ရွေးကောက်ပွဲမတိုင်မီ တက္ကသိုလ်စာမေးပွဲ စစ်မည်

Yin Nyine NwayAugust 19, 20101min01

တက္ကသိုလ်စာမေးပွဲများကို ရွေးကောက်ပွဲကျင်းပရက် မတိုင်ခင် အပြီးသတ်စစ်ဆေးသွားရန် ယခုနှစ်စာမေးပွဲများကို စော၍ပြုလုပ်မည်ဟု သိရသည်။

တက္ကသိုလ် ဌာနမှူးတဦးက “စက်တင်ဘာ (၁၅) ရက်နေ့မတိုင်ခင် တက္ကသိုလ်ကျောင်းတိုင်း စဖြေရမယ်။ ဒါမှ အဖြေလွှာစစ်တာတို့ ပြီးရင် အဝေးသင် စာမေးပွဲ စနိုင်အောင် ပြင်ဆင်ရဦးမယ်။ နိုဝင်ဘာ (၇) ရက် မတိုင်ခင် အားလုံး ပြီးနေရမယ်လို့ ညွှန်ကြားထားတာ ရှိတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ထိုသို့ သတ်မှတ်ရက်အတွင်း အပြီးသတ်စစ်ဆေးရန် အချိန်တိုတောင်းသောကြောင့် ဆရာ ဆရာမများအတွက် အခက်အခဲဖြစ်နိုင်သည်ဟု အဆိုပါဌာနမှူးက ပြောသည်။

၎င်းက “ဒေးကျောင်းသားတွေရဲ့ အဖြေလွှာစစ်ဖို့ ဆရာတွေမှာ တပတ်ပဲ အချိန်ရတယ်လေ။ စက်တင်ဘာ နောက်ဆုံးအပတ်မှာ အပြီး စစ်ပေးရမယ်။ ပြီးတာနဲ့ အောက်တိုဘာ လဆန်းပိုင်းမှာ အဝေးသင်တွေအတွက် အနီးကပ် (၁၀) ရက် သင်ပေး၊ မေးခွန်းထုတ်၊ ဖြေပြီးရင်စစ်ဖို့ အချိန် (၁) ပတ်ကျော်ကျော်ပဲ ရှိတယ်။ အောက်တိုဘာ နောက်ဆုံးအပတ်မှာ အပြီးလုပ်ရမှာဆိုတော့ သိပ်မလွယ်ဘူး” ဟု ပြောသည်။

ရွေးကောက်ပွဲ ကျင်းပသည့်ကာလ၌ လူထုအုံကြွမှုများ ဖြစ်ပေါ်လာနိုင်၍ နအဖစစ်အစိုးရက ကြိုတင်တားဆီးသည့်အနေဖြင့် ရွေးကောက်ပွဲရက်မတိုင်မီ တက္ကသိုလ် စာမေးပွဲများကို စောလုပ်ခိုင်းခြင်း ဖြစ်နိုင်ကြောင်း ဝါရင့်နိုင်ငံရေးသမားတဦးက ပြောသည်။

“စစ်အစိုးရက ကြောက်တော့ အဲဒီရက်မတိုင်ခင် နယ်ကျောင်းသားတွေ နယ်ပြန်ရောက်စေဖို့ လူစုခွဲလိုက်တာပေါ့။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် အဲဒီအချိန်ကျရင် လူစုလူဝေး မဖြစ်စေအောင် ကျောင်းတွေကိုလည်း တံခါးသော့ခတ် ပိတ်ထားနိုင်တာပေါ့” ဟု ၎င်းက ပြောသည်။

စာမေးပွဲရက် စောလာခြင်းကြောင့် သင်ခန်းစာများ ပြီးစီးရန် ယခုအခါ အမြန်သင်ကြားနေကြောင်း သိရသည်။

“ကျောင်းတက်တာက ကျောင်းခေါ်ချိန် ရဖို့သက်သက်ပါ။ စာတွေပြီးပြတ်အောင်ဆိုပြီး အခု ဖိသင်နေတယ်။ ဒီနှစ် ထူးခြားတာက  ကျောင်းခေါ်ချိန် Roll Call မပြည့်ရင် အုပ်ထိန်းသူ ခေါ်ပြီး အာမခံခိုင်းရင် စာမေးပွဲ ဖြေခွင့်ပေးတယ်။ ပြီးတော့ ရွေးကောက်ပွဲ ရှိလို့ ဒီနှစ် အတန်းအောင်ဖို့လည်း သိပ်မကြပ်ဘူးလို့ ဆရာတွေက ပြောတယ်” ဟု ဒဂုံတက္ကသိုလ် ရှေးဟောင်းသုတေသန ကျောင်းသူတဦးက ပြောသည်။

ယခင်က ကျောင်းခေါ်ချိန် (၇၅) ရာခိုင်နှုန်း မပြည့်သူများကို စာမေးပွဲဖြေဆိုခွင့် မပေးရန် တင်းကျပ်စွာ စည်းကမ်းချမှတ်ထားသည်။

နအဖစစ်အစိုးရက လာမည့် နိုဝင်ဘာလ (၇) ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ကြေညာထားသည်။

One comment

  • Pyaung Gye

    August 19, 2010 at 2:56 pm

    ဒါအသေးအမွှားပါ
    နောက်လာအုံးမှာ
    အားလုံးကြိုသိနေကြတယ်

    Reply

Leave a Reply

Your email address will not be published.