မြင်စိုင်းမြို့ဘွဲ့၊ ကာချင်း (၂) ပုဒ်

kaiApril 21, 20171min010

မြန်မာသက္ကရာဇ် ၇၀၄ ခုနှစ်တွင် နန်းတက်တော်မူသော မြင်စိုင်းငါးစီးရှင်ကိုယ်တိုင် ကဆိုသည့် မြင်စိုင်းမြို့ဘွဲ့၊ ကာချင်း (၂) ပုဒ်

(၁) တာဝတိံသာ၊ နတ်ရွာလော၊ နတ်ရွာလော။ ဟုတ်တည်း ရှင်ချင်းရှင်ချင်း၊ ဟုတ်တည်း ဆွေရင်းဆွေရင်း၊ ဟုတ်တည်း သည်ရင်း* သည်ရင်း။

  • မြင်စိုင်းဟူသည်၊ ရွှေပြည်ရွှေပြည်။ မြင်စိုင်းရွှေမြေ၊ ပန်းသင်းခွေ၊ ပင်ခြေ ခြုံ*တက်နွယ်၊ ခြုံတက်နွယ်။
  • တောင်လေရှူန်းရှူန်း၊ မိုးခတ်အုန်း၊ ကင်ပုန်းပွင့်ချီချယ်၊ ပွင့်ချီချယ်။
  • နွယ်ပန်းခွာညို၊ ပွင့်ပေလို၊ ပြာသိုဆောင်းလလယ်၊ ဆောင်းလလယ်။
  • တောင်ထွတ်ဖျားဆီ၊ ရွှေစာတီ၊ သရီရ*ဓာတ်စွယ်၊ သရီရဓာတ်စွယ်။ ယာဆီမြေကောင်း၊ ကျသည့်ပြောင်း၊ မနှောင်းပြည့်ဆောလွယ်၊ ပြည့်ဆောလွယ်။
  • ခါနှင့်ဘုတ်ချိုး၊ ကြက်တော်မျိုး၊ လိုစိုး ကျက်မြေကျယ်၊ ကျက်မြေကျယ်။
  • ယှဉ်ဖော်မဝေး၊ ဖော်ရွှေကျေး၊ စာနွှေး* စားလိုဖွယ်၊ စားလိုဖွယ်။
  • ယရည်း* သွန်းသွန်း၊ မြင်းသည်ဝန်း၊ လှ*ချွန်းတွန်းတက်ပယ်၊ တွန်းတက်ပယ်။
  • စောလူး* စီးတန်၊ မျိုး ဆက်ဒန်*၊ လျင်ထန်မြင့်မဆွယ်၊ မြင့်မဆွယ်။
  • မြှောက်စည်* လတီး၊ ဝင်ခါနီး၊ စောဓီးနန်းထက်ကျယ်၊ နန်းထက်ကျယ်။
  • သာသည့်မြေပြင်၊ စောနတ်ရှင်၊ နန်းခွင်ရှုတင့်တယ်၊ ရှုတင့်တယ်။
  • အထူးလော၊ တက်တိမ်လော၊ နေရောင်လော။

(၂) တမောင်း တမောင်း၊ တို့တမောင်းသည်၊ တမောင်း ဘကောင်း သားလော။ ဘကောင်း ဘကောင်း။

  • အနီးမြင်မှတ်၊ စေတီထွတ်သည်၊ ကောင်းမြတ် သာလျောင်းလော။ သာလျောင်း သာလျောင်း။
  • သင်းတွဲမြောင်းကြီး၊ အယဉ်စီးသည်၊ ဖြင်ညီး* မြစ်လောင်းလော၊ မြစ်လောင်းမြစ်လောင်း။ ဥတည်းသည်လည်း၊ ဥတည်းရံဝန်း၊ ပြသွန်းသွန်းသည်၊ ထက်ဝန်းတန်ဆောင်းလော၊ တန်ဆောင်း တန်ဆောင်း။ ပေါင်းကွက်စေ့ကျင်၊ ထန်းပြင်ပြင်ကား၊ ဆင်လျှင်နင်းကောင်းလော။ နင်းကောင်း နင်းကောင်း။
  • ကျုံးနက်ရေ၊ မြို့ခြေအပြည့်ထား။ တေဟူသည်ကား၊ ထွားရှည်ကျော်ပြန့်ပွား။ တေဟူသည်ကား၊ ဆယ့်တရွာတခြား၊ ဒေဝကျော်ထင်ရှား။
  • မဏိဆင်သည်၊ မျက်ရှင်ကွန်တော်လား။ ကွန်းတော်ကွန်းတော်။
  • အမွမ်းစွင့်စွင့်၊ ကနားမြင့်သည်၊ ကြန်သင့်သာလျောင်းလော။ သာလျောင်း သာလျောင်း။
  • ရဝေဆီးသည်၊ လက်တီးလေးတံခါး။
  • တရုတ်လာသည်၊ ရိုင်ရိုင်* လော၊ ရိုင်ရိုင်။
  • မြားမိုးရွာသည်၊ ဖြိုင်ဖြိုင်လော၊ ဖြိုင်ဖြိုင်။
  • လင်းပြင်ပြည့်မျှ၊ ငှက်လင်းတ၊ လတိုင်းလော၊ လတိုင်း လတိုင်း။
  • မြင်းသည်သိန်းသန်း၊ များစွာထွန်းသည်၊ ထန်ဝန်းရံသ၊ မနိုင်မနိုင်။
  • လျှပ်စစ်တိမ်ပြင်၊ မှိုင်းမင်းလွင်သည်လည်း၊ လွင်သည်လည်း။
  • တိမ်သည်မည်းမည်း၊ မည်းသည်လည်း၊ မည်းသည်လည်း။ တမ်မည်းတက်ရာ၊ မိုးသေပါ၍၊ ရွာသည်အသည်း၊ ရေချည်းဖြင်သည်လည်း၊ ဖြင်သည်လည်း။
  • ရွာသည်မိုးကား၊ ရိုက်ကြိုး ကြည်* သည်လည်း၊ ကြည်းသည်လည်း။
  • ကန်သင်း မွေမမြင်သည်လည်း၊ မမြင်သည်လည်း။
  • အရိုင်း မနေချင်သည်လည်း၊ မနေချင်သည်လည်း။
  • ပြေးလျင်တစီး၊ မြင်းသည်လည်း၊ မြင်းသည်လည်း။
  • နှင်တံမကမ်းခင်သည်လည်း၊ မကမ်းခင်သည်လည်း။
  • ဒသာလည်းဒသာ ကောင်းခြင်း၊ ခပင်း *ကြိုက်သည်လည်း၊ ကြိုက်သည်လည်း။
  • ရာဇသင်္ကြံ၊ စည်းစိမ်ခံသည်လည်း၊ ခံသည်လည်း။ အသင်္ခယာ၊ ချမ်းသာစံသည်လည်း။ စံသည်လည်း။
  • နှစ်ပါးမင်း၏၊ ညီရင်းလဟူ၊ သီဟသူကား၊ အယူဖြောင့်စင်း၊ မြအဆင်းသို့၊ ချင်းလေ ရပ်မျက်နှာသည်လည်း၊ ရပ်မျက်နှာသည်လည်း။
  • သီးမှည့်ကျီးအာသည်လည်း၊ အာသည်လည်း။      ။သင်္ဃာတန်ခိုး၊ မပြတ်ကိုးသည်၊ သုံးလူ့အမှူး၊ ဂုဏ်ကျေးဇူးသည်လည်း၊ ဂုဏ်ကျေးဇူးသည်လည်း။
  • မုခပါဌ်မျက်ရှင်၊ ပလ္လင်ခတ်သည်လည်း၊ ခတ်သည်လည်း။

* သည်ရင်း (ပေါရာဏ)= မယား။

* ဤခြုံဟူသောစကားကို ကဗျာသာရတ္ထ၌ အပင့်ပြသည်။ စွယ်စုံကျော်ထင်သတ်ပုံ၌ အရစ်ပြသည်။ မူလက [ခြုံ] ဟု အရစ်နှင့်ရေးကြသည်။ မွန်ဘာသာ၌ ယခုထက်တိုင် [ခြုံ] ဟု အရစ်နှင့် ရေးလျက်ရှိသည်။ တော်ချုံကို အပင့်နှင့် ရေးရမည်ဆိုသော်လည်း ကဗျာသာရတ္ထဆရာသည် ပန်းခြုံကို အရစ်ရေးရမည် ဆိုပြန်သဖြင့် ရှေ့နောက်စကားမညီ၍ မမှတ်သင့်။ မူလအတိုင်းသာ [ခြုံ] ဟု အရစ်နှင့်ရေးသင့်သည်။

ဝေါဟာရလီနတ္ထဒီပနီ၌လည်း [ခြုံ] ဟု အရစ်ဆုံးဖြတ်သည်။

* သရီရ (ပါဠိ)= မြတ်စွာဘုရား၏ ကိုယ်တော်မှဖြစ်သော စွယ်တော်စသောဓာတ်မြတ်။

* နွှေး (ပေါရာဏ)= အခွံကိုခွာသည်။ ယခုကာလမူကား နွှင်သည်၊ နွှာသည်ဟုပြောကြသည်။ (ထားဝယ်စကားဖြင့် နွှီး ဟု ထွက်ဆိုသည်။)

* ယရည်း (ပေါရာဏ)= ဆင်ထိန်း။

* စောလူး (ပေါရာဏ)= မင်း။ စောကား မြတ်သည်ဟူလို။ လူးကား တိုးတက်သည်ဆိုလိုသည်။

* ဆက်ဒန်= ဆက္ကဒန္တ (ပါဠိ)= အရောင်ခြောက်ပါးအပေါင်းနှင့် ပြည့်စုံသော အစွယ်ရှိသည့် ဆင်ဖြူ။

* မြှောက်စည်= မင်းဧကရာဇ်တို့ ဝင်တော်မူရန် တီးရသည့်စည်။

* ဖြင်ညီး (ပေါရာဏ)= အများ။

* ရိုင်ရိုင် (ပေါရာဏ)= အများအပြား။

* ကြည်း (ပေါရာဏ) မြည်ဟိန်းသည်။ ချုန်းသည်။

* ခပင်း (ပေါရာဏ)= အများ။


မြန်မာစာညွန့်ပေါင်းကျမ်း ပထမတွဲ။ နှာ- ၄၊ ၅၊ ၆။ ပိုဒ်- ၈။

10 comments

  • kai

    April 21, 2017 at 5:33 am

    တရုတ်လာသည်၊ ရိုင်ရိုင်* လော၊ ရိုင်ရိုင်။
    The second Mongol invasion of Burma by the Yuan dynasty under Temür Khan was repulsed by the Burmese Myinsaing Kingdom in 1301.
    အဲဒီထဲကတရုတ်က… မွန်ဂို၊ တာတာရုတ်တွေကို ခေါ်တာဖြစ်ပါတယ်..။
    နရသီဟပတေ့ (၁၂၅၆-၁၂၈၇)( တရုတ်ပြေးမင်း)လက်ထက်မှာ.. ပုဂံပြည်ကိုဝင်သိမ်းဖျက်ဆီးခဲ့တဲ့.. တရုတ်တွေဆိုတာ.. မွန်ဂို၊ တာတာ.. ကုလားဖြူတွေပါ..။
    သူတို့မူရင်းလိုက်ရင်.. အရှေ့အလယ်ပိုင်းက လူဖြူနွယ်တွေဖြစ်ပြီး.. အစ္စလမ်ဘာသာကိုကိုးကွယ်သူတွေများပါတယ်..။
    တကယ်ဖြစ်ပုံကတော့.. မွန်ဂိုတွေက.. ပိုးလမ်းမကြီးကိုသိမ်းပြီးနောက်.. အင်ပါယာကိုချဲ့ရာမှာ.. ဂျင်ဂစ်ခန်..ကူဗလိုင်ခန်တို့က.. ရောက်ရာဒေသက.. မင်းမျိုးနွယ်မိန်းမတွေ တော်ကောက်ယူ.. သားသမီးရာချီမွေးခိုင်းတာက စတာပါ..။
    တာတာလူမျိုးတွေနေတဲ့.. ပိုးလမ်းမကြီးပေါ်က.. (အခု) အာရှအလယ်ပိုင်းဒေသတွေကိုသိမ်းတော့.. တာတာတွေက.. မြင်းစီးစစ်တိုက်တာဝါသနာပါ.. အင်အားကောင်းတာနဲ့.. မွန်ဂိုတွေသူ့တပ်ထဲ စည်းရုံးသိမ်းသွင်းခဲ့တာလည်းပါမယ်ထင်ပါတယ်..။

    မြန်မာပြည်ကို တာတာတွေလာသိမ်းတော့.. ခံချတာက.. တရုတ်ပြေးမင်းခေါ်တဲ့ ..နရသီဟပတေ့မင်း..။
    အဲဒီခေတ်က.. ကမ္ဘာတခြမ်းလောက်သိမ်းပစ်တဲ့.. မွန်ဂိုတပ်တွေကို မခုခံနိုင်ပါဘူး..။ ပုဂံလည်းပျက်..ဘုရင်လည်း ပြည်မြို့ကို ပြေးရတာပါပဲ..။
    သန်းချီတယ်ဆိုတဲ့.. တာတာတွေ.. ပုဂံကထွက်သွားသလား.. အခြေချဘယ်လောက်နေခဲ့ကြသလဲ.. တွေးစရာပါ..။

    ဆိုတော့…
    မြန်မာတွေ… ကုလားကို.. တရုတ်ခေါ်မိရက်သားဖြစ်နေပုံ..။ :k:

    Reply

  • kai

    April 21, 2017 at 5:44 am

    ဂျင်ဂစ်ခန်မြေး.. ကူဗလိုင်ခန်လက်ထက်… ပုဂံပြည်ကိုဖျက်ခဲ့တဲ့.. တရုတ်တွေ..။
    သူတို့အကြောင်းကို.. မာကိုပိုလိုက.. မှတ်တမ်းတင်ထားပါတယ်..။ မာကိုပိုလိုရဲ့ ခရီးမှာ.. ပုဂံပြည်ပါနေလို့ပါ…။

    Reply

  • သင့်အေးရိပ်

    April 21, 2017 at 10:29 am

    နံပါတ် ၁ အပုဒ်ကို အသံထွက်ပြီး ထိုင်ဖတ်နေတာ…
    ကျနော့်အသံကို ကြားနေတဲ့ ဘေးက သူငယ်ချင်းက မေးတယ်…
    တရုတ်ဘာသာလည်း ဖတ်တတ်တာပဲလားတဲ့။

    Reply

  • manawphyulay

    April 21, 2017 at 2:28 pm

    ငယ်က သင်ခဲ့ရတဲ့စာတွေ အမြဲမှတ်မိနေတာကတော့
    မြင်စိုင်းဟူသည်၊ ရွှေပြည်ရွှေပြည်။ မြင်စိုင်းရွှေမြေ၊ ပန်းသင်းခွေ၊ ပင်ခြေ ခြုံ*တက်နွယ်၊ ခြုံတက်နွယ်။
    သရီရ*ဓာတ်စွယ်၊ သရီရဓာတ်စွယ်

    ဒါပဲ သတိရမိတော့တယ်…

    Reply

  • kai

    April 21, 2017 at 2:44 pm


    NetFlix ကနေ.. မာကိုပိုလိုရဲ့ မှတ်တမ်းအတိုင်း.. အခန်းဆက်ဇတ်လမ်းရှည်ကြီးကို.. Game of Thrones လိုရိုက်ပါတယ်..။
    အဲဒါ အခန်း ၂ဝကျော်လောက်ရောက်ပြီး.. Season ၂ခုလည်းပြီးရော.. ဆက်မရိုက်တော့ပါဘူးဆိုပြီး.. ကြေညာလို့.. ရပ်လိုက်ပါလေရော..။ မနှစ် ၂၀၁၆ ဒီဇင်ဘာလ လောက်မှာပါ..။

    ‘Marco Polo’ Canceled: Netflix Series Not Returning for Season 3 …
    variety.com/2016/tv/news/marco-polo-canceled-netflix-season-3-1201940345/
    Dec 12, 2016 – Netflix has canceled “Marco Polo,” Variety has confirmed. The Weinstein Co.-produced series streamed for two seasons on the digital service.

    ကြည့်သူတွေမှာ ဆန့်တငံ့ငံ့..။

    အဲဒီမှတ်တမ်းအရ.. ကူဘလိုင်ခန်ရဲ့.. တရုတ်တပ်တွေဟာ.. ချိုင်းနားဧက္ကရာဇ် ဆောင်မင်းဆက်ကို ဖြုတ်ချပြီး.. နောက်ဆုံးမျိုးဆက်.. အသက်၈နှစ်ပဲရှိသေးတဲ့.. ဆောင်ဘုရင်ကို.. ကူဘလိုင်ခန်ကိုယ်တိုင်.. ဘုရင်ကလေးကိုယ်လုံးကိုညစ်ချိုးပြီးသတ်ပစ်လိုက်တာပါတယ်..။ ပြီးတော့ အလောင်းကို.. နန်းတော်ထိပ်မှာ ကြိုးနဲ့တွဲလောင်းဆွဲထားလိုက်ပါတယ်..။
    ချိုင်းနီးစ်တွေက.. မွန်ဂို.. တာတာရုတ်တွေကို.. အရမ်းနာကျည်းမုန်းတီးပြီး.. ကိုယ့်အိမ်ကိုယ်မီးရှို့ သူပုန်ထကုန်ကြတာပေါ့..။

    ဆိုလိုတာက… ချိုင်းနီးစ်တွေဟာ.. တရုတ်တွေကို..(အဲဒီသမိုင်းအရကောက်ရင်ဖြင့်) မုန်းတီးစိတ်နာ ကြပါကြောင်း..။ :k:
    https://www.amazon.com/Marco-Polo-Season-1-Blu-ray/dp/B016S5ZENS

    Reply

    • ဇီဇီ

      May 2, 2017 at 1:47 pm

      ဟမ်။
      ကြည့်ချင်ဒယ်။

      😥

      Reply

  • aye.kk

    April 21, 2017 at 9:30 pm

    မှန်ပါတယ်
    အဖေကိုယ်တိုင်က သိတ်ကိုမုန်းတီးပါတယ်။
    အမြဲတန်းလိုလို စိတ်မှာစိမ့်ဝင်အောင်အဖေ
    ကိုယ်တိုင်က ပြောပြလေ့ရှိပါတယ်။

    Reply

  • သျှားသက်မာန်

    April 22, 2017 at 3:27 pm

    စာတွေတော်တော်မြင့်ပါတယ်

    Reply

  • ပထမအပုဒ်က ဆယ်တန်းမှာ သင်ဖူးတယ်..
    ဒုတိယအပုဒ်က ဖတ်ရင်းနဲ့ နားမလည် :mrgreen:

    Reply

  • ဇီဇီ

    May 2, 2017 at 1:53 pm

    ကူဘလိုင်ခမ် တို့ ဂျင်ဂျစ်ခမ် တို့ နာမည် အရဆို
    ကုလ နာမည် “ခမ် မျိုး ” ပဲ။
    ခွိ။
    :k:

    Reply

Leave a Reply

Your email address will not be published.