ပန်းကလေးနဲ့မိန်းကလေး

verylovemanFebruary 22, 20153min04

ပန်းကလေးနဲ့မိန်းကလေး

================

မွှေးရနံ့ရယ်ကြိုင် ထုံအီမွှေးပျံ

လှသွေးရယ်ကြွယ် လောကအလယ်မှာ

ပွင့်ဖူးလာတဲ့ ပန်းလေးတစ်ပွင့်ရယ်

ရှိလို့နေရဲ့………။

ပန်းရဲ့အလှ ပန်းဘဝကို

ဝတ်ရည်စုပ်ယူ ဝတ်မှုန်ကူးဖို့

ပျားနဲ့ပတုံးများ ရစ်ဝဲနေတော့

ဒါသဘာဝမို့ ပျော်ရွင်စွာရယ်

လှသွေးကြွယ်ကာ အခွင့်ရယ်ပေးခဲ့

ကူးလိုသည်ကား ကူးပါကွယ်

အစာရယ်ဝ ဌာနကိုပြန်

ပျားပတုံးကောင်ရယ် အသစ်ရှာလေတော့

ပင်ယံထက်မှာ လှပတင့်တယ်

နေချင်သော်လဲ ရာသီရဲ့ဒဏ်

အချိန်ရယ်တန်တော့ ပန်းကလေးငြိုးပေါ့

ပန်းကလေးခမျာ ပြန်လည်နိုးထ

မထူးတဲ့ဘဝမို့ ရှိစေတော့ရယ်

နောက်တစ်ကောင်ခွင့်ပြု

နောက်တစ်ကောင်ကို…..ခွင့်ပြုရင်းနဲ့

ဝတ်ရည်ခမ်းခြောက် ဝတ်မှုန်ပျောက်လို့

မြေပြင်မရောက်ခင် ကြွေလုဆဲမှာ

ပန်းကလေးဘဝ နွမ်းရပြီပေါ့

ပန်းဦးလေးမှာ ငြိုးရပြီပေါ့

အဆင်းမလှ အနံ့ရယ်ကုန်တော့

ရေလောင်းပေါင်းသင် ပျိုးသူရယ်မရှိ

ဘုရားလဲမတင် ပန်ချင်သူမဲ့

နမ်းတောင်မနမ်းတဲ့ ဒီအဖြစ်ဆိုးဝယ်

ဝတ်ရည်လဲခမ်း ပန်းလဲနွမ်းတော့

ရိုးတံကိုသာ အဖော်ပြုရင်းမှာ

လမ်းပျောက်တဲ့ပန်း ခမ်းခြောက်ကာနွမ်း

ကြုံရာလမ်းနဲ့ နောက်ဆုံးမှာတော့

မြေပြင်မှာပဲ နွမ်းရပြီပေါ့…..။

ဒါဟာပန်းပါ လူ့ဘဝမဟုတ်လို့

ဥပမာထား သာဓကများနဲ့ နိဒါန်းပျိုးလို့

ခိုင်းနှိုင်းဖွဲ့လို ဆိုသော်ငြားလဲ……။

တန်ဖိုးရှိလှ အပျိုစင်ဘဝ

အချစ်အကြောင်းတွေ ဖွဲ့ကာပြတော့

အယုံရယ်လွယ် အတတ်စမ်းမယ်

မနူးမနပ်နဲ့ ဘယ်ဟာဘာလဲ

ဘာကိုမှလဲ မသိသေးချိန်မှာ

အလွယ်ပေးခဲ့ အလွယ်ယူခဲ့ကြ

ဆန္ဒရယ်များ ထိန်းမနိုင်သိမ်းမရ

လွယ်လွယ်ရတော့ လွယ်လွယ်စွန့်ပယ်

တန်ဖိုးမထား အစာရယ်ဝ

ဌာနပြန်သလို အဝေးထွက်သွားတော့

သူလဲမတတ်နိုင် ငါလဲမကူနိုင်

တိုင်ပင်လို့မရ ဒီကိစ္စကို

တစ်ယောက်ထဲသာ ကျိတ်ငိုရှိုက်ရင်း…….

အချိန်ရယ်ကာလ နေ့တွေလပြောင်း

နှစ်ပေါင်းကြာတော့ နေသားရယ်ကျ

တစ်ကြိမ်မက ကြိမ်ဖန်များစွာ

အမှားများဟာ မှားခဲ့သူမို့……..

ရှိစေတော့ရယ် မထူးတဲ့ဘဝ

ရေစုန်မျောကာ ရတာယူမယ်

ရှင်ကိုမေ့လို့ ကျားကိုကိုးကွယ်

ရှင်ကကျားထက် ဆိုးရပြန်တယ်……..

ပြန်မရနိုင်တဲ့ဘဝမို့ တန်ဖိုးထားသူ

တစ်ယောက်တစ်လေများ ပေါ်လာလေမလား

စိတ်မှာတမ်းတ မျှော်တွေးဆရင်း

ဂုဏ်တွေခဝါချ အားကိုးရာသာ အဓိကမို့

အထင်မပေါ် ဆင်တော်ကမကောက်

ဆွဲမိဆွဲရာ အမိအရဆွဲတော့

တစ်ခုလပ်နဲ့ မုဆိုးဖိုသာ

တန်ရာတန်ရာ ရတတ်တာမို့

ရတာမလို လိုတာမရတဲ့

အဆုံးသတ်မှာတော့……

နှုတ်ခမ်းပဲ့ချင်း မီးမှုတ်ကြပေါ့

မျက်စိစုံမှိတ် မီးကလေးမှိတ်လို့

အမှောင်ကမ္ဘာဝယ် စမ်းတဝါးဝါးနဲ့

ဘဝရဲ့အဆုံး နိဂုံးချုပ်ပေါ့…..။

ညီမလေးများအားလုံး တန်ဖိုးရှိတဲ့ ဘဝတစ်ခုကို တန်ဖိုးထားလို့ အပျိုစင်ဘဝ မင်္ဂလာဦးမှသာ ချစ်ရတဲ့သူ တစ်ဦးတည်းကို နမ်းရှိုက်ခွင့်ပေး ပေးဆပ်ရင်းဝယ် လောကအလယ် ဂုဏ်ဝင့်ထည်စွာ

ထာဝရ……….ပွင့်လန်းနိုင်ကြပါစေ။

မရေးတတ်ရေးတတ်မို့ ဆိုလိုရင်းအဓိပ္ပာယ် မပေါ်လွင်ခဲ့ရင် စာဖတ်သူများမှ ခွင့်လွှတ်ပေးကြပါလို့ တောင်းပန်ရင်း……။

VLMan

4 comments

  • အလင်းဆက်

    February 22, 2015 at 12:36 pm

    ဆိုလိုရင်း ပေါ်ပါ့…
    .စာပေထဲ… စေတနာ ထည့်ရေးပြနိုင်ပါ့…
    အဲ့လောက်ရေးတတ်ဖို့ကိုတောင် အားကျမိပါ့…
    တကယ်။
    ———–
    ဖလမ်းဖလမ်းထဖို့သာ သိတဲ့ ညီမငယ်လေးများ….မြင် သိ… ခံစား…ကြံ ပွါး နိုင်ပါစေ..လို့..

    Reply

  • မြစပဲရိုး

    February 22, 2015 at 8:42 pm

    ထင်လားကွယ်။
    ဒီခေတ်မှာတော့ ယောကျာင်္းတွေ က ပိုပြီး တုံးအအ ဖြစ်လာလို့ သာ
    မိန်းကလေး တွေ ပိုလည် လာတယ် မှတ်တာဘဲ။
    (မတူ သောရှုဒေါင့် က ပြောတာပါနော်) 😉

    Reply

  • Mike

    February 23, 2015 at 11:36 am

    .ကဗျာရေးလည်းကောင်းသကိုးဗျ :))

    Reply

  • တောင်ပေါ်သား

    February 23, 2015 at 1:56 pm

    ဆိုလိုရင်းလေး ပေါ်သလို
    လှတဲ့ကဗျာလေးပဲ ၊

    Reply

Leave a Reply

Your email address will not be published.