အယ်ဒီတာ့သင်ပုန်း – ဇူလိုင် ၂၀၁၇

kaiJune 25, 20171min05

“I was elected to represent the citizens of Pittsburgh, not Paris,” – President Trump
ဆင်းရဲနိုင်ငံ ၄၈ နိုင်ငံ(လူသန်း၁၀၀၀) အကျိုးရှိပြီး ကာဗွန်အတွက်လျှော်ကြေးများလည်း ရနိုင်ချေရှိအောင်ချုပ်ဆိုထားတဲ့ ပါရီရာသီသဘောတူညီချက် Accord de Paris ကနေ အမေရိကားနှုတ်ထွက်တော့မယ်ဖြစ်ကြောင်း ဇွန်လ၁ရက်နေ့က သမ္မတထရမ့်ကြေညာပါတယ်။
သူဒီလိုလုပ်တာဟာ ရွေးကောက်ပွဲမဲဆွယ်ကတိအတိုင်းအကောင်အထည်ဖေါ်တာဖြစ်ပြီး အမေရိကန်တွေရဲ့ အကျိုးစီးပွားထိခိုက်လို့ပါလို့ဆိုပေမယ့် အရင်ကတဲက တောက်လျှောက်ပြောလာခဲ့တဲ့ ကမ္ဘာပူနွေးမှုဆိုတာဟာ လုပ်ကြုံ-လံကြုပ်ကြီးပါဆိုတာကိုတော့ ထပ်ပြောတာမတွေ့ရသလို မီဒီယာတွေဖိမေးကိုလည်း ရှောင်ဖြေနေတာပါ။
ဇွန်လ ၂၁ရက်နေ့မှာတော့ သူ့ဂတိအတိုင်းအကောင်အထည်ဖေါ်ခဲ့လို့ အမေရိကန်ကျောက်မီးသွေးတွင်းထွက်တူးအလုပ်သမားပေါင်း ၃၃၀၀ဝအလုပ်ပြန်ရပြီးကြပြီလို့ကြေညာပြန်ပါတယ်။
လောလောဆယ် အခြေအနေတွေအရ အမေရိကားစီးပွားရေးရဲ့ စံနှုန်းပြရေချိန်တိုင်လို့ဆိုရမယ့် စတော့ရှယ်ရာဈေးကွက်က အညွှန်းကိန်းတွေထိပ်မှာချည်းတက်ကပ်နေသမို့ သမ္မတထရမ့်ရဲ့ ပေါ်လစီတွေဟာ မှန်နေ(သေး)တယ်ဆိုရမယ်ဖြစ်ပါတယ်။

အမေရိက (တရားခံ) ပထမ

တကယ်တော့ အမေရိကန်တွေ လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရာမှာ ဂက်စ်(ရုပ်ကြွင်းလောင်စာငွေ့)က ထိပ်ဆုံးနဲ့ (၃၄%)၊ ကျောက်မီးသွေး( ၃၀.၄%) အနုမြူ (၂၀%)နဲ့ ပြန်သုံးနိုင်စွမ်းအင်( ရေ၊လေ၊နေ၊မြေပူ) ၁၅%တွေကနေ လျှပ်စစ်ရကြတာဖြစ်ပါတယ်။ နောက်တနည်းပြောရရင်တော့ အမေရိကပြည်ထောင်စုဟာ စက်မှုတော်လှန်ရေးခေတ် ၁၈ရာစုနှစ်ဦးပိုင်းကစလို့ စက်မှုနိုင်ငံကြီးလမ်းပေါ်လျှောက်ဖြစ်ခဲ့ပြီး ကမ္ဘာပူနွေးစေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်အပါအဝင် ဖန်လုံအိမ်ဓာတ်ငွေ့( Greenhouse Gas)တွေအများဆုံးထုတ်ခဲ့/ထုတ်ဆဲ/ထုတ်လတ္တံသော နိုင်ငံတခုပါ။
၂၀၀၉မှာ အာဏာရတဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတအိုဘားမားဟာ ကမ္ဘာကြီးဒီလိုပူနွေးလာတာကို သတိပြုမိပြီး ၂၀၀၉ ကိုပေဟေဂင်-ဒိန်းမတ်မှာကျင်းပတဲ့ (Conference of the Parties, COP-15) မှာတော့ နိုင်ငံတော်တော်များများပါဝင် စိတ်ဝင်စားလာအောင် အားစိုက်ဦးဆောင်ပေးခဲ့ပါတယ်။

သမ္မတအိုဘားမားပေါ်လစီကြောင့် အမေရိကားရဲ့ မော်တော်ယာဉ်တွေမှာ ၂၀၂၅ခုနှစ်ရောက်ရင်ဓာတ်ဆီတဂါလံကို မိုင် ၅၄.၅ ရအောင်မောင်းရမယ်ဖြစ်ခဲ့ပြီး ပြည်တွင်းကာဗွန်ထုတ်နှုန်းကို လျှော့ချဖို့ ဥပဒေအရကန့်သတ်ထိန်းချုပ်မှုတွေ သူ့သက်တမ်း ၈နှစ်ထဲတင်းကြမ်းထုတ်တားခဲ့တာဖြစ်ပါတယ်။ ရလဒ်အဖြစ်လည်း ဟိုက်ဘရစ်ကားတွေ၊ လျှပ်စစ်ကားတွေပေါ်လာပြီး ထရပ်ကားတွေတောင် တဂါလံနဲ့မောင်းနိုင်တဲ့ မိုင်တွေ၂ဆလောက်တက်ကုန်တာပါ။
သမ္မတသက်တမ်းကုန်နားမှာတော့အရင် Kyoto Protocol (၁၉၉၇) တုံးက ကာဗွန်လျှော့ချထုတ်ဖို့ မပါဝင်ခဲ့ကြတဲ့ အိနိ္ဒယနဲ့ ဘရာဇီးတို့အပါအဝင် ချိုင်းနားကပါ အားစိုက်သဘောတူကြတဲ့ Accord de Paris ကို လက်မှတ်ထိုးနိုင်ခဲ့တာဖြစ်ပါတယ်။
အခု အမေရိကပြည်ရဲ့ ရီပါ့ဗလစ်ကန်င်ပါတီ သမ္မတထရမ့်ကတော့ အရင်တားဆီးမိန့်အကုန်လိုလိုကို ပြောင်းပြန်လှန်ပြီး ဥပဒေကဲ့သို့အာဏာတည်သောအမိန့်ထုတ် ဖျက်ပစ်နေပါတယ်။
သူ့ရဲ့ မူလပေါ်လစီဟာ အမေရိကပထမဖြစ်တာကိုး။ ကွန်ဆာဗေးတစ် ရှေးရိုးစွဲတွေက ကမ္ဘာ့ရာသီပူနွေးပြောင်းလဲလာတယ်ဆိုတာ Hoax ကောလဟာသ လို့ယူဆတာကိုး။

မဆုံးနိုင်တဲ့ မြစ်ဆုံ

ကမ္ဘာ့ရေအများဆုံးပေးနိုင်တဲ့မုတ်သုန်မိုးဒေသမှာထိုင်ထားပြီး ဧရာဝတီ၊ချင်းတွင်း။ စစ်တောင်း၊သံလွင်မြစ်ကြီးတွေဖြတ်ဆင်းနေတဲ့ မြန်မာပြည်ဟာ ရေအားလျှပ်စစ်ကို မူလကအားကိုးခဲ့ကြပေမယ့် ၂၀၀၈ လောက်စပြီး ချိုင်းနားနဲ့ နီးကပ်လွန်းသွားမှာကို စိုးရိမ်တဲ့ အနောက်နိုင်ငံတွေရဲ့စနစ်တကျ ပရိုပဂမ်ဒါလုပ်မှုအောက်ရောက်လို့ ချိုင်းနားကဦးဆောင်ရင်းနှီး မြှုပ်နှံမယ့် မြစ်ဆုံစီမံကိန်းများကိုလည်း အပြင်းအထန်တွေ ငြင်းကန်နေပါတယ်။ တကယ်တော့ ဒီမြစ်ဆုံစီမံကိန်းတွေဟာ မဆလလက်ထက်က မြန်မာအစိုးရဝန်ထမ်း ပညာရှင်တွေနဲ့အင်ဂျင်နီယာကြီးတွေ တင်လျှောက်ထားတဲ့ စီမံကိန်းအစိတ်အပိုင်းတွေဖြစ်ပါတယ်။
စစ်အစိုးရလက်ထက်မှာချုပ်ခဲ့တဲ့ စာချုပ်တွေမို့ လာဘ်လာဘစား/ထိုးပြီး ချိုင်းနားပြည်ဖက်က ငွေရင်းနှီးထုတ်သူတွေဟာ သိသာစွာအသာစီးယူထားမှာသေချာပါတယ်။ ဒါကို သမ္မတဦးသိန်းစိန်လက်ထက်မှာ မလုပ်မရှုပ်နဲ့ မပြုတ်ရအောင်ဆိုင်းငံ့ခဲ့ပြီး ဒီမိုကရေစီအစိုးရလို့ခေါ်ရမယ့်ေ ဒါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်မှာအထိ လိပ်ခဲတည်းလည်းဖြစ်လို့ပါ။
သေချာပြန်စိစစ်ကြည့်ရင်တော့ ဒီလိုဖြစ်ကြတာဟာ မြန်မာတွေ တရုတ်ကိုမုန်းသွားတာကြောင့်လို့ပြောလို့ရမယ်ထင်ပါတယ်။ သက္ကရာဇ်၁၂၈၅ မှာ နရသီဟပတေ့မင်းကို တရုတ်တွေကတိုက်ထုတ်ပြီး ပုဂံမင်းနေပြည်တော်ကိုဖျက်စီးခဲ့တဲ့ ကျောင်းတော်ကရန်စလည်းရှိတာကိုး။ (တကယ်တော့ အဲဒီတရုတ်ဆိုတာ အခုချိုင်းနားပြည်ကအဓိကလူမျိုးစုကြီးဖြစ်တဲ့ ဟန်လူမျိုးတွေမဟုတ်ပဲ ကူဘလိုင်ခန်မင်းရဲ့ မွန်ဂို-တာတာတွေလို့ သမိုင်းတည့်ပေးသူလည်းမရှိခဲ့) ။ နောက်ပိုင်း မြန်မာလူထုကိုဖိနှိပ်အုပ်ချုပ်တဲ့ စစ်အစိုးရတွေလက်ထက်မှာ လူထုတရပ်လုံးဖက်ကမရပ်တည်ပဲ စစ်အစိုးရဖက်ကရပ်တည်ပေးခဲ့တဲ့ အငြိုးလည်းကျန်ရဲ့၊ ဒါပေမယ့် အဲဒီ ချိုင်းနား-မြန်မာနယ်စပ်ကနေပဲ မြန်မာတနိုင်ငံလုံးရဲ့ အခြေခံသုံးကုန်တွေအကုန်လိုလို ရောင်းဝယ်ဖေါက်ကားနေကြရတဲ့ မချစ်သော်လည်း အောင့်ကာနမ်းဘဝဖြစ်ပါတယ်။ ဗမာတွေအပါအဝင် တိုင်းရင်းသားတွေ သန်းချီလည်း နယ်စပ်ကနေ ချိုင်းနားပြည်ထဲဝင်/ထွက်အလုပ်လုပ်ကြရပေါ့။

မုန်းမြန်မာတွေဟာ မြစ်ဆုံဆည်တွေတင်မက မြန်မာတနိုင်ငံလုံးက ရေအားလျှပ်စစ်ထုတ်ကောင်းတဲ့နေရာတွေမှာပါ ဆည်တွေဆောက်၊ ရေတွေလှောင်၊လျှပ်စစ်ထုတ်တာကိုလည်း ကြောက်လန့်ကုန်ပါတော့တယ်။
“ဧရာဝတီကိုကယ်တင်ပါ”တို့၊ “ရာဇဝင်များရဲ့သတို့သမီး”တို့နဲ့ အော်ကုန်သူတွေဟာ နွေရာသီရောက်ရင်လမ်းလျှောက်ဖြတ်ကူးလို့ရသွားပြီဖြစ်တဲ့ မြစ်ဧရာဝတီရဲ့ ကော/တိမ်နေတဲ့အဖြစ်ဆိုးကိုလည်း မမြင်မသိနိုင်ပါလေတော့။ နွေရောက်ရင်ရေရှားလို့ မိုးတွင်းဆို ရေကြီးတာကို ဆည်ဆောက်တာရေလှောင်တာနဲ့ ထိန်းသိမ်းရတယ်။ ဆည်ထားနိုင်တယ်ဆိုတာလည်း မတွေးတော့။
ကချင်ပြည်နယ်တကြောက တောင်ကြီးတွေတွင်းဖြစ်အောင်တူးပစ်နေတဲ့ ကမ္ဘာ့ဗရမ်းဗတာအနိုင်ဆုံး ကျောက်တူး၊ ရွှေတူးလုပ်ငန်းတွေကနေ ဖျော်ချ/ပျော်ကျလာတဲ့ အဆိပ်ရည်အပြည့်နဲ့ ရေ၊မြေ၊လေတွေကိုလည်း မမြင်မသိပါလေတော့။
ချိုင်းနားပြည်ထုတ် ရေနံကထွက်တဲ့ဖယောင်းတိုင်လေးများကိုင်ရင်း လျှပ်စစ်ထုတ်နိုင်တဲ့ စွမ်းအင်ရင်းမြစ်တွေမလုပ်ဖို့ ဆန္ဒတွေထုတ်ဖေါ်နေကြပါတော့တယ်။

သိမ်းပိုက်ရယူခြင်းအနုပညာ

ကြားရတဲ့သတင်းစကားများအရ မြစ်ဆုံဆည်စီမံကိန်းတချို့ဟာ လုပ်သင့်လုပ်ထိုက်ပေမယ့် ဆက်လုပ်ခဲ့ရင် NLD အစိုးရအတွက် နိုင်ငံရေးသတ်သေမှုဖြစ်မှာ ဆိုကြပါသတဲ့။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကြီးတခုကို တဖက်သတ်ပိတ်၊ စာချုပ်ဖေါက်ဖျက်ပြီး အူလည်လည် လုပ်ထားတာဟာဖြင့် ရှိတဲ့/လာမယ့်ရင်းနှီးမြှုပ်နှံမယ့်သူတွေကိုလည်း တွေဝေစိုးရိမ်စေပါတယ်။
သမ္မတထရမ့်ရဲ့ ၁၉၈ရခုနှစ်ထုတ်စာအုပ်အမည်ဟာ “The Art of the Deal”ဖြစ်ပါတယ်။ သူ့ဆိုလိုသဘောအရ ညှိနှိုင်းလို့ သိမ်းပိုက်ရယူတာဟာအနုပညာတရပ်ဖြစ်ပြီး လျော့တင်းကစားရင်း မရယူနိုင်တာရယ်လို့မရှိစကောင်းရယ်ပါ။ ဆိုတော့.. မြစ်ဆုံဆည်ကို မြန်မာကအသာစီးယူပြီး လုံခြုံစိတ်ချတဲ့ လျှပ်စစ်လည်းထွက် ဂေဟလည်းမပျက်တဲ့ ဒေသကြီးဖြစ်လိုပါသလား။ “The Art of the Deal” နဲ့သွားပါ။
မြန်မာ့သစ်တွေမကုန်။ မြေတွေမတူး၊ ကျောက်စိမ်းတွေမပေး အိမ်နီးချင်းချိုင်းနားက မြန်မာပြည်ကို တန်းတူ (သို့) အောက်လေလေးနဲ့ဆက်ဆံစေချင်ပါသလား။ “The Art of the Deal” နဲ့သွားပါ။
လူသားမှာ တဦးနဲ့တဦးစွမ်းအား ပါဝါမတူ။ အနုပညာထည့်လုပ်နိုင်သူရှိကိုရှိပါကြောင်းနဲ့ မြန်မာတွေထဲမလုပ်တတ်ရင် ကမ္ဘာ့အကောင်းဆုံး ညှိယူနိုင်သူများဖြစ်တဲ့ ဂျူးလူမျိုးတွေကိုလည်း ငှားရမ်းသုံးစွဲနိုင်ပါတယ်။

ဝမ်းသာရမှာလည်း ဝမ်းနည်းရမှာလား မိမြန်မာ

ဝမ်းသာစရာက မြန်မာပြည်ဟာ ကာဗွန်ထုတ်အနည်းဆုံးတိုင်းပြည်တခုပါ။
ဝမ်းနည်းစရာကတော့ မြန်မာပြည်ဟာ ကမ္ဘာအဆင်းရဲဆုံးနိုင်ငံတခုဖြစ်ခဲ့ဖြစ်နေယုံမက ကမ္ဘာပူနွေးလာတာကြောင့် ကမောက်ကမဖြစ်တဲ့ ရာသီဥတုဒဏ်ကို အခံရဆုံးတိုင်းပြည်တခုဖြစ်နေပါတယ်။ Global Climate Risk Index ထဲ ၁၇၈နိုင်ငံမှာ ၁၉၉၆-၂၀၁၅ စာရင်းအရ အခံရဆုံးနံပါတ်၂ ပါတဲ့။
အခုအခြေအနေအရ ကုန်းတွင်းပိတ်နိုင်ငံတခုဖြစ်တဲ့ လာအိုပြည်ကနေ လျှပ်စစ်ဝယ်ရမယ့်အခြေအနေ၊ ဒီဇယ်နဲ့မောင်းတဲ့ ဂျင်နရိတ်တာထွက် လျှပ်စစ်ဝယ်သုံးရတဲ့အခြေအနေနဲ့ ရေအားကနေလျှပ်စစ်ကထုတ်တာထက် အဆများစွာပိုဈေးကြီးတဲ့ ကျောက်မီးသွေးကထုတ်တဲ့ လျှပ်စစ်ကို ရယူသုံးစွဲဖို့အခြေအနေပါဆိုက်ရောက်နေပါတယ်။

ဤသူဆိုလိုချင်တဲ့သတင်းစကားကဖြင့် မြန်မာပြည်ဟာအင်မတန်ဆင်းရဲတယ်။
အဲဒီလိုဘဝအချိန်ကနေ လွတ်မြောက်အောင်ဆိုရင် ကမ္ဘာ့အရေး၊ ကမ္ဘာပူတာနွေးတာအေးတာ ဘာဘာဘာမှမသိ။ အကုန်ပစ်ချ အတ္တကြီးကြီးထား ကိုယ့်ပြည်ချမ်းသာအောင် ဦးစားပေးတွန်းလုပ်ကြပါလို့ ပြောလိုရင်း။
ဂလိုဘယ်ဝမ်းတာ တူးတာ နားမလည် လျှပ်စစ်ရပြီး,ပြီးရော လုပ်ကြရမယ်လို့ ဆိုလိုရင်း။ ကျောက်မီးသွေးကထွက်ထွက် မြေကထွက်ထွက်၊ ရေကထွက်ထွက် လျှပ်စစ်ထုတ်ကြဖို့သာ ဆန္ဒတွေပြုကြပါလို့ ပြောလိုရင်း။

ကာဗွန်အထုတ်ဆုံးနဲ့ ထုတ်နေဆဲတိုင်းပြည်ကြီးဖြစ်တဲ့ အမေရိကားကတောင် ထုတ်ဆဲ။ ထုတ်မည်။ ထုတ်လတ္တံတဲ့။ ချိုင်းနား၊ အိနိ္ဒယ၊ ရုရှား၊ ဥရောပစက်မှုနိုင်ငံတွေ လုပ်ခဲ့ဖူးပြီး လုပ်နေပြီ။ ချမ်းသာကုန်ပြီ၊ ချမ်းသာပြီ။
သူတို့ကသာ တာဝန်အရှိဆုံးကြီးမယ် ဒီလိုထ,လုပ်နေကြတာမှာ ငမွဲတို့တိုင်းပြည်သားတွေက ဘာများ သောက်ဂရုစိုက်ပေးနေစရာရှိလဲပေါ့။
ဟုတ်ပ၊ မြန်မာတဲ့ဟေ့ .. ပထမ။ ။

5 comments

  • ဦးကျောက်ခဲ

    June 25, 2017 at 7:34 pm

    ဟောင်ကောင်မှာတော့ လျှပ်စစ်ကို သူဋ္ဌေးကြီး လီကာရှင်းပိုင်တဲ့ Cheung Kong Holdings ကနေ တာဝန်ယူဖြန့်တယ် ။ ဟောင်ကောင်ကျွန်းနားက လမ်မားကျွန်းပေါ်မှာ ကျောက်မီးသွေးနဲ့ ဂတ်စ် ကိုသုံးပြီး Power Station ထိုင်ထားတာ ။ လိုအပ်တဲ့ လောင်စာတွေကို အာဖရိကနဲ့ ကမ႓ာအဝှမ်းကနေ သင်္ဘောနဲ့သယ်လာပြီး Generators တွေကို မောင်းတယ် ။

    မီးခိုးခေါင်းတိုင်တွေ အမြင့်ကြီး ဆောက်ထားပေမဲ့ အခုလို မိုးရာသီဆို တစ်ခါ နှစ်ခါလောက်တော့ Black Rain ရွာတယ် ။ ရွာမယ်ဆို အလုပ်ပိတ် ကျောင်းပိတ် အကုန်ပိတ် … လူတွေလည်း အိမ်ပြင်ထွက်ဖို့ လက်ရှောင်ကြတယ် ။ မရှောင်လို့လည်းမရ … Black Rain ထိရင် အသားတွေ စပ်ဖျင်းဖျင်း ဖြစ်လာတာ ။

    မတတ်နိုင်ဘူးလေ … တစ်ခုလိုရင် တစ်ခုပေးဆပ်ရမှာပဲ…
    မြန်တျန့်မှာလည်း မိုးကာဆောင်ထားကြပေါ့ … :k:

    Reply

  • kai

    June 26, 2017 at 6:45 am

    ဗွိုက်စ်က ဒီဆောင်းပါးလည်း ဖတ်သင့်တယ်..။
    ===
    လျှပ်စစ်အတွက် မြန်မာတို့ ရွေးချယ်ချိန်”>
    သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေး မည်သည်ကို ဦးစားပေးမည်နည်း။ သို့မဟုတ် နှစ်ခုလုံး ဘက်စုံဦးစားပေးနိုင်သည့် အခြေအနေများ မြန်မာတွင် ရှိနေပြီလား။ ဤသို့မဟုတ်လျှင် ရွေးချယ်ကြရပါလိမ့်မည်။ ဤပုံစံအတိုင်း အငြင်းပွားနေရုံဖြင့် မီးထိန်ထိန်လင်းလာမည် မဟုတ်ပါ။ အရင်းအမြစ်များအားလုံးကို ကန့်ကွက်၍မရ။ ကန့်ကွက်လျှင် လျှပ်စစ်မီးမရ၊ မီးမရလျှင် စီးပွားရေးမကောင်း။

    http://thevoicemyanmar.com/article/9657-hlt

    Reply

  • သင့်အေးရိပ်

    June 26, 2017 at 9:26 am

    မြန်မာအစိုးရ ရုံးထဲက အစိုးရပိုင်း အရာရှိများ ဖတ်မိအောင် . . . တမင် ရည်ရွယ်ပြောထားတဲ့ အယ်ဒီတာ့ အာဘော်။

    :k:

    Reply

  • ကထူးဆန်း

    June 26, 2017 at 10:13 am

    …….မြန်မာအစိုးရရုံးထဲ က မလူပ်မရှုပ်မပြုတ် ဝန်ကြီးများ အစိုးရပိုင်းအရာရှိများဖတ်မိအောင်လေး တိုးထဲ့ပေးပါလား ..

    🙂 🙂

    Reply

Leave a Reply to ဦးကျောက်ခဲ Cancel Reply

Your email address will not be published.