မြန်မာဒုက္ခသည် ပထမဆုံး အသုတ် ဂျပန်သို့ ထွက်ခွာရန် စီစဉ်

Yin Nyine NwayAugust 19, 20101min00

ဂျပန်နိုင်ငံမှ ပထမဆုံးခေါ်ယူသည့် မြန်မာဒုက္ခသည် (၂၇) ဦးသည် ယခုလ (၂၇) ရက်တွင် မယ်လ မြန်မာဒုက္ခသည်စခန်းမှ စတင်ထွက်ခွာမည်ဟု စခန်းဥက္ကဋ္ဌ မန်းထွန်းထွန်းက ပြောကြားသည်။

၎င်းက “ဒီလူတွေ ဒီလမှာထွက်ဖို့ သေချာသွားပြီ။ ဂျပန်အစိုးရနဲ့ နိုင်ငံတကာရွှေ့ပြောင်းနေထိုင်ေ

ရးအဖွဲ့ (IOM) တို့အားလုံး စီစဉ်ပြီးသွားပြီ။ ဒီအစီအစဉ်ကတော့ အာရှတိုက်ရဲ့ ပထမဆုံးပဲဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ပြောသည်။

ဂျပန်နိုင်ငံအစိုးရမှ (၃) နှစ်စီမံကိန်းဖြင့် ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းမှ မြန်မာဒုက္ခသည် (၉၀) ကို ယခုနှစ်မှစတင်ကာ တနှစ်လျှင် (၃၀) နှုန်းဖြင့် ခေါ်ယူသည့် အစီအစဉ်ဖြစ်သည်ဟုလည်း ပြောသည်။

ပထမဆုံး ဂျပန်ခရီးစဉ်အတွက် မယ်လစခန်းမှ မြန်မာဒုက္ခသည်မိသားစု (၆) စုအတွက် လူ (၃၂) ဦးရွေးချယ်ထားသော်လည်း (၅) ဦးပါ မိသားစုတစုက ခရီးစဉ်စတင်ရန် ရက်ပိုင်းအလိုတွင်မှ စိတ်မပါဟုဆိုကာ ခရီးစဉ်မှ နုတ်ထွက်သွားခဲ့သည်။

ဂျပန်သို့ ထွက်ခွာမည့်သူများထဲမှ အိမ်ထောင်ဦးစီးတဦးဖြစ်သူ စောအဲ့လယ်က “ဒီဒုက္ခသည်စခန်းမှာ နေတာကြာပြီ။ ဘာနိုင်ငံသားမှ အသိအမှတ်ပြုတာမခံရဘူး။ ဂျပန်နိုင်ငံက ဗုဒ္ဓဘာသာ ထွန်းကားလို့သွားတာပါ။ နောက်ပြီး ကျနော်တို့နဲ့လည်း ယာဉ်ကျေးမှုနီးစပ်တယ်၊ ပြန်လာချင်ရင်လည်း နီးတယ်။ ဒီမှာနေပြီး မရေရာတဲ့ အနာဂတ်နဲ့ အချိန်တွေ မကုန်စေချင်ဘူး” ဟု ပြောသည်။

အဆိုပါဒုက္ခသည်များ ဂျပန်သို့ရောက်ရှိချိန်တွင် ၎င်းတို့စားဝတ်နေရေးအတွက် ဂျပန်အစိုးရမှ (၆) လ တာဝန်ယူမည်ဖြစ်ပြီး သတ်မှတ်ကာလကျော်လျှင် မိမိအစီအစဉ်ဖြင့် ရပ်တည်သွားကြရမည်ဟု သိရသည်။

ယင်းဒုက္ခသည် (၂၇) ဦးသည် ခရီးစဉ်မစတင်မီ မယ်လဒုက္ခသည်စခန်း၌ အခြေခံဂျပန်စကားပြောနှင့် ယဉ်ကျေးမှု သင်တန်းများကို တက်ရောက်ကြရပြီး ဂျပန်နိုင်ငံသို့ ရောက်ရှိချိန်တွင် အဆိုပါ သင်တန်းမျိုးအပါအဝင် လုပ်ငန်းခွင်သင်တန်းများ ထပ်တက်ရမည်ဖြစ်သည်။

ဂျပန်နိုင်ငံတွင် ဒုက္ခသည်အဖြစ် (၁၀) နှစ်ကျော်ခိုလှုံနေသည့် ကရင်လူငယ်တဦးက “မြန်မာဒုက္ခသည်တွေအနေနဲ့ အမေရိကန်၊ ဩစတြေးလျ၊ ကနေဒါနဲ့ အီးယူနိုင်ငံတွေကို ဦးစားပေးလျှောက်ပါ၊ နောက်ဆုံးမရမှ ဂျပန်ကို ရွေးပါလို့ ပြောချင်ပါတယ်။ အီးယူနဲ့အနောက်နိုင်ငံက ကိုယ့်ဘဝနဲ့ ကလေးတွေရဲ့ ပညာရေးအတွက်က ပိုပြီးအာမခံချက်များလို့ပါ” ဟု ပြောသည်။

မဲဆောက်မြို့မှ ကီလိုမီတာ (၆၀) ခန့်အကွာတွင်ရှိသည့် မယ်လဒုက္ခသည်စခန်းတွင် မြန်မာဒုက္ခသည် (၅) သောင်းခန့် နေထိုင်လျက်ရှိကာ ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် မြန်မာဒုက္ခသည်စခန်း (၉) ခုရှိပြီး မြန်မာဒုက္ခသည် (၁၄၀,၀၀၀) ခန့် နေထိုင်လျက်ရှိသည်။

Leave a Reply

Your email address will not be published.