US လူ့အဖွဲ့အစည်းအတွင်း လူဖြူကြီးစိုးရေးဝါဒ ဝင်ရောက်လာပုံ
by SweSwe Aye
ယခင်က အမေရိကား လူ့အဖွဲ့အစည်း၏ အစွန်အဖျားတွင်သာ ရှိခဲ့သော လူဖြူကြီးစိုးရေးဝါဒနှင့် အစွန်းရောက် လက်ယာအုပ်စုများ၏ အတွေးအခေါ်များသည် နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် ဘာသာရေး အဓိကနေရာများသို့ ခိုင်မြဲစွာ ဝင်ရောက်လာပြီဖြစ်သည်။ ထိုပြောင်းလဲမှုသည် ရွေးကောက်ပွဲများကို ပုံဖော်နေပြီး၊ မူဝါဒများကို သက်ရောက်မှုရှိကာ၊ ပညာရှင်များနှင့် သတင်းသမားများက အမေရိကား ဒီမိုကရေစီအတွက် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်ကြောင်း သတိပေးထားသည့် ပြင်းထန်သောသဘောထားကွဲလွဲမှုများကို ဖြစ်ပေါ်စေခဲ့သည်။
လူဖြူများ၏ မကျေနပ်ချက်၊ နိုင်ငံရေး အခွင့်ကောင်းယူမှု၊ ခရစ်ယာန် အမျိုးသားရေးဝါဒ (Christian Nationalism) နှင့် လက်ယာစွန်းရောက်အုပ်စု၏ ရည်ရွယ်ချက်ရှိရှိ စည်းရုံးလှုံ့ဆော်မှုများ၏ ဆုံမှတ်များကို မီးမောင်းထိုးပြကာ ထိုကိစ္စပုံမှန်ဖြစ်လာခြင်း၏ အကြောင်းရင်းများနှင့် သက်ရောက်မှုများကို American Community Media က ဦးစီးပြီး နိုင်ငံရေးသုတေငီများ၊ ပညာရှင်များနှင့် ဆွေးနွေးပွဲကို နိုဝင်ဘာ ၁၅၊ ၂၀၂၅ က ပြုလုပ်ခဲ့ပြီး Pilar Marrero က ကြားခံဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့သည်။
အဓိကရေစီးကြောင်းသို့ ရောက်ရှိလာခြင်း။
ဆွေးနွေးပွဲမှ ပညာရှင်များ၏ အဆိုအရ ဤအစွန်းရောက် အတွေးအခေါ်များ ပုံမှန်ဖြစ်လာခြင်းသည် ရုတ်တရက် ဖြစ်ရပ်မဟုတ်ဘဲ၊ ဆယ်စုနှစ်များစွာ ကြာခဲ့သော မဟာဗျူဟာမြောက် လှုပ်ရှားမှု တည်ဆောက်ခြင်းနှင့် အရေးပါသော နိုင်ငံရေး အခိုက်အတန့်များ၏ ရလဒ်ဖြစ်ကြောင်း သိရသည်။
Sanford F. Schram, Adjunct Lecturer in Political Science, Stony Brook University (SUNY) နှင့် Hard White: The Mainstreaming of Racism in American Politics စာအုပ်ကို တွဲဖက်ရေးသားခဲ့သူ Sanford F. Schram က ပထမဆုံးသော လူဖြူမဟုတ်သည့် သမ္မတ ရွေးကောက်ခံရခြင်းကို အဓိက အစပျိုးပေးသူအဖြစ် ထောက်ပြခဲ့သော်လည်း ဤအခြေခံများကို အစောပိုင်းကတည်းက ချထားခဲ့သည်ဟု အလေးထားပြောကြားခဲ့သည်။ လူဖြူ အမျိုးသားရေးဝါဒီများ၏ စကားများအား Republican နိုင်ငံရေးထဲသို့ တဖြည်းဖြည်း ပေါင်းစည်းလာပုံကို ကိုးကား၍ “ချက်ချင်းလက်ငင်း အကြောင်းရင်းကတော့ အမေရိကန် သမိုင်းမှာ ပထမဆုံးသော လူဖြူမဟုတ်သူ သမ္မတ ဘားရက် အိုဘားမား ရွေးကောက်ခံရခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လူဖြူ အမျိုးသားရေးဝါဒက အဲဒီမတိုင်ခင်ကတည်းက အဓိက နိုင်ငံရေးထဲမှာ ထင်ရှားလာနေခဲ့တာပါ” ဟု ဆိုသည်။ ဤတဖြည်းဖြည်း တိုးတက်လာမှုသည် Tea Party လှုပ်ရှားမှုဖြင့် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး Trump ခေတ်တွင် သိသိသာသာ အရှိန်မြှင့်ခဲ့သည်။
Extremely American podcast တင်ဆက်သူ နှင့် သတင်းစာဆရာ Heath Druzin က နိုင်ငံရေး စကားလုံးများနှင့် လူမှုမီဒီယာတို့သည် ယခင်က စဉ်းစား၍ပင်မရနိုင်သော အရာများကို လျင်မြန်စွာ ပုံမှန်ဖြစ်စေခဲ့သည့် အခန်းကဏ္ဍအကြောင်းကို ဆွေးနွေးခဲ့သည်။ “ဒါက အရမ်းမြန်မြန် အရှိန်မြှင့်လာတာပါ။ လူမှုကွန်ယက်တွေ ပေါ်ပေါက်လာတာက ဒီအရာတွေကို နှစ်တွေမကဘဲ လအနည်းငယ်အတွင်း ဖြစ်ပျက်အောင် လုပ်ဆောင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု Druzin က ပြောကြားခဲ့သည်။
ခရစ်ယာန် အမျိုးသားရေးဝါဒ လမ်းကြောင်း (The Christian Nationalist Pipeline)
လက်ရှိ အဓိကရေစီးကြောင်းသို့ ဝင်ရောက်လာခြင်းတွင် အဓိကကျသောအချက်မှာ လက်ယာအစွန်းရောက်အုပ်စု၏ နိုင်ငံရေး ရည်မှန်းချက်များနှင့် ပေါင်းစည်းထားသော ခရစ်ယာန် အမျိုးသားရေးဝါဒ၏ အချို့သော အစိတ်အပိုင်းများ ပါဝင်လာခြင်း ဖြစ်သည်။
Matthew D. Taylor, Ph.D., Senior Christian Scholar at the ICJS က ခရစ်ယာန် အမျိုးသားရေးဝါဒဆိုသည်မှာ ခရစ်ယာန် ဘာသာရေး အမှတ်သရုပ်ကို နိုင်ငံတော်နှင့် နိုင်ငံရေးဆိုင်ရာ အမှတ်သရုပ်များနှင့် ရောထွေးအောင် ပြုလုပ်လေ့ရှိသော သဘောထားဖြစ်ပြီး၊ အမေရိကား ကို အတွင်းအနှစ်သာရအားဖြင့် ခရစ်ယာန်နိုင်ငံအဖြစ် မကြာခဏ မြင်တတ်သည်ဟု ရှင်းပြခဲ့သည်။ အချို့သော ပုံစံများသည် အန္တရာယ်မရှိသော်လည်း၊ ဤလှုပ်ရှားမှုတွင် လူမျိုးစုံအား လက်နက်သဖွယ် အသုံးပြုတတ်သည့် ခရစ်ယာန် ကြီးစိုးရေးဝါဒ၏ အစွမ်းထက်သော အစိတ်အပိုင်းများ ပါဝင်သည်။
Dr. Taylor သည် လက်ရှိ လက်ယာအုပ်စု၏ မဟာမိတ်အဖွဲ့၏ ကွဲလွဲနေသည့် အချက်ကို မီးမောင်းထိုးပြခဲ့သည်။ ထိုအဖွဲ့တွင် လူဖြူကြီးစိုးရေးဝါဒီများနှင့် သမ္မတ ဒေါ်နယ်လ် ထရန့်ကို အကြံပေးသည့် charismatic လှုပ်ရှားမှုအတွင်းမှ ဘာသာမျိုးစုံ ခရစ်ယာန်အုပ်စုများ ပါဝင်သည်။ ၎င်းက ထရန့်ကို “ဘုရားသခင် စေလွှတ်လိုက်သော ပုဂ္ဂိုလ် (quasi-messiah)” အဖြစ် ပုံဖော်ထားသည့် စုစည်းထားသော ဇာတ်ကြောင်းသည် universal adapter အဖြစ် ဆောင်ရွက်ပြီး၊ ကွဲလွဲနေသော အုပ်စုများ (ဥပမာ- ဂျူးဆန့်ကျင်ရေးဝါဒီများနှင့် ခရစ်ယာန် ဇီယွန်ဝါဒီများ) ကို ဘုံနိုင်ငံရေး ရည်မှန်းချက်တစ်ဝိုက်တွင် ပေါင်းစည်းစေနိုင်သည်ဟု ဆွေးနွေးခဲ့သည်။
Dr. Taylor က Moscow, Idaho က ဘုန်းတော်ကြီး Doug Wilson ဦးဆောင်သည့် သြဇာကြီးမားသော အစိတ်အပိုင်းကို အထူးဖော်ပြထားသည်။ ဒီမိုကရေစီဆန့်ကျင်ရေး၊ အမျိုးသားကြီးစိုးရေးနှင့် ကွန်ဖက်ဒရေးရှင်းကို ထောက်ခံသည့် အမြင်များကို ထောက်ခံသူ Wilson သည် ပညာရေး၊ မီဒီယာနှင့် ဘုရားကျောင်း တည်ထောင်ခြင်းတို့ကို ဖြန့်ကျက်ထားသည့် “ခရစ်ယာန် စက်မှုလက်မှု အဆောက်အအုံ ” (Christian industrial complex)” ဟု နာမည်ပေးထားသည့် ကြီးမားသော ကွန်ရက်ကို တည်ဆောက်ခဲ့သည်။ Druzin က ဤရေရှည် မဟာဗျူဟာသည် ယခုအခါ အကျိုးအမြတ်များ ရရှိနေပြီဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။ “သူက ဒီအခိုက်အတန့်အတွက် ဆယ်စုနှစ် လေးခုကျော်ကြာ ရှည်လျားတဲ့ကစားကွက်ကို အခြေခံအားဖြင့် ကစားခဲ့တာပါ။ ဒါဟာ သူ့ရဲ့အခိုက်အတန့်မှန်း သူ့ဟာသူသိပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတာပါ”
အစွန်းရောက် အတွေးအခေါ်များကို အစိုးရ မူဝါဒအဖြစ် ပြောင်းလဲခြင်း။
ဤပြောင်းလဲမှု၏ အလွန်အမင်း စိုးရိမ်စရာကောင်းသော အချက်မှာ အစွန်းရောက် လက်ယာအုပ်စု၏ အတွေးအခေါ်မှ အုပ်ချုပ်ရေးနှင့် အစိုးရ မူဝါဒများထဲသို့ တိုက်ရိုက် ရောက်ရှိသွားခြင်း ဖြစ်သည်။
လူ့အခွင့်အရေးဆိုင်ရာ သုတေသနနှင့် ပညာရေးအဖွဲ့ (IREHR) ၏ အမှုဆောင် ဒါရိုက်တာ Devin Burghart သည် ၎င်း၏ အဖွဲ့အစည်း၏ သုတေသနမှ ခိုင်မာသော အချက်အလက်များကို ပေးခဲ့သည်။ ၎င်းတို့၏ Breaching the Mainstream အစီရင်ခံစာတွင် စစ်တပ်အဖွဲ့အစည်းများ၊ ကာကွယ်ဆေးဆန့်ကျင်ရေး အဖွဲ့များနှင့် QAnon-မှုတ်သွင်းထားသော အဖွဲ့အစည်းများ အပါအဝင် အစွန်းရောက်လက်ယာအုပ်စုတစ်ခု သို့မဟုတ် တစ်ခုထက်ပိုသောအဖွဲ့များသို့ ဝင်ရောက်ခဲ့သော ပြည်နယ် ဥပဒေပြုအမတ် ၈၇၅ ဦး ကို မှတ်တမ်းတင်ထားသည်။
Burghart က ဤလှုပ်ရှားမှု လှုပ်ရှားဆောင်ရွက်မှုနှင့် ဥပဒေပြုရေးဆိုင်ရာ ပါဝင်ပတ်သက်မှုသည် အတွေးအခေါ်များကို “အစွန်းအဖျားကနေ ဥပဒေပြဋ္ဌာန်းခြင်းဆီသို့” ရွေ့လျားစေသည်ဟု ပြောကြားခဲ့ပြီး ကြောက်မက်ဖွယ် ဥပမာတစ်ခုကို ပေးခဲ့သည်။ “အခုအခါ၊ ပြည်နယ်နှစ်ခုက တစ်ချိန်က အကောင်းဆုံးရယ်မောစရာလို့ သတ်မှတ်ခဲ့တဲ့ လျှို့ဝှက်သီအိုရီတွေအတိုင်း geoengineering ကို ဆန့်ကျင်တဲ့ ဥပဒေတွေကို အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်”
ဤအတွေးအခေါ်သည် Leonard Zeskin က “Middle American nationalism” ဟု ခေါ်ဆိုခဲ့သည့် အရာတွင် မကြာခဏ အခြေခံထားပြီး၊ လူဖြူ၊ အလယ်အလတ်တန်းစား အမေရိကန်များသည် “အထက်မှ အထက်တန်းစားများ၏ ဖိနှိပ်မှုနှင့် အောက်မှ ဘာသာမျိုးစုံ အုပ်စုများ၏ ထိုးဖောက်မှု (multicultural hordes)” တို့ကြောင့် ဖိစီးခံနေရသည်ဟု ယုံကြည်သည်။ ဤမကျေနပ်ချက်သည် အောက်ပါ ဥပဒေပြဋ္ဌာန်းမှုများကို အားပေးခဲ့သည်။
- ရွှေ့ပြောင်းနေထိုင်သူများအပေါ် စစ်ရေးပုံစံ အကြမ်းဖက် နှိမ်နင်းမှုများ။
- LGBTQ အသိုင်းအဝိုင်းကို တိုက်ခိုက်သည့် ဥပဒေများ။
- ပညာရေးတွင် လူမည်းသမိုင်းအား ဆက်လက် ဖျောက်ဖျက်ခြင်း။
ဒီမိုကရေစီကို ခြိမ်းခြောက်ခြင်း။
ဤအဓိကရေစီးကြောင်းသို့ ဝင်ရောက်လာခြင်းသည် အမေရိကန် ဒီမိုကရေစီကျန်းမာရေးအတွက် အလွန်အမင်း အန္တရာယ်ရှိသော ကျဆင်းမှုကို ညွှန်ပြနေကြောင်း ဆွေးနွေးပွဲမှ ပညာရှင်များက ကောက်ချက်ချခဲ့သည်။ လူဖြူ မဲဆန္ဒရှင်များ၏ “အခြားအုပ်စုကို ဆန့်ကျင်ရန် (out-group hostility)” ပိုမိုလိုလားလာမှုသည် အာဏာရှင်ဆန်သော ခေါင်းဆောင်မှုအပေါ် တိုက်ရိုက် ထောက်ခံမှုကို ပြသနေကြောင်း Schram က အလေးထား ပြောကြားခဲ့သည်။ “အာဏာရဖို့ အခွင့်အလမ်းတွေ ရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ သုတေသနက ပြသတာကတော့ ကွဲပြားတဲ့ အုပ်စုတွေအပေါ်မှာ လူဖြူတွေရဲ့ ဆန့်ကျင်လိုစိတ် မြင့်မားလေလေ၊ သူတို့က ဒီမိုကရေစီကို ထောက်ခံနိုင်ခြေ နည်းပါးလေလေ ဖြစ်ပြီး၊ အာဏာရှင် ခေါင်းဆောင်တစ်ဦးကို လက်ခံဖို့ ပိုပြီး ဆန္ဒရှိကြပါတယ်၊ ဘာကြောင့်လဲဆိုတော့ အဲဒီလမ်းကြောင်းကနေပဲ သူတို့ အာဏာရရှိနိုင်မယ်လို့ ယူဆနေကြလို့ပါပဲ။”
Dr. Taylor က ဤအခြေအနေကို ကမ္ဘာလုံးဆိုင်ရာ ခေတ်ရေစီးကြောင်းနှင့် ဆက်စပ်ပြီး၊ အများစုသည် ၎င်းတို့၏ ကြီးစိုးသော အဆင့်အတန်းကို ဆုံးရှုံးမည်ကို ကြောက်ရွံ့သည့်အခါ အန္တရာယ် ပိုရှိလာသည်ဟု သတိပေးခဲ့သည်။ ရှေ့ဆက်ရမည့် လမ်းကြောင်းမှာ ဒီမိုကရေစီ ဘာသာစုံပါဝင်မှုကို ကာကွယ်ရန် တင်းမာမှု မရှိသည့် “အကြီးမားဆုံးသော မဟာမိတ်အဖွဲ (biggest tent coalition)” လိုအပ်ကြောင်း ပြောကြားခဲ့သည်။ “အခုအချိန်မှာ လုပ်ဆောင်ရမယ့် အစီအစဉ်ကတော့ ဒီအစွန်းရောက်မှုတွေကို ရပ်တန့်ဖို့ပါပဲ၊ ပြီးတော့ ဒီမဟာမိတ်အဖွဲ့ကို တည်ဆောက်ပြီး ဒီအရာတွေကို ထိန်းချုပ်ကာ အစကနေ ပြန်လည် တည်ဆောက်ရမှာ ဖြစ်ပါတယ်”

