သုံးနှစ်ပြည့်အလွမ်း

manawphyulayNovember 21, 20101min01

လင်းပြီး မမှောင်၊ အေးမြမေတ္တာ
နေရောင်ဖျော့ဆင်း၊ ညနေခင်းသို့
မာန်ကင်းချိုသာ၊ ဘွား မျက်နှာသည်
ကြည်သာဘိခြင်း၊ ရင့်ကျက်ခြင်းဖြင့်
အလှမာန၊ ဒေါသမောဟ
တဏှာဆန္ဒ၊ ကင်းစင်ပလျက်
လက်က ပုတီး၊ ပွားစည်းရွတ်ကြား
နှုတ်တရားနှင့်၊ အဘွား မပြတ်
နေပျော်တတ်၏။
ကွမ်းမြုံ့ငုံဝါး၊ ရေနွေးသောက်လျက်
တရားပွေ့ပိုက်၊ အခါးကြိုက်ကာ
ဘွားမျက်နှာသည်၊ ဇရာရိပ်တိုး
အရွယ်မျိုးမို့၊ နိုးကြားမှုကင်း
နုမျစ်ခြင်းတို့၊ ပကင်းရင့်နွမ်း
ပါးရေတွန့်လျက်၊ ပပ်ကြားအက်နှင့်။
နုခြင်း လှခြင်း စိုပြေခြင်းတို့
အလျဉ်းကွယ်ပျောက်၊ ပင်အိုခြောက်ဟု
တွေးထောက်ဆင်ခြင်၊ ဘွားကိုမြင်စဉ်
မနောရင်ထဲ ကြည်နူးရိပ်ထင်
ပြုံးပျော်ရွှင်မြဲ
အိမ်အပြန် မနောအရိပ်
မေတ္တာနဲ့ ကြိုဆိုလက်ကမ်း
ဘွားအိုဘဝ၊ နေညိုစလည်း
အလှဝေစု၊ အနုလက်ကျန်
ရှင်သန်နေမြဲ၊ ဘွားရဲ့အပြုံး
အလျှံဖိတ်ဖိတ်၊ မနော အရိပ်ထင့်
အမြဲ မြင်ယောင်နေဆဲပါတကား။ ။

ဘွားရဲ့ဆုံးမမှုတွေကို အသက်ရှင်နေသရွေ့ကာလပတ်လုံး မြေးလေ…. အမြဲလိုက်နာသွားမှာပါ။
ပြုပြုသမျှ ကောင်းမှုတွေကို ရောက်ရာဘုံဘဝမှ သာဓုခေါ်နိုင်ပါစေဘွားဘွားရယ်….

ဘွားဘွား…
နှုတ်ဆက်ခွဲခွာအပြီးတိုင်သွားခဲ့ပေမယ့်
မနောရဲ့အိပ်မက်ထဲမှာ ခဏခဏတွေ့နေရတာ
မနောရဲ့အတွေးထဲမှာ ခဏခဏ တွေ့နေရတာ
ဘာကြောင့်ပါလဲ ဘွားရယ်။
ဟောဒီ ကမ္ဘာမြေက
ဘာကိုမှ သယ်ဆောင်မသွားတဲ့အပြင်
ဘွားရဲ့ ချစ်မေတ္တာကို
မနော သွားလေရာ ရောက်လေရာမှာ
ဝန်းရံနေပါစေသားရယ်လို့များ
ဆုတောင်းပေးခဲ့လေသလား
မနောမှာတော့ မမေ့သာ
တမ်းတမှုတွေနဲ့အတူ
တကယ်လို့များ ဘဝတစ်ခုခုမှာ
ဘွားနဲ့ပြန်ဆုံတွေ့ရရင်တောင်
ဘွားရဲ့မေတ္တာက မနောအပေါ်မှာ ကြီးမားခဲ့လေတော့
ဘွားက မနောကို နားလည်ပြုံးလေးပြုံးလို့
ခုတော့ ဘွားဘွား
မနောတို့နဲ့ ခွဲခွာခဲ့တာ
သုံးနှစ်တည်းတည်း ပြည့်ခဲ့ပါပေါ့
ကံမကုန်သေးရင်
ဘဝများစွာ ပြန်ဆုံချင်ပါသေးတယ်
ဘွားဘွားရယ်….။

One comment

  • fatty

    November 21, 2010 at 1:05 pm

    တကယ့်ခံစားချက်နဲ့ ရေးစပ်ထားမှန်းသိသာလှတဲ့ ကဗျာကောင်းလေးမို့ တန်ဖိုးထားဖတ်မိပါတယ်။

    Reply

Leave a Reply to fatty Cancel Reply

Your email address will not be published.