ဒူဘိုင်းက အလွဲတစ်ခု

zoxnetApril 26, 20101min02
united-arab-emirates-dubai-property

ကျွန်တော်ရောက်ခါစကပေါ့ဗျာ။ ကျွန်တော်အလုပ်လုပ်ရမယ့် ဟိုတယ်ကမဖွင့်သေးဘူးဗျ။ ဟိုတယ်အသစ်အတွက်ကျွန်တော့်ကို ခေါ်လိုက်တာ။ ဒီအလုပ်ကိုလုပ်ရဖို့ ကျွန်တော်တော်တော် ရင်မောခဲ့ရတယ်။ ကျွန်တော်လည်းဒီကို Visit Visa နဲ့လာခဲ့တာပါ။ ရောက်ပြီးတစ်ရက်နှစ်ရက်လောက်နေတော့ ကိုယ်နဲ့အပ်စပ်မယ့် အလုပ်ကိုရှာရတာပေါ့ဗျာ။ သတင်းစာလဲဖတ်၊ အလုပ်ခေါ်စာတွေလည်း ကြည့်ပေါ့။ ဒီလိုနဲ့တစ်နေ့မှာ ဟိုတယ်တစ်ခုကမန်နေဂျာက ကျွန်တော့်ကိုခေါ်ပြီး အင်တာဗျူးတယ်။ အဆင်ပြေတယ်ဗျာ။ ကျွန်တော့်ကို လက်ခံလိုက်တယ်။ Receptionist Position မှာပါ။ ဒါပေမယ့် လက်ရှိဟိုတယ်အတွက်မဟုတ်ဘူးဗျ။ သူတို့နောက်ဖွင့်မယ့် ဟိုတယ်အတွက်ခန့်တာ။ အဲဒီအချိန်က ကျွန်တော်လုပ်ရတဲ့ဟိုတယ်က ဆောက်နေတုန်း။ အလုပ်ရပေမယ့် ဟတ်ကော့ကြီးပေါ့ဗျာ။ တစ်ခုကံကောင်းတာက လက်ရှိဖွင့်ထားတဲ့ အဲဒီဟိုတယ်ရဲ့ Receptionist ကလည်း မြန်မာနိုင်ငံသား ကျွန်တော့်သူငယ်ချင်းဖြစ်နေတယ်။ သူ့ကူညီမှုတွေလည်း အများကြီးပါတာပေါ့ဗျာ။ သူကကျွန်တော့်ကို Recommand ပေးတယ်။ အလုပ်နဲ့ပတ်သက်တဲ့ အသိပညာတွေလည်း အများကြီးပေးပါတယ်။ သူ့အကူအညီနဲ့ ကျွန်တော် Training တစ်ပတ်လောက်ဆင်းရတယ်ဗျာ။ ပြီးတာနဲ့ ဗီဇာချိန်းဖို့နဲ့ ဝေါ့က်ပါမစ်ကိုစောင့်ဖို့ အမိမြန်မာပြည်ကို ပြန်ရတာပေါ့ဗျာ။ ပျော်စရာကြီးပေါ့ဗျာ။ ဇနီးလေးကိုလည်း အရမ်းလွမ်းနေတော့ ကျွန်တော်ကတော့ပြန်ရတာကို နှစ်သက်တာပေါ့။ ဒါပေမယ့် အိမ်ကလူကြီးတွေကတော့ စိတ်ပူတာပေါ့ဗျာ။ ပြန်ခိုင်းပြီးမှ ပြန်မခေါ်ရင်ဘယ်လိုလုပ်မလဲပေါ့။ အလည်ဗီဇာနဲ့ လေယာဉ်စရိတ်ကပဲ သိန်း 20 ကျော်လောက်ကုန်ထားရတာဆိုတော့ ဘယ်သူပဲဖြစ်ဖြစ် စိတ်ပူမှာပေါ့ဗျာ။ ပတ်ဝန်းကျင်ကလည်း သိတယ်မဟုတ်လား။ တစ်လတောင်မပြည့်သေးဘူး နို်င်ငံခြားထွက်သွားတာ၊ အခုပြန်ပြေးလာပြီ၊ ဘာညာနဲ့ပေါ့။ ထားလိုက်ပါဗျာ။ ဒီလိုနဲ့ ကျွန်တော့်ဗီဇာကို ဇွဲကြီးကြီးနဲ့စောင့်လိုက်တာ ရှစ်လလည်းပြည့်ရော ကျွန်တော့်မေးလ်ထဲမှာ ကျွန်တော့်ဗီဇာကော်ပီလေး ရောက်နေတာပေါ့ဗျာ။ ကြားထဲမှာဘယ်လောက်ရင်မောခဲ့ရလည်း ဆိုတာတော့ မပြောတော့ဘူးဗျာ။ ခင်ဗျားတို့ပါ ရင်မောကုန်မှာစိုးလို့ပါ။ ဒါနဲ့ပြောရဦးမယ်ဗျ။ သူတို့ကဗီဇာပို့ပြီး ခေါ်မယ့်ခေါ်တော့လည်း အမြန်ထွက်လာပါ။ နှစ်ရက်ကနေ တစ်ပတ်အတွင်းအရောက်လာပါဆိုပြီး ပြောတာနဲ့ ကျွန်တော်လည်း အလျင်စလိုလုပ်ရတာပေါ့ဗျာ။ ဖြစ်ချင်တော့ အဲဒီအချိန်ကလည်း သင်္ကြန်ရက်ကြီး။ လတ်မှတ်ရုံးတွေကလည်း အကုန်ပိတ်။ ဒီလိုနဲ့ကျွန်တော်လည်း သင်္ကြန်အပြီးမှာထွက်ဖြစ်သွားပေါ့။ ဗီဇာမရခင်တုန်းကလည်း စိုးရိမ်စိတ်နဲ့ ဗီဇာမြန်မြန်ရချင်၊ မြန်မြန်သွားချင်ခဲ့တယ်ဗျာ။ ဗီဇာလည်းရရော သွားရမှာကို စိတ်မပါဘူးဗျာ။ ရင်ထဲမှာဟာတာတာကြီး။ ဇနီးလေးကိုလည်း ထားခဲ့ရမှာဆိုတော့၊ ဒီလိုပဲပေါ့ဗျာ။

လေဆိပ်ရောက်တော့ ဟိုတယ်ကအကောင့်မန်နေဂျာက လာကြိုတယ်ဗျာ။ ဖော်ဖော်ရွေရွေပါပဲ။ ကျွန်တော့် Luggage တစ်ခုပျောက်တဲ့အကြောင်းကိုတော့ ထည့်မရေးတော့ဘူးဗျာ။ (ဒါပေမယ့် သတိတော့ပေးလိုက်မယ်။ ဘယ်နိုင်ငံကိုပဲသွားသွား ကိုယ့် Luggage တိုင်းမှာ ကိုယ့်နံမည်နဲ့ လေယာဉ်ခရီးစဉ်ကိုရေးဖို့ မမေ့ပါနဲ့ဗျာ။ ဒူဘိုင်းရောက်ပြီး Luggage ပျောက်ရင်တော့ လေဆိပ်က DNATA LUGGAGE SERVICE မှာအကြောင်းကြားရပါတယ်။ တစ်ရက်နေပြီး ပြန်ရမှာပါ။) ကျွန်တော့်ကို သူကကျွန်တော်နေရမယ့် အခန်းကိုလိုက်ပို့ပေးပါတယ်။ လမ်းမှာသူ့ကိုမေးကြည့်တော့ ကျွန်တော်တို့ဟိုတယ်က မဖွင့်သေးဘူးဗျ။ မဖွင့်ခင်လေ့ကျင့်ရေးအတွက် ကြိုခေါ်တာလို့ပြောပါတယ်။ ကျွန်တော့်အခန်းအောက်ကိုရောက်တော့ ခပ်ဝဝလူကြီးတစ်ယောက်ကိုတွေ့ပါတယ်။ သူကကျွန်တော့်ကို မိတ်ဆက်တော့ ကျွန်တော်လည်းပြန်မိတ်ဆက်လိုက်တာပေါ့ဗျာ။ ဘယ်သူမှန်းတော့ မသိသေးဘူး။ ကျွန်တော့်ကို လိုက်ပို့တဲ့သူကတော့ ပြန်သွားလိုက်တယ်။ အဲဒီလူဝဝကြီးကပဲ ကျွန်တော့်အခန်းထဲကို လိုက်ပို့ပေးပါတယ်။ ကျွန်တော့်အတွက် ဟိုတယ်ကပေးထားတဲ့ စောင်တွေ၊ အိပ်ရာခင်းတွေ၊ ခေါင်းအုံးတွေကို ချပေးပါတယ်။ ဆပ်ပြာခွက်တွေ၊ အခန်းတွင်းစီးဖိနပ်တွေယူလာပေးပါတယ်။ ကျွန်တော်ကတော့ ဆရာကြီးအထာနဲ့ပေါ့ဗျာ။ ခပ်ဝဝပြာတာတစ်ယောက်ပါရထားတယ်လို့ ထင်တာပေါ့။ ခဏကြာတော့ သူကဘာစားမလဲမေးပါတယ်။ ကျွန်တော်လည်း အိန္ဒိယအစားအစာတစ်ခုပဲ မှာလိုက်ပါတယ်။ 5 မိနစ်လောက်ကြာတော့ သူအစားအစာတွေနဲ့ ပြန်ရောက်လာပါတယ်။ ကျွန်တော်လည်း သိထားသင့်တယ်ထင်လို့ သူရဲ့ Position ကိုမေးကြည့်တာပေါ့။ သူက ဒီလိုပြန်ဖြေပါတယ်။ ” Hotel Manager” ” I’m your Manager” တဲ့ခင်ဗျ။

2 comments

  • susunosuki

    April 26, 2010 at 4:23 pm

    ဖြစ်မှဖြစ်ရလေ
    မန်နေဂျာက ရိုကျိုးလှချေလား
    သူများနိုင်ငံမှာ ရိုကျိုးတဲ့သူတွေရှိတယ်ဆိုတာခုမှသိရတယ်

    Reply

    • Zox

      April 27, 2010 at 5:05 am

      ဟုတ်ကဲ့ အစ်ကို ။ ရှားရှားပါးပါး မန်နေဂျာပါဗျာ။ အခုတော့ သူထွက်သွားပါပြီ။ သူတို့ နိုင်ငံကလူတွေနဲ့ ပြသနာတက်လို့ပါ။

      Reply

Leave a Reply to susunosuki Cancel Reply

Your email address will not be published.