ဆိုက်ဆင်း လေပွေနှင့် ကျားဖောင်ရေလုပ်သားများ

လင်းဝေMarch 24, 20111min07

ပြီးခဲ့တဲ့အပတ်က မြစ်ဝကျွန်းပေါ်ဘက် တိတိကျကျပြောရရင် ပင်လယ်ဝ ( တိုးမြစ် ၊ ရွေးမြစ် ၊ ဧရာဝတီမြစ် စသည် ) မြစ်များရဲ့ ပင်လယ်ဝမှာ ဖြစ်ပေါ်ခဲ့တဲ့ စိုက်ဆင်းလေပွေမုန်တိုင်းများကြောင့် ထိုနေရာတွေမှာ လုပ်ကိုင်နေတဲ့ ရေလုပ်သားတွေ ဖောင်ပျက်ပြီး ပင်လယ်ထဲမျောပါသွားကြပါတယ်။ ရေလုပ်သားအရေအတွက်ဘယ်လောက်တောင်မျောပါသွားတယ်ဆိုတာသေချာမသိရသေးပေမယ့် ခန့်မှန်းချက်အရတော့ ဖျာပုံခရိုင် အတွင်းမှာပဲ လုပ်သား လေးထောင်ကျော်ခန့် ပျောက်ဆုံးနေတယ်လို့ဆိုပါတယ်။ ဖျာပုံမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ ကျားဖောင် ၁၅ဝဝ နဲ့ ၊ မှတ်ပုံမတင်ထားတာ ၅ဝဝ ကျော်လောက်ရှိပြီး ဖောင်တစီးကို အနည်းဆုံး လူသုံးယောက် ပါတယ်ဆိုတော့ လူလေးထောင်ထက်မနည်း ပျောက်ဆုံးတယ်လို့ ခန့်မှန်းကြတာပါ။
ဖျာပုံခရိုင် ငါးလုပ်ငန်းဦးစီးဌာနကတော့ ဖျာပုံခရိုင်အတွင်းရှိ ကျားဖောင်များ အားလုံး ရာနှုန်းပြည့် ပျက်စီးသွားကြောင်းနှင့်၊ ပိုက်များမှာမူ ရေတွင်ချထားပြီး ဖြစ်၍ ၅ဝ ရာခိုင်နှုန်းခန့်သာ ဆုံးရှုံးကြောင်း အတည်ပြုထားပါတယ်။
အခုလောလောဆယ် ကယ်ဆယ်မိတဲ့အရေအတွက်ကတင် လူဦးရေ သုံးထောင်ကျော်နေပါပြီ။
ဖျာပုံမြို့ရဲ့အောက်ဘက်နဲ့ ဘိုကလေးမြို့အောက်ဘက် ဟိုး မိန်းမလှကျွန်းအောက်ကို ဆက်ဆင်းသွားမယ်ဆိုရင် ပင်လယ်ဝကို ရောက်ပါတယ်။ အဲဒီပင်လယ်ဝအနီးအနားမှာ ကျားဖောင်တွေကိုတွေ့နိုင်ပါတယ်။ ကျားဖောင်ဆိုတာ ကတော့ ဂွေးပုဇွန်တွေကို အဓိကဖမ်းတဲ့ ဖောင်တွေပါ။ အဲဒီလှေတွေပေါ်မှာ ရေလုပ်သားတွေက အမြဲတမ်း တစ်နွေလုံးလိုလိုနေရတာပါ။ တစ်ခါတစ်ခါ အဲဒီဖောင်တွေပေါ်မှာ အလုပ်လုပ်ဖို့ ရန်ကုန်က အလုပ်သမားတွေကို ညာပြီး ခေါ်သွား နောက် အတင်းအဓမ္မခိုင်းတာမျိုးတွေရှိတတ်ပါသေးတယ်။ လခကောင်းကောင်းရမယ် ဘာညာ ပြောပြီး ဖောင်ပေါ်တင်ထားလိုက်တာ။ ဆင်းပြေးလို့လဲမရ။ ခိုင်းတာလုပ်ပြီး ပေးသလောက်ယူပြီး ပြန်ခဲ့ရတာတွေရှိပါသေးတယ်။ အနိုင်ကျင့်စေခိုင်းတာပါပဲ။ တစ်ခါက ကဒုံကနိဘက်ကို သွားရင်း အဲဒီ ကျားဖောင်တွေကို လှမ်းမြင်ရင်း ဘာတွေလဲလို့မေးမိပြီး သိလာခဲ့သမျှပါ။ သူတို့မှာ နေပူပူအောက်မှာ ဆယ်ပေလောက်သာသာ ဖောင်ပေါ်တစ်နေကုန်အလုပ်လုပ် ရင်း ရေထဲမှာသာနေနေရတာ မြင်ရတာနဲ့ တော်တော် ပင်ပမ်းတဲ့အလုပ်ပဲလို့နားလည်မိပါတယ်။ အဲဒီ ဂွေးကောင်တွေကို မြန်မာပြည်မှာတော့ငပိအဖြစ်အဓိကထုတ်တာပါ။ ဂျပန်မှာတော့ သန့်အောင်လုပ်ပြီး မုန့်တို့ ခေါက်ဆွဲခြောက်တို့မှာ ထည့်ပြီး ရောင်းပါတယ်။ မြန်မာပြည်ကတော့ ဖမ်းတာ သိမ်းတာ မသန့်ရှင်းတာနဲ့ မလတ်ဆတ်တာကြောင့် ဂျပန်ကို ပို့ဖို့အရည်အသွေးမမီပဲ ငပိအဖြစ်သာ သိပ်ကြတာများပါတယ်။ သန့်စရာမလို လတ်ဆတ်စရာမလိုဘူးလေ။ အပုပ်ခံပြီး ငပိလုပ်တာကိုး။

ဗုဒ္ဓဟူးနေ့ထုတ်အစိုးရ သတင်းစာများမှာတော့ဖြင့် မတ်လ ၁၄ ရက်မှ ၁ရ ရက်အကြား ရာသီဥတုကြောင့် ငါးဖမ်းစက်လှေ ၁ရ စီးခန့် ငါး၊ပုစွန်ဖောင် ၈ဝဝ ခန့် ပျက်စီးခဲ့ကြောင်း၊ ရေမျော ဒုက္ခသည် ရေလုပ်သားများ စုစုပေါင်း ၃၆၃၈ ဦး ကယ်တင်နိုင်ခဲ့ကြောင်း ဖော်ပြထားသော်လည်း သေဆုံး၊ ပျောက်ဆုံး စာရင်းများ ဖော်ပြထားခြင်း မရှိပါဘူး။

7 comments

  • dream

    March 24, 2011 at 9:34 am

    ဆိုက်ဆင်းလေပွေ ဖြစ်နိုင်တယ်ဆိုတာ နည်းနည်းလေးမှ သတိမပေးခဲ့ဘူးလားဟင်

    Reply

  • လင်းဝေကျော်

    March 24, 2011 at 10:04 am

    မိုးဇလကိုမေးချင်တယ် ဆိုတာလေး ဆက်ဖတ်ကြည့်လိုက်ပါ

    Reply

  • mihninlay

    March 24, 2011 at 10:15 am

    ကြားရကြားရနားဝမှာမသက်သာတာတွေချည်းပါပဲလား

    Reply

  • etone

    March 24, 2011 at 10:20 am

    etone တောင်အဲ့ဒီအချိန်က မြို့ပြင်ရောက်နေလို့ လေတွေ တအားတိုက်တော့ ဘာများဖြစ်မလဲ မိုးလေဝသ သတင်းလည်း နားမထောင်မိတော့ … အာဖျံကွီးကို ပဲ ဖုန်းဆက်ပြီး လှမ်းမေးရတယ်… ။ မှောင်ကလည်း မှောင်တော့မယ်ဆိုတော့ စိတ်ပူတာပေါ့ …။ ဆူးဆီကို ဖုန်းခေါ်တာ out of service area ဆိုပဲ …. ။အမေ့ဆီလည်း ခေါ်မရ စိတ်တောင်ညစ်သွားတယ် … တော်သေးတယ်… ရောက်တဲ့နေရာမှာ ခဏငြိမ်ပြီး တစ်နာရီလောက်ကြာတော့ ၊ အမြန်ပြန်လာလို့… လေတိုက်တာ ကြောက်စရာကြီးအသံလည်း ပ ါတယ် … ။ မုန်တိုင်းမလာခင် ရှေ့ပြေးလေတိုက်သလိုပဲ ။

    Reply

    • ဆူး

      March 26, 2011 at 4:05 pm

      ညီမလေး အီးတုံးလေး.. အမ ခရီးထွက်နေလို့ ဖုန်းပိတ်ထားတာ… ရန်ကုန်မှာ မရှိလို့ မသိဘူး။

      Reply

  • char too lan

    March 24, 2011 at 10:22 am

    စိုက်ဆင်းလေပွေမုန်တိုင်း၊ ကျားဖောင်၊ ဂွေးပုဇွန်၊ ရန်ကုန်က အလုပ်သမားတွေကို ညာပြီး ခေါ်သွား နောက် အတင်းအဓမ္မခိုင်းတာမျိုးတွေရှိတတ်ပါသေးတယ်။ အနိုင်ကျင့်စေခိုင်းတာပါပဲ။ ကဒုံကနိ၊ ဂွေးကောင် ….
    အဲ့ဒါမျိုးတွေရှိတာ ခုမှကြားဖူးတယ် ထူးဆန်းနေတယ် @_@

    Reply

  • unclegyi1974

    March 24, 2011 at 3:38 pm

    လုူကုန်ကုူးနည်းတမျိုးလို့မှတ်သားမိပါတယ်

    Reply

Leave a Reply to etone Cancel Reply

Your email address will not be published.