Learn to Speak English (19) – Prof; Myo Kyaw Myint

kaiJanuary 17, 20221min01

ယခု ၂၀၂၂ ပထမဆုံးလမှာ မြန်မာတွေကို တော်တော်လေး ဒုက္ခပေးတတ်တဲ့ -ed အသံလေးကို မှန်မှန်ကန်ကန် အသံထွက်တတ်ရန် လေ့လာကြပါစို့။ -ed မှာ အသံထွက် ၃မျိုးတိတိ ရှိပါတယ်။ မြန်မာလို ‘တ’နဲ့ တူတဲ့ /t/ ဆိုတဲ့ အသံလေးရယ်၊ မြန်မာ ‘ဒ’နဲ့ တူတဲ့ /d/ ဆိုတဲ့ အသံလေးရယ်၊ မြန်မာ ‘အစ်’ သံနဲ့ တူတဲ့ /id/ ဆိုတဲ့အသံလေး ဖြစ်ပါတယ်။
အကြမ်းအားဖြင့်တော့ /p,k,/ ဆိုတဲ့ အသံလေးတွေရဲ့နောက်မှာ /t/ သံ ထွက်ရပါတယ်။ ဉပမာ pumped, dumped, linked, picked
အလားတူပင် /b,g,n,m/ ဆိုတဲ့ အသံလေးတွေရဲ့ နောက်မှာ /d/ ထွက်ရပါတယ်။ ဉပမာ lobbed, logged, begged, harpooned, loomed
နောက်ဆုံးအနေနဲ့ /t,d/ ဆိုတဲ့ အသံတွေရဲ့ နောက်မှာ /id/ အသံလေးထွက်ပါတယ်။ ဉပမာ started, parted, darted, goaded, loaded

အရင်လများက ဖော်ပြခဲ့သလိုပါဘဲ၊ စကားလုံး တလုံးချင်းမှန်ဖို့ထက် စကားအသွားအလာ၊ လေယူလေသိမ်း မှန်ဖို့က ပိုအရေးကြီးပါတယ်။ လေယူလေသိမ်း မှန်နေရင် စကားလုံးတခုကို အသံထွက်လေး တိမ်းစောင်းသွားခဲ့ရင်တောင် တဖက်သားအဖို့ နားလည်ဖို့ မခက်ခဲလှပါဘူး။ ဒီတော့ လေယူလေသိမ်း မှန်ဖို့၊ တနည်းအားဖြင့် အင်္ဂလိပ်စကားကို Rhythm မှန်မှန်လေး ပြောနိုင်ဖို့ အောက်ဖော်ပြပါ အချက်လေးများကို ဂရုပြုပြီး လိုက်နာကြပါ။ ကြိုးစားလေ့ကျင့်ကြပါလို့ တိုက်တွန်းလိုပါတယ်။

(၁) ယခင်လများက ဖော်ပြပေးထားတဲ့ nursery rhymes လေးတွေကို အခွင့်သာတိုင်း လေ့ကျင့်ပေးပါ။ အနည်းဆုံး တနေ့ တကြိမ်၊ နှစ်ကြိမ်လောက်တော့ ဆိုပေးပါ၊ နားထောင်ပေးပါ။ အထူးသဖြင့် jazz chants လေးတွေဟာ အထူးကိုလေ့ကျင့်ဖို့ ကောင်းမွန်ပါတယ်။ 
(၂) စကားလုံးတခုဟာ ပုံသေကားချပ် အသံထွက်ရယ်လို့ မရှိဘဲ ဝါကျပေါ်မှာတည်ပြီး အသံထွက်ရတာကို သတိထားမိပါစေ။ စကားလုံးပေါ်မှာ အာရုံစိုက်ဖို့ထက် ဝါကျပေါ်မှာ အာရုံစိုက်ဖို့ အရေးကြီးတာကို သတိပြုမိပါစေ။ ဉပမာ - I want to go home နဲ့ I really want this ဆိုတဲ့ ဝါကျနှစ်ခုမှာ want ရဲ့ အသံထွက်ဟာ မတူပါဘူး။ ပထမ ဝါကျမှာ wanna လို့  အသံထွက်ပြီး ဒုတိယဝါကျမှာတော့ want လို့ ပီပီသသ ထွက်ပါတယ်။  

ဒီကိစ္စလေးက အထူးအရေးကြီးပါတယ်။ မြန်မာစကားမှာ စကားလုံးတခုဟာ အသံထွက် တမျိုးတည်းသာ ရှိလေ့ရှိပြီး ဝါကျပေါ်မူတည် ပြောင်းလဲခဲပါသည်။ ဒီတော့ မြန်မာအများစုက အင်္ဂလိပ်လို စကားပြောကြသည့်အခါ စကားလုံးတခုရဲ့ အသံထွက်ကို တမျိုးတည်းသာ မှတ်သားထားလေ့ရှိပါသည်။ ဒီတော့ တကယ် conversation လုပ်ရသည့်အခါ အခက်အခဲတွေ့ရတတ်ပါသည်။
(၃) ဖြစ်နိုင်ရင် အချိန်ရတိုင်း အင်္ဂလိပ်သီချင်းတွေ၊ Talk shows တွေကို နားထောင်ပေးပါ။ သီချင်းတွေကို လိုက်ဆိုကြည့်ပါ။ အဓိပ္ပာယ် နားလည်စရာ မလိုပါ။ YouTube မှာ နားထောင်ရင် lyrics ဖော်ပြပေးပါတယ်။ စကားလုံးလေးတွေရဲ့ အသံထွက် ပြောင်းပုံ ပြောင်းနည်းလေးတွေကို တွေ့ပါလိမ့်မယ်။
(၄) နောက်ဆုံးအချက်ကတော့ လိုက်နာဖို့ အခက်ဆုံးပါပဲ။ အင်္ဂလိပ်စကား ပြောတော့မယ်ဆိုရင် ခေါင်းထဲမှာ မိမိ ပြောလိုတာကို မြန်မာလို စဉ်းစားပြီးမှ ဘာသာပြန်ယူတဲ့ အကျင့်ကို ရပ်တန်းက ရပ်လိုက်ပါ။ ဒီလို ဘာသာပြန်နေသရွေ့ အင်္ဂလိပ်စကားကို သွက်သွက်လက်လက် ချက်ချက်ချာချာ ပြောနိုင်ဖို့ မဖြစ်နိုင်ပါ။ တနည်းအားဖြင့် Fluently ပြောတတ်ဖို့ မဖြစ်နိုင်ပါ။ အင်္ဂလိပ်စကားကို အင်္ဂလိပ်လိုဘဲ ခေါင်းထဲမှာ စဉ်းစားပြီး ပြောရမှာ ဖြစ်ပါတယ်။ နံမည်ကျော် စာရေးဆရာကြီး ဦးဖိုးကျားရဲ့ “ဘိလပ်ပြန်” ဝတ္ထုကို တချို့ကတော့ ကြားဖူး၊ ဖတ်ဖူးမှာပါ။ ဒီဝတ္ထုထဲမှာ England က ပြန်လာတဲ့ မောင်သောင်းဖေ ဆိုတဲ့ လူငယ်လေးက မြန်မာစကားကို အင်္ဂလိပ်လို လေယူလေသိမ်းနဲ့ ပြောနေတာကို ရယ်စရာအဖြစ် ဖော်ပြထားပါတယ်။ ဉပမာ –
“အေးသော ရေလေးတခွက်ကို ပေးစမ်းပါကွယ်” ဆိုပြီး အင်္ဂလိပ်လို please give me a cup of cold water ကို မြန်မာလို တိုက်ရိုက်ပြန်ဆိုလိုက်တော့ မြန်မာတွေရဲ့ နားထဲမှာ ထောက်နေတာပေါ့။ အလားတူပါပဲ။ မြန်မာလို တွေးပြီး အင်္ဂလိပ်လို ပြောလိုက်တဲ့အခါ ကြားရသူအတွက် ကသိကအောက် ဖြစ်သွားမှာ သေချာပါတယ်။
မြန်မာတော်တော်များများ ပြောတာ ကြားဖူးပါတယ်။ He has 20 years old မြန်မာလို “သူ အသက် ၂၀ ရှိပြီ” ဆိုတာကို တိုက်ရိုက် ပြန်လာတာကိုး။ သို့သော် ဒီဝါကျက မှားနေပါတယ်။ He is 20 years old လို့ သုံးမှ မှန်ပါတယ်။ အင်္ဂလိပ်လိုကျတော့ ‘ရှိ’တယ်လို့ မပြောဘဲ ‘ဖြစ်’တယ်လို့ ပြောရမှာကိုး။

ဘယ်လောက်ပဲ အင်္ဂလိပ်စာ တတ်ပါစေ၊ မိမိ မတွေ့ဖူးတဲ့၊ သို့မဟုတ် အသံထွက်ဖို့ ခက်ခဲတဲ့ စကားလုံးတွေကို တွေ့ကြုံရမှာပါ။ ဒီအခါ ဉာဏ်ကို လွှာသုံးပြီး ရှောင်ပြောလို့ ရပါတယ်။
ဉပမာ – စာရေးသူရဲ့ သမီးအလတ်က မြန်မာလိုတော့ သွားဖွားအထူးကု ဆရာဝန်မလေးပါ။ အင်္ဂလိပ်လိုတော့ obstetrician gynecologist ဆိုတော့ နှုတ်သွက်လျှာသွက် ပြောရ ခက်လှပါတယ်။ ဒါကြောင့် သူ့ကို OBGYN လို့ပဲ ခေါ်ကြ ပြောကြပါတယ်။
အလားတူ နှစ်သစ်ကူးမှာ မြန်မာလူမျိုးတွေအားလုံး ဉာဏ်ကို လွှာသုံးကြပြီး တိုင်းပြည်တိုးတက်လာအောင်၊ မိမိနှင့် မိမိရဲ့ မိသားစုတတွေ တိုးတက်လာအောင် ဆောင်ရွက်နိုင်ကြပါစေလို့ ဆုတောင်းရင်း နိဂုံးချုပ်ပါရစေ။

One comment

Leave a Reply to manawphyulay Cancel Reply

Your email address will not be published.