အယ်ဒီတာ့သင်ပုန်း – အောက်တိုဘာ ၂၀၁၈

kaiSeptember 28, 20181min02

ဂိမာန်ကုန်၍ဟေမာန်ဦးဝင်ပါပြီ။
အမေရိကားတွင် အအေးပိုလာသော်ငြား နိုဝင်ဘာ(၆)ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ နိုင်ငံရေးအပူလှိုင်းများတက်၍နေ၏။ Blue Wave အနိုင်နှင့်အတူ သမ္မတထရမ့်အား အယုံအကြည်မရှိအဆို တင်သွင်းဖြုတ်ချရန်အထိ ရည်မှန်းထားပုံရသော အပြာ-ဒီမိုကရက်နှင့် အနီ-ရီပါ့ဗလစ်ကန်င်တို့၏ပွဲကောင်း/ပွဲတောင်းလာသည်။ ရွေးကောက်ပွဲအတွက်ကြိုပြင်ဆင်မှုတို့တွင် ယခုနှစ်၌ ဒီမိုကရက်ပါတီကိုယ်စားပြုဝင်ပြိုင်သော အမျိုးသမီးအမတ်တို့မှာသမိုင်းစံချိန်တင်လိုက်ပါသည်။ ပထမဆုံးမွတ်ဆလင်အမျိုးသမီးအမတ်နှင့် ပထမဆုံးနေးတစ်အမေရိကန်အမျိုးသမီးအပါအဝင် ဗားမောင့်ပြည်နယ် ဂါဗနာအဖြစ် ပထမဆုံးအမျိုးသမီးဘဝလိင်ပြောင်းခွဲစိတ်ခံယူထားသူလည်းပါနေသည်။
Me Too Movement (#MeToo) လှုပ်ရှားမှုဖြင့် ယခုခေတ် အမေရိကနိုင်ငံရေး ဖိုဝါဒလွှမ်းမိုးသောအခန်းကဏ္ဍများတွင်လည်း တွန်းတိုက်နေရာယူလာခြင်းသဘောမြင်ရ၏။

“တိုင်းပြည်ဦးစီး အမျိုးသမီး”
မြန်မာ့သန်းခေါင်စာရင်း(၂၀၁၄)အရ မြန်မာအမျိုးသမီးများသည် အမျိုးသားများထက်လူဦးရေပိုများ( ၁၀၀/၉၃ အချိုး)ယုံမက ကုန်ထုတ်လုပ်မှုလည်းပိုသည်။
တိုင်းပြည်၏လက်ငင်းအခြေအနေကို ကြည့်ပြောရသော် အမျိုးသားများမှာ ကုန်ထုတ်လုပ်မှုမရှိသော သာသနာရေးနှင့်တပ်မတော်သားအဖြစ်ခံယူခိုလှုံကြပေရာ ထိုထိုလူတန်းစားအား စား၊ဝတ်၊နေရေးလိုအပ်ချက်များဖြည့်စည်းရန် လည်း အမျိုးသမီးများက အလုပ်ပိုလုပ်ကြရသည်။
အမျိုးသမီးများမှာ မြန်မာလူနေမှုအသိုင်းအဝိုင်းဝယ် သူတို့ကိုယ်တိုင်မသိသော ဦးစီးအာဏာပါဝါရှိသည်ကို ကိုယ်တိုင်လည်း ရယူတိုက်ယူရန်မကြိုးစားဝံ့ပေ။ နှစ်ထောင်ချီယဉ်ကျေးမှုကြီးတို့ရှိသည် အိမ်နီးချင်းအိနိ္ဒယနှင့် ချိုင်းနားပြည်တို့၏ မဟာပုရိဿဩဇာလွှမ်းမိုးလွန်းရကား မြန်မာအမျိုးသမီးထုမှာ တွန့်ဆုတ်နေသည့်သဘော တွေ့ရသည်။

“အမည်သညာ ခေါ်စရာ”
ယခုခေတ်ကမ္ဘာ့နိုင်ငံသားအများစုတို့သည် Family name, Last Name/Surnames တို့ဖြစ်အမည်ပေးကြကာ ဤသို့ပေးခြင်းမှာ တိုးတက်လာသော လူဦးရေတို့ကို အုပ်စုခွဲထုတ်သိသာစေရန် ရည်ညွှန်းခြင်းရှိပုံရပါသည်။ သို့နှင့် ထိုလူသားသည် မိမိ၏မိသားစုအမည်/မျိုးရိုးကို စောင့်ရှောက်ချင်စိတ်လည်း တိုး၍ပါကောင်းပါလာနိုင်သည်။
မြန်မာတို့လူအမည်ပေးစနစ်၌ ထိုသို့စနစ်မရှိပေ၊ ရှေးက မွန်ဂိုနှင့် Tark/Tartar-တရုတ်လူမျိုးများတွင်လည်းမရှိဟုသိရသည်။ နေးတစ်အမေရိကန်များ အမည်တလုံးသာသုံးခဲ့ကြသည်။ အလယ်ခေတ် ဥရောပတို့တွင် ဤသို့အမည်ပေးစနစ်မရှိခဲ့သော်ငြား(ဥပမာ။ စစ်ဘုရင် Alexanderနှင့် Plato) လိုအပ်ချက်ရှိသည်မူ၍ ဆင့်ဆက်ပြင်ဆင်ခဲ့ကြသည်။ ဂျပန်နိုင်ငံတွင် မူလရှေးခေတ်များက Family name သုံးစွဲခြင်းမရှိ။ မဲဂျီပြုပြင်ရေးခေတ်ရောက်မှဘုရင့်အမိန့်ဖြင့် ထည့်ခိုင်းခြင်းဟုအဆိုရှိသည်။
မြန်မာတို့အမည်နာမ ကင်ပွန်းတပ်ရာတွင် မွေးသည့်နေ့ တနလ်ာ၊အင်္ဂ ါစသဖြင့်ကို အစွဲပြု ကခဂဃင၊ စဆဇဈည ဖြင့်ပေးကြသလို ထိုနေ့နံအရ တိရစ္ဆာန်အကောင် ကျား၊ ခြင်္သေ့ စသဖြင့်လည်း ကိုယ်စားပြုတတ်ကြသည်။ မွေးဖွားလာသူကိုဗေဒင်ကိန်းခန်း၊ နက္ခတ်တို့နှင့်တိုက်ကာ ဇာတာဖွဲ့ကြ၍ ထို ရိုးရာဓလေ့မှာ ယခုတိုင်စွဲမြဲနေသေး၏။ မြန်မာ-ကုလား/တရုတ် နှင့်တိုင်းရင်းသားအချို့တွင်တော့ မြန်မာအမည်အပြင် ဆိုင်ရာဇာတိနွယ် ယဉ်ကျေးမှုအလိုက် အခြားအမည်ပေးကာ အမည်နှစ်ခုရှိတတ်ပါသည်။

“ဖခင်အမည်။ ? ”
မြန်မာအမည်သိယုံဖြင့် မိဘမျိုးရိုးမသိနိုင်ရကား သိလွယ်သတ်မှတ်လွယ်ရန် နိုင်ငံသားစိစစ်ရေးကဒ်ပြားအပါဝင် အစိုးရလုပ်ငန်းဌာနတို့နှင့်ပါတ်သက်သည့် ဖြည့်ကြရသည် ့ဖေါင်တို့တွင် ဖခင်အမည်ကိုထည့်သွင်းမေးမြန်းကြရ၏။ ထို့ပြင် လူချင်းတွေ့ဆုံ နှုတ်ဆက်ကြရာတွင်လည်း “အဖေဘယ်သူလဲ”ဟုမေးကြရတော့သည်။
သေချာသောမိခင်အမည်အစား ဖခင်အမည်ကိုဖြည့်ရပေရာ မိခင်၏အခန်းကဏ္ဍ (တနည်းအားဖြင်) အမျိုးသမီးတို့မှာသိမ်ငယ်ရလေသည်။ စော်ကားခံရ၍ အဖေအမည် မဖော်ပြချင်သော၊ မသိသောမိခင်များ၊ စိတ်သဘောမတိုင်ဆိုင်၍ လင်မယားကွဲထား/ခွဲထားသောအမျိုးသမီးများအတွက် ဖခင်အမည်ကိုဖြည့်သွင်း/မေးမြန်းခြင်းမှာ စိတ်ထိခိုက်နိုင်သော အခြေအနေဖြစ်စေသည်။ ကလေးငယ်ကို ကိုယ်တိုင်ပြုစုပျိုးထောင်နေရသော Single mother တယောက်မိခင်အတွက် ကလေးဖခင်အမည်မေးရာ၊ ဖြည့်ခိုင်းရာတွင် မည်သို့တုန့်ပြန်ရမည်နည်း။ မိမိရင်သွေးနှင့် မည်သို့ ညှိရ ရှင်းရပါမည်နည်း။ ပါတ်ဝန်းကျင်နှင့်မည်သို့စကားဆက်ပြောရမည်နည်း။

“အမျိုးသမီးမတက်ရ”
ယောက်ျားကောင်းမောင်းမတထောင်ဟူ၍ ယောက်ျားမှ အိမ်ထောင်ဖက်မိန်းမ ကြိုက်သလောက်တရားဝင်ယူနိုင်သည့် (ပထမမြန်မာနိုင်ငံတည်ထောင်ကတည်းကရှိခဲ့သော) မြန်မာ့ယဉ်ကျေးမှုဓလေ့တခုအား သမ္မတဦးသိန်းစိန်လက်ထက်တွင် မဘသခေါ်အမျိုးဘာသာ၊သာသနာစောင့်ရှောက်ရေးအဖွဲ့ကြီးမှ တလင်တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေပြု၍ ဖျက်နိုင်ခဲ့သည်။
သို့သော် စေတီ၊ဘုရား၊သိမ်တို့အပေါ်/စင်မြင့် “အမျိုးသမီးမတက်ရ”တို့ရှိနေဆဲဖြစ်သလို ဘုန်းနိမ့်ခြင်းဟူသည်လည်းအသက်ဝင်ဆဲဖြစ်သည်။အိမ်ထောင်တို့တွင် မိသားစုရှိသည်ဖြစ်၍ အဝတ်လျှော်စက်ဖြင့် လျှော်ရသောခေတ်တွင်ပင် ယောက်ျားအိမ်ထောင်ဦးစီးအဝတ်နှင့် မယားအဝတ်တို့ ခွဲလျှော်ကြရသည့် အယူသည်းမှုလည်း ထင်ရှားစွာကျန်နေသေးသည်။ အချို့မြန်မာ့ကျေးလက်ဒေသတို့တွင် ချောင်း/မြစ်တို့၌ အဝတ်လျှော်ဖွတ်သည်ပင်လျှင် ထဘီများအတွက်သီးသန့်နေရာထားကြရသည်လည်းရှိသေး၏။ မိန်းမမွေးထုတ်မှ လူဖြစ်ကြရသော ယောက်ျားသား ပုရိသတို့ ဘုန်းနိမ့်သည်ဆိုခြင်းတွင် မိန်းမ ထဘီကြိုးတန်းအောက်ဝင်ခြင်း၊ မိန်းမထဘီအောက်တွင်နေခြင်း/ထိုင်ခြင်းလည်းပါသည်။ ဤသည်ကို ရှေး ဗျဝိ၊ဗျတ္တ မြန်မာနတ်တို့၏ဖခင်၂ပါးတွင် သူရဲကောင်းဗျဝိဘုန်းနိမ့် အရှုံးပေးရရန် ထဘီတန်းအောက်ဝင်အောင်ဖန်တီးသည်လည်းရာဇဝင်ဝယ်ဖတ်ဖူးသည်။
သားသမီးစုံလင်မိသားစုဘဝတွင် သားသားမီးမီးတို့ မိခင်ဆီမှမွေးဖွားကြရသည်မဟုတ်ပါလော။ ကမ္ဘာ့အစွမ်းဆုံး စစ်မင်းများ၊ ဧက္ကရာဇ်များအပါအဝင် ဂေါတမဗုဒ္ဓ၊ တမန်တော်များအားလုံး၊ ပုပ်ရဟန်းမင်းအဆုံးအမျိုးသမီးမှမွေးဖွားကြသည်မဟုတ်ပါလား။
နိမ့်ကျသည်။ ဘုန်းနိမ့်သည်ဆိုခြင်းသည် ယုတ္တိတန်ပါ၏လော။

“ဘိက္ခူနီ”
ဘိက္ခူနီ (ရဟန်းမ)တို့သည် ထေရဝါဒဗုဒ္ဓဘာသာအများစုနိုင်ငံတို့တွင် မြန်မာနိုင်ငံမှလွဲ၍ ထင်ရှားရှိကြသည်။ မြန်မာတို့၏ ဗုဒ္ဓတရားတော်တို့ ယူဆောင်သင်ယူရာမူလဖြစ်သော သီရိလင်္ကာပြည်မှာပင်ရှိသော်ငြား မြန်မာ့ထေရဝါဒကခွင့်မပြုဖြစ်ခဲ့ကြ။ ဂရုဓံတရားရှစ်ပါးကို မလိုက်နာသည်မူ၍ မြန်မာနိုင်ငံဝယ် ဘိက္ခူနီပြတ်ပြီးသည်ဟုယူခဲ့ကြရာတွင် ကုန်းဘောင်ခေတ်ရောက်မှ မယ်သီလရှင်ဘဝဖြင့်အစားထိုး၍ ရဟန်းမအဆင့်မှ တဆင့်နှိမ့်ပေးရသည်ကိုတွေ့ရလေသည်။ “သီလရှင်အစ မယ်ကင်းက”ဟုဆိုကြပေရာ ထိုခေတ်က မယ်ကင်း(ဘွဲ့- မယ်ခေမာ)နှင့်ဗန်းမော်ဆရာတော်ကြီးတို့၏ အသွားအပြန်လင်္ကာကဗျာတို့တွင် မိန်းမအား ယောကျာ်းနှင့် ခွင့်တူတန်းတူမထားနိုင်မှုများကိုတွေ့နိုင်သည်။ ထိုခေတ်သာသနာပိုင် ရှမ်းကလေးကျွန်း ဆရာတော်၏ညီမတော်အရင်း မယ်ကင်းသည်ပင်လျှင် မစွမ်းနိုင်ခဲ့။
အင်္ဂလိပ်ကိုလိုနီဘဝတွင် ရှင်အာဒိစ္စဝံသသည်လည်း အမျိုးသမီးများကိုဘိက္ခုနီဝတ်ခွင့်ပြုရေးအတွက် ကြိုးပမ်းမှုကြောင့် ပကာသနိယကံဖြင့် ထေရဝါဒရဟန်းများ၏အရေးယူခံရဖူးသည်။
နောက်ပိုင်းခေတ် မြန်မာ့ပထမ ဘိက္ခူနီမှာ မသစ္စဝါဒီ ဟုအဆိုရှိကြသည်။ သီရိလင်္ကာပြည်တွင် ဘိက္ခူနီဘဝကူးပြောင်းခဲ့ပြီး မြန်မာနိုင်ငံသို့ပြန်လာရာ ၂၀၀၅ ခုနှစ်တွင် မဟန ဆရာတော်ကြီး၄ရပါးစုံညီရှေ့မှောက်၌အစစ်ခံရ၍ သင်္ကန်းချွတ်ရန်ခံဝန်ချက်ထိုုးခိုင်းပြီး စီရင်ချက်ချရာ ငြင်းဆန်၍ထောင် ၅နှစ်ချအရေးယူခဲ့သည်။ ထောင်ကျပြီးနောက် ခံဝန်ချက်ကို အသံထွက်ရွတ်ဆို လက်မှတ်ထိုးပေးခဲ့ရာတွင် ထောင်မှလွှတ်ပေးသော်လည်း သီရိလင်္ကာသို့ပြည်နှင်ဒဏ်ခံရပေသည်။

မြန်မာနိုင်ငံတွင် Gayတို့သည် ကျိုက်ထီးရိုးတွင်ရွှေသက္ကန်း ကိုယ်တိုင်ကပ်နိုင်သည်။ တောင်ပြုန်းနတ်တို့ပွဲတွင် နတ်ကတော်လူတန်းစားတရပ်အဖြစ်အောင်မြင်သည်။ နိုင်ငံအနှံ့ နတ်ကနားပွဲတို့၌ဦးစီးဦးဆောင်သူ ဂေးများအား ပူဇော်ပသရှိခိုးကြရသည်။ အလှပြင်ဆိုင်ဖွင့်နိုင်သည်။ ကျားနှင့်မ ကြားတွင် အရေးကြီးသော ကြားခံလူတန်းစားတရပ်အဖြစ်ရပ်တည်နိုင်သည်။သို့သော်မိန်းမစစ်စစ်များမှာနေရာမရသေး။ သစ်မရခင်ဝါးပေါင်းကွပ်သလော။ ခေတ်ပြောင်းတနည်းလော။ အရွဲ့တိုက်သလော။

“မဟာဣတ္တိယ”
ယခုနှစ်တွင် အမေရိကပြည်ထောင်စု၌ #MeToo လှုပ်ရှားမှု အစွမ်းလွန်ကာ အမျိုးသမီးများအား အခွင့်အရေးအခါခါပေးပါသည်။ လွန်ခဲ့သော ၃၆နှစ် ဆယ်ကျော်သက်ကျောင်းသားဘဝမှ ကိစ္စတခုကို လိင်ပိုင်းဆိုင်ရာထိခိုက်စော်ကားဖူးသည် ဟူသော စကားပြန်ဖွင့်ယုံမျှဖြင့် အမေရိကပြည်ထောင်စု၏ အမြင့်ဆုံးတရားရေးမဏ္ဍိုင်၏ တရားသူကြီးချုပ် တယောက်လစ်လပ်ရာထူးအတွက် တရားသူကြီး ကာဗန်နော့ဗ်ကို စိနိတ်မှ စိစစ်ကြားနား၍ မဲပေးရွေးချယ်ရမှု ရပ်တန့် ဆုတ်ဆိုင်းပေးလိုက်ရသည်။
အမျိုးသမီးတဦး၏ စွတ်စွဲချက်တခုသည် ဆယ်စုနှစ်များစွာ တည်ဆောက်ထားရသော ယောကျာ်းတယောက်၏ ဘဝကို အလုံးစုံပျက်သုဉ်းစေပေရာ တရားသည်လော/မလောကို သမိုင်းတွင်တွေ့ရပါလိမ့်မည်။
အသက်၈၁နှစ်အရွယ် အမေရိကား၏ဟာသမင်းသားကြီး Bill Cosby လည်း ၃နှစ်မှ ၁ဝနှစ်အထိထောင်ထဲသွားရတော့မည်ဖြစ်ကာ သွားခဲ့ရလျှင် သူသည် #MeToo အားဖြင့် ပထမဆုံးထောင်ပို့။ထောင်ဝင် ဆယ်လီဖြစ်လာပါမည်။

သူရွေးချယ်ပေးလိုက်သည့် တရားသူကြီးချုပ်အား စွတ်စွဲခံနေရခြင်းကိစ္စအတွက် သမ္မတထရမ့် သတင်းစာရှင်းလင်းတွေ့ဆုံပွဲတွင် ပြောလိုက်သည့် “you’re guilty until proven innocent.” “အပြစ်ကင်းကြောင်းသက်သေမပြနိုင်သူ၌အပြစ်ရှိသည်။” ဟူသည့် တရားရေးပြောင်းပြန်လှန်သွးသည့်စကားကိုလည်း အလေးအနက်ထား စဉ်းစားသင့်ပါသည်။
မဟာဣတ္တိယဝါဒ ခေတ်လာပြီလော။ ကြိုဆိုရန်သာရှိတော့သည်။

2 comments

  • ဦးဦးပါလေရာ

    October 27, 2018 at 11:03 pm

    ကမ္ဘာတဝှန်းက မတူညီတဲ့ဒေသအသီးသီးမှာ
    တူညီနေတာတစ်ခုက မျိုးရိုးအတွက်ဆိုရင် ဖခင်ဘက်ကိုသာ လိုက်ပြီးသတ်မှတ်ကြတယ်..
    အဲ … မျိုးရိုးကတော့ သတ်မှတ်ချင်သတ်မှတ်ပေါ့
    အမည်စာရင်း မှတ်ပုံတင်ရာမှာတော့
    မိခင်အမည်နဲ့တွဲပြီး မှတ်ပုံတင်တာကသာ
    ပို်လဲသေချာ၊ ပိုလဲလက်တွေ့ကျ ၊ အားလုံးအတွက်လဲ အဆင်ပြေတယ်..
    ပြင်စရာတွေကို ပြင်ရဲတဲ့သူများ ပေါ်ပေါက်ပါစေ….

    Reply

  • လုံမလေးမွန်မွန်

    October 27, 2018 at 11:23 pm

    ဟိုတစ်လောက ချင်းမိုင်ဘက် ရောက်ခဲ့တယ်.. ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ဘာမှမဆိုင်လောက်အောင် ဘာသာရေး အရမ်းကိုင်းရှိုင်းကြတယ်.. Buddha is not for decoration. Buddha is not for tattoo ဆိုပြီး campaign တွေတောင် လုပ်ကြတယ်..

    ဒါပေမယ့် ဘယ်ဘုရားမှာမှ Ladies are not allowed ဆိုတာမျိုး မတွေ့ခဲ့ရဘူး.. ဘုရားရုပ်ပွားတော်ရှေ့တည့်တည့် အနီးဆုံးအထိ ကျားမ မရွေး သွားလို့ရတယ်.. ခင်းထားတဲ့ကော်ဇော်ပေါ်မှာ ကျားမ မရွေး တက်ပြီးရှိခိုးလို့ရတယ်.. Only Monks ဆိုတဲ့ စာကလွဲပြီး Local/Foreigner ခွဲခြားတာမျိုး၊ ကျားမ ခွဲခြားတာမျိုး မတွေ့ခဲ့ရလို့ တော်တော်လေး ကြည်နူးခဲ့ရတယ်..

    နောက်ပြီး ဘုရားပရဝုဏ်ပေါ်မှာ ဖိနပ်စီးခွင့်ပေးတယ်.. ဘုရားကျောင်းဆောင်တွေထဲ ခြေစွပ်နဲ့ ဝင်ခွင့်ရှိတယ်..

    ထိုင်းမှာ နိုင်ငံခြားသားအနေနဲ့ သွားလည်ရတာရော.. ဘုရားဖူးရတာရော… လူကိုလူလို့ သတ်မှတ်တယ်လို့ ခံစားခဲ့ရတယ်..

    Reply

Leave a Reply

Your email address will not be published.