အနှောင့်အယှက်ကို အပြုံးတစ်ပွင့်ပေးပါ

စေနDecember 18, 20101min08
from Nine Nine SaNay by နိုင်းနိုင်းစနေ

မနေ့ကရဲ့အဖြစ်အပျက်တွေကို ထမ်းပိုးရင်း၊ ခုနှစ်တွေကို နင်းဖြတ်လျှောက်ရင်း အရပ်ရှစ်မျက်နှာမှာ ကျွန်တော်တို့ ကျင်လည်ကျက်စားခဲ့ကြတယ်။ ကွေ့ကွေ့ကောက်ကောက် လမ်းပေါ်မှာ မိုးသက်လေပြင်းဒဏ်ကြောင့် အခက်အခဲတွေနဲ့ ကြုံခဲ့ရတယ်။ မညီမညာလမ်းပေါ်မှာ ခလုတ်ဆူးညှောင့် ထိခဲ့ရတယ်။ ဘဝက ဒီလိုပါပဲ…. နေရာတိုင်းမှာ စိန်ခေါ်မှုတွေ၊ စမ်းသပ်မှုတွေနဲ့ ပြည့်နေခဲ့တယ်။ တချို့စိန်ခေါ်၊ စမ်းသပ်မှုတွေက ကျွန်တော်တို့အတွက် ဖြေရှင်းကခက်တဲ့ နာကျင်မှုတွေဖြစ်ခဲ့တယ်၊ မရေမတွက်နိုင်တဲ့ အတားအဆီးတွေဖြစ်ခဲ့တယ်။

ပျော်ရွှင်တဲ့ဘဝမှာတောင်မှ နာကျင်မှုက ရှိတတ်သေးတယ်။ တချို့က ဘဝရဲ့အနှောင့်အယှက်၊ အတားအဆီးတွေကို တည့်တည့်ရင်ဆိုင်ဖြေရှင်းပြီး နာကျင်မှုကို လျော့ချတယ်။ တချို့က အတားအဆီးတွေကို ပုံကြီးချဲ့ပြီး နာကျင်မှုကို ကြီးထွားအောင်လုပ်ကြတယ်။ အနှောင့်အယှက်၊ အတားအဆီးအတွက် ကျွန်တော်တို့မှာ မတူတဲ့ဖြေရှင်းနည်းတွေကို ရွေးချယ်ပိုင်ခွင့်ရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအနှောင့်အယှက်၊ အတားအဆီးတွေကို အပြုံးတစ်ပွင့်ပေးလိုက်တာဟာ သူတို့ကို အသေထိုးသတ်လိုက်တာနဲ့ တူတူပဲဖြစ်တယ်။

အတားအဆီးကို အပြုံးတစ်ပွင့်ပေးလိုက်ပါ။ သူက ကျွန်တော်တို့ကို အောင်နိုင်ခြင်းစိတ်စွမ်းအားတွေ ပြန်ပေးလိမ့်မယ်။ ကျွန်တော်တို့ရဲ့ ရှေ့တိုးမယ့်ခြေထောက်ကို အတားအဆီးတချို့က အမြဲခလုတ်တိုက်စေပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့က ကျွန်တော်တို့ဘဝရဲ့ အရှင်သခင်ဖြစ်ရမယ်။ ဆူးညှောင့်ခလုတ်ရဲ့ရှေ့မှာ ကိုယ့်ကိုယ်ငြီးတွားပြီး လက်မြှောက်အရှုံးမပေးရဘူး။ အနှောင့်အယှက်နဲ့ကြုံသည့်တိုင် ပြုံးတတ်ဖို့သင်ကြားပြီး ကိုယ့်ကိုယ်အောင်နိုင်တတ်ရမယ်။

အတားအဆီးကို အပြုံးတစ်ပွင့်ပေးလိုက်ပါ။ သူက ကျွန်တော်တို့ရဲ့နာကျင်မှုကို ချက်ချင်း လျော့ချပေးပါလိမ့်မယ်။ နာကျင်မှုထဲမှာ ကာလကြာပိတ်နေတာဟာ လူကိုနစ်မွန်းစေပါတယ်။ အနှောင့်အယှက်ကြောင့်ဖြစ်လာတဲ့ နာကျင်မှုကို နေ့တိုင်းတွေးတောနေတာဟာ ရှေ့ဆက်ရမယ့်လှမ်းကို ပိုအနှောင့်အယှက်ဖြစ်စေပါတယ်။ အနှောင့်အယှက်ကို အပြုံးတစ်ပွင့်ပေးလိုက်တာက ကျွန်တော်တို့ကို အသစ်တစ်ဖန် ထူထူထောင်ထောင်ဖြစ်စေပါတယ်။ အနှောင့်အယှက်ရဲ့အရိပ်က ကင်းလွတ်စေပြီး ကြည်လင်တဲ့အနာဂတ်ကို ဦးတည်စေပါတယ်။

အီတလီစိတ်ပညာရှင် Giordano Brunoက Heliocentrism(နေသည် ဗဟိုဟုယူဆ)ကို ထောက်ခံခဲ့လို့ မီးရှို့အသတ်ခံခဲ့ရတယ်။ မီးရှို့အသတ်ခံရသည့်တိုင် Brunoဟာ ကိုယ့်ယုံကြည်မှုကိုကြံ့ကြံ့ခံရင်း အပြုံးမပျက်ခဲ့ဘူး။

အဟန့်အတားကျောက်ဆောင်တွေရှိတဲ့ မြစ်ချောင်းတွေမှ ရေစီးသံ တသွင်သွင်ရှိတယ်။
ဆောင်းဦးနှင်းတွေရဲ့ အရိုက်ခတ်ကြောင့် မေပယ်လ်ရွက်တွေ နီမြန်းလှပတာဖြစ်တယ်။
အခက်အခဲ၊ အတားအဆီးအမျိုးအမျိုးရှိမှ လူ့ဘဝရဲ့ လှုပ်ရှားမှုတွေက ပိုမြင့်မြတ်တာဖြစ်တယ်။

အမေရိကန် စိတ်ပညာရှင်တွေက “အပြုံးဟာ နာကျင်မှုအားလုံးကိုကျော်လွန်အောင် အင်အားဖြစ်စေသလို လူ့ဘဝကိုလည်း ပြောင်းလဲနိုင်စွမ်းရှိတယ်”လို့ ဆိုခဲ့တယ်။

မှန်ပါတယ်… လူတိုင်း အတားအဆီး၊ အနှောင့်အယှက်နဲ့ ကြုံနိုင်ပါတယ်။ ဒါပေမယ့် ပြုံးတဲ့သူကမှ အဲဒီအတားအဆီးကို မြင့်မြတ်တဲ့ကဗျာတစ်ပုဒ်ဖြစ်အောင် ဖန်တီးနိုင်တယ်။ စိတ်ဓာတ်ရဲ့မီးအိမ်တစ်လုံးအဖြစ် ရှေ့ဆက်မယ့်လှမ်းကို အလင်းပြနိုင်တယ်။ ဘဝရဲ့ဆူးညှောင့်ခလုတ်ကို အပေါ်သို့တက်လှမ်းတဲ့ လှေကားထစ်အဖြစ် ပြောင်းလဲနိုင်ပါတယ်။

အတားအဆီး၊ အနှောင့်အယှက်နဲ့ ရင်ဆိုင်ရတဲ့အခါ နာကျင်မှုကို ကြီးထွားအောင်လုပ်ခဲ့ရင် ဘဝဟာ မွဲခြောက်ပြီး အရောင်မဲ့နေပါလိမ့်မယ်။

အနှောင့်အယှက်နဲ့ကြုံတဲ့အခါ နာကျင်မှုကို အပြုံးနဲ့အစားထိုးပြီး ရင်ဆိုင်ပါ။
နစ်မွန်းမှုကို ရှေ့ဆက်မယ့်ခြေလှမ်းနဲ့ ဦးဆောင်ပါ။
လဲကျတာကို ထူထောင်တာနဲ့ အစားထိုးပါ။
အနှောင့်အယှက် တစ်ခါကြုံရတာနဲ့ လှပတဲ့လူ့ဘဝကို လက်လွှတ်ဖို့ မစဉ်းစားပါနဲ့။ အတားအဆီးကို အပြုံးနဲ့ရင်ဆိုင်တာဟာ ကျွန်တော်တို့ကို လေပြေလေညင်းလေး ခံစားစေသလို လှပတဲ့မနက်ဖြန်တိုင်းကို အောင်မြင်မှု၊ ပျော်ရွှင်မှုတွေနဲ့ ကြုံတွေ့စေပါတယ်။

စိတ်ညစ်နေလား ကိုယ့်ကိုယ် အပြုံးတစ်ပွင့်ပေးပါ။
စိတ်ဓာတ်ကျနေလား ကိုယ့်ကိုယ်အပြုံးတစ်ပွင့်ပေးပါ။
အသဲကွဲနေလား ကိုယ့်ကိုယ်အပြုံးတစ်ပွင့်ပေးပါ။
ဘယ်လိုအချိန်မှာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်အပြုံးတစ်ပွင့်ပေးပါ။
အပြုံးဆိုတာ လူတိုင်းနားလည်တဲ့ ဘာသာစကားဖြစ်တယ်။

http://www.5719.cn/Html/xinling/geicuozheyigeweixiao-27.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

8 comments

  • meelay

    December 18, 2010 at 4:28 am

    မဆူးရေ… ပုံလေးစမ်းထည့်ကြည့်တာ ရသွားပြီ 🙂 အခုလိုပြောပြပေးတဲ့အတွက် ကျေးဇူးပါ…

    Reply

  • full of goods news

    December 18, 2010 at 4:42 am

    နိုင်းနိုင်းစနေရဲ. စာတွေကို ဖေါ်ဝပ်မေးလ်တွေကနေ ဖတ်ဖူးနေတာ …
    ဘဝအတွေးအခေါ်နဲ.အဓိပ္ပါယ်ရှိတဲ့စာတွေဖတ်ရတာအကျိုးရှိပါတယ် ….

    Reply

  • အာဖျံ ကွီး

    December 18, 2010 at 4:57 am

    အခုနေ Comment ပေးနေတုန်း နှောင့်ယှက်တဲ့ Bad Connection အတားအဆီးကို ဆယ်ခါလောက်ပြုံးပြလိုက်မရ် .. ကဲကွာ .. ကဲကွာ ..
    🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂
    နောက် ၁ဝ နာရီအတွင်း Connection လုံးဝ မကျကြေး။ ဟီးးး

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 18, 2010 at 4:57 am

    အေးဗျာ ဂျော်ဒန်နို ဘရူနို ရဲ ့အကြောင်းလေးတွေကို မြန်မာလိုဖတ်ခြင်သားဗျ
    အဲ့သည်ခေတ်ကာလကြီးမှာ ကမ္ဘာက နေကိုပတ်ပြေးနေတယ် ဆိုတာ သူဘယ်လိုတွေးခေါ်မိခဲ့တယ်ဆိုတာ
    စိတ်ဝင်စားစရာကောင်းလိမ့်မယ်ထင်တယ်
    ဒါပေမယ့် ဘာသာရေးအငြင်းအခုန်တွေလဲ ဖြစ်တယ်လို ့ပြောကြတာဘဲ
    ဆိုက်သိရင်လည်း ညွှန်းကြပါဦး။

    Reply

  • thethtet87

    December 18, 2010 at 6:56 am

    ကောင်းတာပေါ့။ပြုံးနေရင်စိတ်ကြည်တယ်။အခုကစပြီးတွေ့တဲ့ကောင်မလေးတိုင်း
    ကိုပြောပြတော့မယ်နော်။

    Reply

  • nyimalay

    December 18, 2010 at 1:39 pm

    စိတ်ညစ်နေလား ကိုယ့်ကိုယ် အပြုံးတစ်ပွင့်ပေးပါ။
    စိတ်ဓာတ်ကျနေလား ကိုယ့်ကိုယ်အပြုံးတစ်ပွင့်ပေးပါ။
    အသဲကွဲနေလား ကိုယ့်ကိုယ်အပြုံးတစ်ပွင့်ပေးပါ။
    ဘယ်လိုအချိန်မှာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်အပြုံးတစ်ပွင့်ပေးပါ။
    အပြုံးဆိုတာ လူတိုင်းနားလည်တဲ့ ဘာသာစကားဖြစ်တယ်။

    လက်တွေ့ကျင့်သုံးပါတယ်…….. 🙂

    အမြဲပြုံးနေတဲ့အတွက်ကြောင့် ပိစိကွေးကို လူတိုင်းက ချစ်ခင်ကြပါတယ် (ဒီဆိုဒ်ကလူတွေကလွဲလို့ပေါ့…. ဒီဆိုဒ်ကလူတွေကတော့ ပိစိကွေးကို ဖုတ်လေတဲ့ငပိရှိတယ်လို့တောင်မထင်ကြဘူး…… 🙂

    အရမ်းဝမ်းနဲတာပဲ…. 🙂

    ဝမ်းနဲတာတောင်အပြုံးလေးနဲ့ပဲ …… လက်တွေ့နော်လက်တွေ့

    🙂 🙂 🙂 🙂 🙂

    Reply

  • meelay

    December 19, 2010 at 3:19 am

    ပိစိကွေးလေးရယ်… အခုမှ ပိစိကွေးလေးရဲ့ အကောင့်ကို မြင်ဖူးတာပါ.. ဒီရွာက လူတွေအားလုံးက ခင်တတ်ပါတယ်…:) 🙂 🙂

    Reply

  • nyimalay

    December 19, 2010 at 12:28 pm

    ကျေးဇူးပါ မမmeelay ရယ်။ ပိစိကွေးလေးကအားငယ်နေတာ။ခုမှပဲအားရှိသွားတော့တယ်။
    ိပိစိကွေးလေးကို ခင်နော် 🙂

    Reply

Leave a Reply to full of goods news Cancel Reply

Your email address will not be published.