နံရိုးကြံမဆိုင် မြီးရှေ easy cook

weiweiMay 13, 20131min020

ကျွန်မပြောပြမယ့် အစားအစာကို မြန်မာပြည်ထဲမှာ စားကြတာ မတွေ့မိသေးပါဘူး။ တရုတ်ပြည် မြောက်ပိုင်းကလူတွေ အရမ်းကြိုက်ကြတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ကျွန်မကတော့ တစ်ချို့ပါဝင်ပစ္စည်းတွေ ဝယ်ရခက်တာမို့လို့ မြန်မာမှုပြုပြီး လုပ်စားလေ့ရှိပါတယ်။

ပါဝင်သောပစ္စည်းများ (၄ ယောက်စာအတွက်)

ဝက်နံရိုး …. ၃ဝ ကျပ်သား (ကီလိုဝက်)
ကြံမဆိုင် …. တစ်ထုပ် (၂၀ဝ ဂရမ်)
မြီးရှေအဖတ် …. ၃ဝ ကျပ်သားခန့် (စားနိုင်လျှင် စားနိုင်သလောက်)
ဂျင်း …. တစ်တက်
ကြက်သွန်ဖြူ … တစ်လုံး
ဆား … အနဲငယ်
ပဲပင်ပေါက် …
ငုံးဥပြုတ် ….
ငရုတ်သီးအကြမ်း ..
တရုတ်ငရုတ်ကောင်း (yellow pepper) ..
တရုတ်အမွှေးအမှုန့် (အနံ့ငါးမျိုးပေါင်းစပ်ထားသည့်အမှုန့်တစ်မျိုး)

ချက်ပြုတ်ပုံ အဆင့်ဆင့်
ပထမဦးစွာ ဝက်နံရိုးများကို စင်ကြယ်အောင်ဆေးကြောပြီး ပွက်ပွက်ဆူနေသော ရေနွေးအိုးထဲ ထည့်ပြုတ်ပါတယ်။ ဂျင်းနဲ့ ကြက်သွန်ဖြူကိုပါ တစ်ခါထဲ ထည့်ပြုတ်ထားလိုက်တယ်။ အနဲဆုံး ၂ နာရီလောက် ပြုတ်ထားလိုက်ရပါမယ်။ မြီးရှေအဖတ်ကို အစိုဝယ်မရလျှင် အခြောက်ကို ဝက်နံရိုးပြုတ်နေစဉ်အချိန်အတွင်း ရေစိမ်ထားရပါမယ်။ ဝက်နံရိုး နူးလောက်တဲ့အချိန်မှာ ကြံမဆိုင်ကို ရေဆေးလှီးဖြတ်ထားပြီး ထည့်ပြုတ်ပါတယ်။ နံရိုးကြံမဆိုင်စွပ်ပြုတ်ချက်သကဲ့သို့ ပြင်ဆင်ထားရပါမယ်။ စားတော့မယ်ဆိုတော့မှ မြီးရှေဖက်ကို သီးသန့်အိုးတစ်အိုးနဲ့ပြုတ်ပြီး နူးပြီးသားအဖတ်တွေကို စွပ်ပြုတ်အိုးထဲ ထည့်လိုက်ရုံပါပဲ။ စားခါနီးမှာ ပဲပင်ပေါက်နဲ့ ငုံးဥပြုတ်လေးတွေ ထပ်ထည့်ပါမယ်။ ပန်းကန်ထဲကို စားနိုင်သလောက်ခပ်ထည့်ပြီး ငရုတ်သီးဆီသတ်ထားတာတွေကို ထည့်စားပါတယ်။

ငရုတ်သီး ဆီသတ်ရန်အတွက်
ငရုတ်သီးအကြမ်းဖတ်များကို ငရုတ်ဆုံထဲ ထည့်ထောင်းပါတယ်။ တရုတ်ငရုတ်ကောင်းစေ့တွေကိုလဲ ညက်အောင်ထောင်းပါတယ်။ ဆီအိုးထဲမှာ ဆီပူအောင်တည်ပြီး ငရုတ်သီး၊ တရုတ်ငရုတ်ကောင်းနဲ့ တရုတ်မဆလာကဲ့သို့ အနံ့ရှိတဲ့ မဆလာတစ်မျိုးကိုပါ ထည့်ဆီသတ်ပါတယ်။
အလွန်ပူစပ်တဲ့အရသာရှိတဲ့ ငရုတ်ဆီသတ်ကို မြီးရှေဟင်းထဲ ထည့်စားခြင်းဖြင့် ပူစပ်ပြီး အနံ့မွှေးတဲ့ မြန်မာအရသာနဲ့မတူတဲ့ စားစရာတစ်မျိုးကို အရသာရှိစွာ စားသောက်နိုင်မှာဖြစ်ပါတယ်။

အရမ်းအေးတဲ့ တရုတ်ပြည်မြောက်ပိုင်းကမြို့တွေမှာ ဟော့ပေါ့ကဲ့သို့ စားကြတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ စားပွဲပေါ်မှာ မီးဖိုနဲ့ အိုးတင်ပြီး ဆူပွက်နေတဲ့အတိုင်း ဝိုင်းဖွဲ့ပြီး စားသောက်လေ့ရှိကြပါတယ်။ အပျင်းပြေချက်စားကြည့်လို့ရအောင်နဲ့ မှီငြမ်းနိုင်ဖို့ ရည်ရွယ်ပါတယ်။

အိုးထဲမှာ တည်ထားစဉ် (စားဖို့အသင့်အနေအထား)
အိုးထဲမှာ တည်ထားစဉ် (စားဖို့အသင့်အနေအထား)
စားလို့ရပါပြီ
စားလို့ရပါပြီ

ကဲ …
အဆင်ပြေသလိုသာ ချက်စားကြည့်လိုက်ကြပါနော် …

20 comments

  • Silver Twig

    May 13, 2013 at 11:14 pm

    mouth-watering

    Reply

  • ဦးဦးပါလေရာ

    May 13, 2013 at 11:52 pm

    မကြားဖူး မစားဖူး ပေမယ့်
    ကြည့်ရတာ မအီပဲ တစ်မျိုးအရသာထူးမယ့်ပုံပဲ..။
    အခုဆိုင်တွေမှာ ရနေကျ ရှမ်းခေါက်ဆွဲ မြီးရှည်တွေက ရိုးနေပြီ..။
    စမ်းပြီး လုပ်ရောင်းဖို့တောင်ကောင်းတယ်…။

    Reply

    • weiwei

      May 14, 2013 at 8:17 am

      မြီရှေကို တရုတ်လို မီရှန့် (mixian) လို့ခေါ်တယ် … အသား ငါး အသီးအရွက် အမျိုးမျိုးကို ဒေသအလိုက် နံမည်ပြောင်းပြီး လုပ်ရောင်းကြပါတယ်။ နံမည်ကြီးတာကတော့ ယူနန်က ကော့ချောင်မီရှန့်။ ကျွန်မကတော့ ဘယ်မြို့ရောက်ရောက် မီရှန့်ဆိုင်ရှာပြီး စားကြည့်လေ့ရှိတယ်။ မြန်မာပြည်မှာ ဆိုင်ဖွင့်ပြီး ရောင်းမယ်လို့တောင် စိတ်ကူးခဲ့ဖူးပါတယ်။

      အဓိကက မြီးရှေအဖတ်ပဲ။ တရုတ်မှာက ဆန်စေးဖြစ်တဲ့အတွက် အဖတ်တွေက နူးညံ့ပြီးအိစက်နေတာ။ မြန်မာမှာဆိုရင် မုန့်ဖတ်တောင် ကိုယ်တိုင်လုပ်ရမလိုဖြစ်နေတာမို့လို့ စိတ်လျော့ထားလိုက်ရတယ်။ အခုပြထားတဲ့ နံရိုး ကြံမဆိုင်ကတော့ အရသာစူးရှတဲ့အတွက် မြန်မာမှုပြုပြီး ချက်စားလဲအဆင်ပြေတဲ့အတွက် စမ်းလုပ်ကြည့်ရအောင် နည်းပေးလိုက်တာ။

      Reply

      • ဆူး

        May 14, 2013 at 11:07 am

        ယူနန် က ကော့ချောင်ကြီးထန်း ပဲ သိတယ်… ပုံပြင်လေးတောင် ရှိသေးတယ်..
        ယူနန်ရောက်ရင် တိုးတွေက အဲ့ဒါ ကြွေးတယ်။ သူတို့ ကို အမြဲ အမှတ်ရနေအောင်တဲ့

        Reply

  • ဦး ကျောက်ခဲ

    May 14, 2013 at 8:33 am

    ဟီး ဟီး ဝါသနာကို တားမရနိုင်လို့ နဲနဲကွန့်ပါရစေ မမဝေ…
    ဝက်နံရိုးကို ဟင်းချက်ဝိုင်ရယ် ဂျင်းရည်ရယ်နဲ့ ကြိုပြီး နှပ်ထားပါသတဲ့…
    နောက်ပြီး ရေဆူဆူထဲ နံရိုးမထည့်ခင် မုံလာဥကို အပြင်ဘက်ခြစ်…
    လက်လေးသစ်ခန့် အတုံးကြီးတွေတုံးပြီးထည့်…
    ဝက်သားနံ့ပျောက်အောင် မိနစ်နှစ်ဆယ်လောက်ရောပြုတ်ပါတယ်…
    ငရုပ်သီးနဲ့ ရှောက်ကောပါကော (Chinese Five Spices) ရောထောင်းရင် ဆားနဲနဲထည့်ဖို့ မမေ့ပါနဲ့နော်…. အား ဟိ
    :harr:

    Reply

    • weiwei

      May 14, 2013 at 9:02 am

      ဦးကျောက်ခဲ ကွန့်လိုက်တာ ပိုကောင်းသွားတဲ့နည်းလမ်းပါပဲ ..
      ကျွန်မကတော့ အလွယ်လုပ်ဖြစ်တာများတယ်။ ဝက်သားပြုတ်ရင် အနံ့ပျောက်အောင် မုန်လာဥထည့်ပြုတ်တာကို သိခဲ့တာ သိပ်မကြာသေးဘူး။ ဝူရှန်းဖန် (Chinese five spices) ကို သင်္ကြန်တုန်းက ရွှေလီမှာ ဝယ်ခဲ့လိုက်တာ … ငရုတ်သီးကိုလဲ ငရုတ်သီးအနှစ် (အချဉ်ဓါတ်ပါတဲ့ဟာ)ကို ရယ်ဒီမိတ် ဝယ်ခဲ့တယ် .. ဟွကျောက်လို့ ခေါ်တဲ့ တရုတ်ငရုတ်ကောင်းစေ့ကလဲ တရုတ်နံ့ထွက်ပြီး ပူစပ်ပူလောင်ဖြစ်စေတယ်။
      ပုံထဲက ပန်းကန်မှာ ငရုတ်ဆီနဲနဲလေးပဲထည့်ထားတယ်။ အစပ်မစားနိုင်လို့။ တရုတ်တွေကတော့ နီရဲနေအောင်ထည့်စားလေ့ရှိပါတယ်။ ရာသီဥတုအေးအေးမှာ ပူစပ်ပူစပ်တွေကို အလွန်ကြိုက်ကြတယ်။

      Reply

  • MaMa

    May 14, 2013 at 9:06 am

    အီးဇီးကွတ်ကတော့ အရသာတွေ တမျိုးပြီး တမျိုး မရှိုးနိုင်အောင်ပါပဲ။
    ချက်ရတာ လွယ်ကူပြီး စားကောင်းမယ့်ပုံမို့……. :hee:

    Reply

    • weiwei

      May 14, 2013 at 9:14 am

      ယူနန်မြီးရှေကို ပိုကြိုက်တယ် … တစ်ခါလောက် စမ်းလုပ်ကြည့်ပြီး အဆင်ပြေရင် နည်းလမ်းပြောပြအုန်းမယ် … ကြက်သားနဲ့ မုန်ညင်းရွက် မှို စတဲ့ အချိုအရသာ .. မီးဖုတ်လို့ရတဲ့ ကြွေဇလုံထဲမှာ ထည့်စားလိုက်တော့ အကြာကြီးပူနေတဲ့စတိုင်နဲ့ …
      ရေးရင်း သတိရလာပြီ …

      Reply

  • kyeemite

    May 14, 2013 at 10:42 am

    အားပါးပါး..သွားရည်ယိုသွားတယ်ဗျို့…

    Reply

  • ဆူး

    May 14, 2013 at 11:25 am

    ဟင်းချက်နည်းထက် စားနည်းသောက်နည်း ကို ပိုသဘောကျတယ်.. အဟိ.. ရှလွတ်..

    Reply

  • etone

    May 14, 2013 at 3:25 pm

    လုပ်နည်းလေး ကြည့်ပြီး သွားရည်ကျသွားဘီ …
    ကိုယ်တိုင်ချက်စားလျှင် နောက်လထဲတောင် စားဖြစ်မယ် မထင်လို့ … ဂနေ့ ညပဲ … ဆိုင်မှာ ပြေးစားလိုက်တော့မယ် … ဟီး … ။ :harr:

    Reply

  • jujuma

    May 14, 2013 at 3:48 pm

    အဲ ဗိုက်ဆာနေတဲ့အချိန်ဆိုတော့ …
    ဂယ်များစားလိုက်ရရင်တော့ ဂွတ် ပဲ … :hee:
    လုပ်နည်းလေးကူးသွားပါတယ် အမဝေ …

    Reply

  • အရီးခင်လတ်

    May 14, 2013 at 3:49 pm

    ဆီမများဘဲ စားကောင်းမဲ့ ပုံလေးဘဲ။
    ဒီမှာ ကြံမဆိုင်ရတယ်။ မြီးရှည်အဖတ်တော့ မရှိဘူးထင်ရဲ့။
    အဲအစား ခေါက်ဆွဲ နဲ့ လုပ်ကြည့်မယ်။
    ကျေးဇူးပါဝေဝေရေ။

    Reply

  • ခင်ခ

    May 14, 2013 at 4:18 pm

    နံရိုးပေါင်း မြီးရှည်တော့ မန်း မှာစားဖူးတာ ကောင်းတယ်ဗျ။
    ကြံမဆိုင်နံရိုးပေါင်းတော့ မစားဖူးဘူးလေ။
    ဖတ်ရ ကြည့်ရတာတော့ သိပ်အီမဲ့ပုံမပေါ်လို့ ကောင်းမယ်ထင်တယ်နော်။

    Reply

  • padonmar

    May 14, 2013 at 10:26 pm

    ဖတ်ရလို့ စားကောင်းတာ မယုံပါ။
    စားရမှ ယုံပါမည်။
    ဝက်သားနူးအောင် ကော်မှုန့်နဲ့ နယ်ထားရတယ်ပဲကြားဖူးတယ်။
    ဝိုင်တို့ ဂျင်းတို့နဲ့ နှပ်ရတာမသိသေးဘူး။
    မုန်လာဥနဲ့ အနံ့ပျောက်အောင်လုပ်ရတာလည်း မှတ်သွားပါတယ်။
    တရုတ်ဆိုရင် အစပ်မစားနိုင်ဘူးထင်ခဲ့တာ ယူနန်တွေ အစပ်စားတာတွေ့မှ လက်ဖျားခါတယ်။

    Reply

  • ဦးကြောင်ကြီး

    May 15, 2013 at 8:59 am

    နံရိုးမြီးရှည်
    တန်ဖိုးကြီးပေ
    ဆန်အိုးဟီးနေ
    သံဒိုးတီးစေ….

    Reply

  • ဟုတ် … တီဝေ …
    ချက် ကို စားကျိလိုက်ဘာ့မယ် .. ဟီးးး :mrgreen:
    လဂါးနောက်ဒါဘာ …
    တီဝေ ပေါဒလိုလေး စားကျိလိုက်အုံးမယ်ရို့ …
    ခုဒေါ့ .. ပုံကျိပီး ဂလု တွားဒယ် …

    Reply

  • YUYA MON

    May 22, 2013 at 7:06 am

    YUMMY:)

    Reply

  • Miss Crystalline

    May 22, 2013 at 9:50 am

    ဒီလို ကွန်နက်ရှင်မကောင်းချိန်မှာ အနှုတ်လိုက်ပေးနိုင်သူတွေကိုချီးကျူးတယ်.. ကိုယ်ဆို အဲဒီအပေါင်းအနှုတ်ပေးတာ…တစ်ခါတောင်မလုပ်ဖူးဘူး..
    အစ်မရေ.. အစ်မနည်းလေးလဲမှတ်ထားလိုက်တယ်.. အစားကိုသံယောဇဉ်မဖြတ်နိုင်သူမို ့ ချက်စားပါဦးမယ်.. အစ်မကိုလည်း အီးဇီးကွတ်ခ်နည်းလေးတစ်ခုမျှချင်တယ်.. Moon Bakery မှာ ၁၈၀ဝ နဲ ့ရောင်းတဲ့ ရှုးရှဲခေါက်ဆွဲက သိပ်ခက်ပုံမရလို ့အိမ်မှာ ယိုးဒယားက ရယ်ဒီမိတ် ဆန်ပြားခေါက်ဆွဲထုတ်နဲ ့ ချက်စားဖူးတယ.် ဝက်သားရယ် ဝက်လျှာကိုအရင်ပြုတ်လိုက်တယ်.. ကျမကတော့ များများ ပြုတ်ထားတယ်.. ပြုတ်ပြီး ပါးပါးလှီးပေါ့.. နောက်ဆန်ပြားခြောက်ကို ရေနွေးနဲ ့ဖျောပြီး အရည်သွန်လိုက်တယ်.. နောက်မှပြုတ်ရည်ထဲထည့်ပြုတ်..ငရုတ်သီးစိမ်းလေး ပါးပါးလှီးထည့်.. ယိုးဒယားငံရည်လေးတစ်ပေါက်နှစ်ပေါက်ထည့်.. ခနောမှုန် ့လေးနည်းနည်းထည့်.. ဝက်သားပါးပါးလှီးထားတာလေးထည့်.. ကြက်သွန်ဖြူဆီချက်လေးထည့် သံပုရာရည်ညှစ်.. ရှုးရှဲအရသာနဲ ့ အရမ်းကောင်းတယ်.. ယိုးဒယားဆန်တဲ့အရသာပေါ့နော်..

    Reply

    • weiwei

      May 22, 2013 at 12:21 pm

      ခေါက်ဆွဲကတော့ အမအကြိုက်ဆုံး အစားအစာတစ်ခုပါပဲ .. moonbakery က ရှူးရှဲခေါက်ဆွဲ စားဖူးတယ် … ယိုးဒယားတုန်ရန်းအရသာမို့လို့ ပူပူစပ်စပ်မို့လို့ ဗမာတွေလျှာနဲ့လဲ အကြိုက်ပဲ …
      ခေါက်ဆွဲကိုတော့ အလွယ်ပဲ ရှိတာတွေအကုန်လှီးပြီး ကောက်ထည့်ပြီး ပြုတ်စားလေ့ရှိတယ် …
      အနှုတ်တွေကိုတော့ လျှစ်လျှူရှုတတ်သွားပါပြီ … ဘယ်လိုမှ မခံစားရတော့ဘူး ..

      Reply

Leave a Reply to ဆူး Cancel Reply

Your email address will not be published.