နင်ငါ့ကိုကြိုက်သလို ခေါင်းစဉ်တပ်သွား “ဟန်နီ”

SawAungDecember 2, 20131min09

ငါဟာနင့်အတွက် လတစ်စင်းဆိုရင်တောင်

သာခွင့်ရှိမှ သာခွင့်ရတဲ့ “လ”

ငါ့ရင်ခွင့်က ကြယ်တွေတစ်ပွင့်ချင်းတစ်ဖြိုက်ဖြိုက်ကြွေဆင်းတာတောင်

အလှည့်သာမှ အပြုံးတစ်ချက်တွေ့ရတယ်။

 

ဒီရင်ကိုနင်းခြေကာ ခြွေချလိုက်ပါ ဟန်နီ

ကြွေလာတဲ့မိုးက ခါးရင်တောင် သည်ကောင်ကအမိုက်ခံပြီးသောက်မှာ

နင့်ဆောင်းက တစ်ခါတစ်ခါအသည်းခိုက်အောင်ချမ်းတယ်။

 

နင်ကကောင်းကင်ယံက ‘လ ‘ဆိုရင်

ငါကရေတွင်းထဲက ‘လ’

ဘဝချင်းက မိုးနဲ့မြေဆိုတာကို ခေါက်ထားလို့ရတယ်။

 

ခြွေလိုက်ပါ ကြွေလိုက်ပါလို့မတောင်းဆိုဝံ့ဘူး

သည်ကောင်က ကြွေလည်း’မွှေး’ ဝေလည်း’မွှေး’ချင်တာ

ဘဝက နင်ထင်ထားသလောက် မလှတာဆိုးတယ်။

 

‘အချစ်’က နင့်ကိုနာမည်မတပ်ဘူး ဟန်နီ

နင်ကသာ ‘အချစ်’ကိုနာမည်တပ်နေတာ။

နင်က ‘အချစ်’မယုံရင်

‘အချစ်’ကလည်း နင့်ကိုယုံမှာမဟုတ်ဘူး။

လရောင်ကို ပျားရည်စမ်းလို့မရဘူးလို့ နင်ထင်နေတယ် ဟန်နီ

တစ်ခါတစ်ရံမှာ ပျားရည်ထဲ လရောင်က နစ်ဝင်နေတတ်တယ်။

 

ငါ့ကိုမလှောင်ပါနဲ့ ဟန်နီ

‘အချစ်’ကဘာလဲလို့ နင်မေးလာရင်

‘အချစ်’ဟာ အကောင်အထည်မရှိတဲ့ယုံကြည်ကိုးကွယ်မှုလို့ ငါဖြေမိမှာအမှန်ပဲ။

 

 

မိုးက တစ်ခါတစ်ရံမှ သည်းတာ ဟန်နီ

အချစ်မှာသည်းရင် မရပ်တော့ဘူး

ရပ်ပြီးဆိုရင်လည်း ပြန်မရှင်နိုင်တော့တာ နင်သိသင့်တယ်။

 

ငါက နင့်ကောင်းကင်အောက် မြူတစ်မှုန်ပါ ဟန်နီ

နင်ငါ့ကို မြင်နိုင်မှာမဟုတ်ဘူး။

ဘယ်အချိန်ကြည့်ကြည့် နင့်ကိုငါမြင်နေနိုင်တာ ဆန်းသလား။

 

ငါစိုးရိမ်တယ် ဟန်နီ

နင့် ပဲ့တင်သံက နင့်ဆီပြန်ရိုက်ခတ်မှာစိုးတာ။

 

ဟုတ်တယ် ……. ဟန်နီ

စွပ်စွဲလိုက်……………..။

 

ငါဟာ တစ်ဖြိုက်ဖြိုက်ကြွေကျတဲ့ ‘ကြယ်တစ်စု’

ငါဟာ နင့်မိုးခါးရေကို သောက်မယ့် ‘လူမိုက်’

ငါဟာ နင့်ဆောင်းကို အံတုမယ့် ‘အပေအတေ’

ငါဟာ ရေတွင်းထဲက ‘လ’

ငါဟာ နင့်အတွက် ‘မြူတစ်မှုန်’

 

ငါ…………………………………………………

နင့်အတွက် ပဲ့တင်သံ မဖြစ်ချင်ဘူး ‘ဟန်နီ’။

 

———————————————————

 

ရင်နှင့်ရင်း၍

အောင်မိုးသူ

၂၀၁၃ တန်ဆောင်မုန်းလပြည့်နေ့

ညနေ ၄နာရီ ၄၈မိနစ်

9 comments

  • မဟာရာဇာ အံစာတုံး

    December 2, 2013 at 1:12 pm

    ကျော်ကတော့
    ဟန်နီ မဟုတ်လို့
    ဘယ်လိုမှ ခေါင်းစဉ်တပ်တော့ပါဘူး ကိုကို …

    Reply

  • TNA

    December 2, 2013 at 2:40 pm

    ဟန်နီနဲ့တွေ့ရင်ပြောလိုက်ပါ့မယ် 😀

    Reply

  • alinsett

    December 2, 2013 at 5:55 pm

    သိပ်ကောင်းတဲ့ကဗျာတစ်ပုဒ်လို ့ခေါင်းစဉ်တပ်သွားပါတယ်

    :kwi:

    Reply

  • ဦးကြောင်ကြီး

    December 3, 2013 at 11:02 am

    နှာဗူး.. နှာကွန်တိန်နာ.. နှာဂိုထောင်.. နှာမီးတောင်..

    ကြိုက်တာရွေးပါ
    ကိုယ့်စရာ
    ဟန်နီခေါ်မှာ
    အော်ကြီးဟစ်ကျယ်..။

    Reply

    • aung moethu

      December 4, 2013 at 10:33 am

      သူညားခံစားချက်ကို နှာတပ်ရက်တယ်
      ဦးကြောင်နှာကြီး 😀

      Reply

  • KZ

    December 3, 2013 at 11:06 am

    သများက ဟန်နီ တော့ ဟုတ်ဘူးးး
    ဒါမဲ့ ခေါင်းစဉ်တပ်သွားလိုက်မယ်။

    “ချစ်တတ်သူကြီး”

    😀

    Reply

    • aung moethu

      December 4, 2013 at 10:28 am

      နှလုံးသားက နုနုလေးပါ 🙂

      Reply

  • အရိပ်စစ်

    December 3, 2013 at 11:14 am

    ကဗျာလေး တဂယ် ကြိုက်….ခိုက်ခိုက်…

    Reply

  • Thein Zaw

    December 3, 2013 at 2:03 pm

    ဒို့ကတော့
    ဟန်နီ
    လန်ချီ
    ပန်နီ
    ဘဲသိတယ်။။

    Reply

Leave a Reply

Your email address will not be published.