက်ထွက်လာခဲ့တာ ရ နာရီလောက်မှာ ရှီဂစီမြို့ကို ပြန်ရောက်လာပါတယ်။ အသွားတုန်းက တည်းခိုခဲ့တဲ့ ဟိုတယ်မှာပဲ ပြန်တည်းပါတယ်။ ခရီးပန်းလွန်းလို့ ဘာမှစားချင်စိတ်မရှိတော့ပါဘူး။ ၂ ရက် ရေမချိုးခဲ့ရလို့ ရေမိုးချိုး အဝတ်အစားလဲပြီး မုန့်နဲ့ မိုင်လိုနဲ့သောက်ပြီး အိပ်လိုက်ပါတော့တယ်။

10 comments

  • weiwei

    April 26, 2011 at 8:10 am

    Rongbuk monastry စေတီနဲ့ ဘုန်းကြီးကျောင်းပုံတွေကို သီးခြားပို့စ်နဲ့ တင်ခဲ့ပြီးဖြစ်ပါတယ် …
    http://myanmargazette.net/tag/tibet-travel

    အပြန်လမ်းမှ ရှုခင်းများကို လျှပ်တစ်ပြတ်ရိုက်ချက်များ (၉) မှာ ပြန်ကြည့်နိုင်ပါတယ် …
    myanmargazette.net/46660/travel

    Reply

  • manawphyulay

    April 26, 2011 at 8:15 am

    မမဝေ အရမ်းအေးလားဟင်………. လူတွေက တိဗက်တွေဘဲ နေကျလေ့ရှိကြတာလား။ ဘာလူမျိုးတွေ နေကျသေးလဲဟင်။ အပင်တွေဘာတွေကော စိုက်ပျိုးလေ့ရှိကြလား။

    Reply

  • weiwei

    April 26, 2011 at 8:25 am

    တရုတ်ပြည်မမှာ အရမ်းပူတဲ့နွေရာသီ (ဇူလိုင်လ) မှာ သွားတာတောင်မှ ဧဝရတ်တောင်နားမှာ ၅ ဒီဂရီလောက်ပဲ ရှိမယ်ထင်ပါတယ်။ လားဆာမြို့မှာတော့ နေ့ခင်းဘက် ၁၅ ဒီဂရီလောက်ရှိတယ်။ တောင်တန်းတွေပဲရှိပြီး လူဦးရေနဲပါတယ်။ တိဗက်လူမျိုးအပြင် တခြားတရုတ်လူမျိုး (ဝန်ထမ်း) တွေလဲ နေကြပါတယ်။
    စိုက်ပျိုးရေးအနေနဲ့ မုန်ညင်းပင်ဝါဝါလေးတွေပဲတွေ့ရပြီး အဓိကလုပ်ငန်းက နွားနဲ့ သိုးမွေးမြူရေးလုပ်ကြပါတယ်။ ခဏလေးပဲ သွားလည်ခဲ့တာဆိုတော့ သေသေချာချာတော့ မသိခဲ့ရဘူး ..

    Reply

  • kai

    April 26, 2011 at 9:12 am

    တိဘက်လူမျိုးတွေနဲ့..သူတို့ဒေသတွေကြည့်မိတိုင်း…. မင်သိင်္ခရေးတဲ့…ဝတ္တုထဲက..ဂမ္ဘီရတွေသတိရမိတယ်..။
    သူတို့တွေကြည့်ရတာ.. တန်ခိုးတွေ.. ရှေ့နောက်ဘဝတွေ. ကျင့်စဉ်တွေ…တော်တော်ယုံကြည်ကြတယ်လို့.. တွေးထင်ခဲ့တာပါ…။ ဝေမမ တင်တဲ့ပုံတွေကြည့်တော့လည်း… ဒါကိုသက်သေဖြစ်သလိုပါပဲ..။

    ဒါပေမဲ့…. ၂၀၀၈ မှာတိဘက်တွေ ဆန္ဒပြတာကို တရုတ်တပ်တွေက နှိမ်နင်းတော့ ..ဒလိုင်လားမားပြောခဲ့တာ..နည်းနည်းထူးခြားတာမို ့… လက်ခံဖတ်မိဘူးတယ်..။
    အဲဒါကို. ပြန်ရေးတင်ပေးလိုက်ပါတယ်..။
    အဲဒီသတင်းကိုတော့ …အောက်ကလင့်ခ်မှာ အရှည်ဖတ်ပေါ့နော…။
    http://www.nytimes.com/2008/03/16/world/asia/16cnd-tibet.html

    “Now we really need miracle power,” he said, and then laughed. “But miracle seems unrealistic.”
    Dalai Lama
    (March 2008)

    Reply

    • bigcat

      April 27, 2011 at 1:36 am

      ဂမ္ဘီရနဲ့ကံ သီးခြားစီ မြင်တတ်ရင် အဖြေက ရှင်းရှင်းလေးပါ သဂျီးရယ်။

      Reply

  • weiwei

    April 26, 2011 at 12:14 pm

    ၂၀၀၈ တိဗက်အရေးအခင်းအပြီးမှာ သွားလည်ဖြစ်ခဲ့တာ … ခရီးသွားဗီဇာတွေပိတ်ထားပြီး ပထမဆုံးပြန်ဖွင့်တဲ့လမှာပဲ သွားလိုက်တော့ လုံခြုံရေး တော်တော်လေးတင်းကြပ်တာနဲ့ ကြုံခဲ့ရပေမယ့် အားလုံး အေးအေးချမ်းချမ်းပါပဲ …

    ၂၀၁ဝ ငလျှင်ဒဏ်ခံရပြီးချိန်မှာ တရုတ်အစိုးရက တိဗက်ပြည်သားတွေကို အတော်ကလေးစည်းရုံးနိုင်ခဲ့ပါတယ် … အခုဆို လမ်းပန်းဆက်သွယ်ရေးအရမ်းကောင်းသွားတော့ ပြည်မကတရုတ်တွေ၊ ကမ္ဘာလှည့်ခရီးသည်တွေနဲ့ အတော်လေးစည်းကားပြီး ခေတ်မှီတိုးတက်နေပြီ …

    Reply

    • bigcat

      April 27, 2011 at 1:38 am

      နအဖ စစ်အစိုးရလည်း ဒီလိုပဲပြောတာပဲ။ တရုတ်ကြီး ဝက်သားမကြိုက်တော့ဘူးဆိုမှ ယုံမယ်…

      Reply

  • ဆူး

    April 26, 2011 at 12:32 pm

    ကျောက်တုံးတွေ တောင်တန်း တွေ များပြီး လူနေနည်းတော့ ထွက်ပြေးမယ်ဆိုရင် လွတ်မြောက်နိုင်တဲ့ နေရာမျိုး ထင်တယ်နော်.. အစိုးရ အာဏာစက်နဲ့ ဝေးတဲ့ နေရာမျိုးလို့ မြင်မိတယ်။ ဟုတ်လား မသိဘူး။

    Reply

  • fatty

    April 26, 2011 at 1:39 pm

    အင်း .. တိဗက်က ပါးရဲရဲနဲ့ တိဗက်သူလေးတွေရယ် ……
    ဂုရုကြီးတွေရဲ့ ပုံတွေလဲ ကြည့်ချင်လှတယ် ….။

    Reply

  • weiwei

    April 26, 2011 at 4:27 pm

    တိဗက်ပုံတွေ အပုံတစ်ရာကျော်လောက် တင်ခဲ့ပြီးပါပြီ … လူပုံတွေ မရိုက်ဖြစ်ခဲ့လို့ လမ်းသွားလမ်းလာလောက်ပဲ ဓါတ်ပုံထဲ ပါတယ် …

    Reply

Leave a Reply

Your email address will not be published.