Varicose veins သွေးကြောထုံးခြင်း

khinmintatthuJune 24, 20101min00

“အကြောပြတ်ခြင်း” ကို ဖတ်ပြီး၊ “အကြောထုံး” တာလည်း သိချင်တယ်ဆိုလို့။ နောက်တခါ “သားကြောဖြတ်” တာ ရေးရမလားဘဲ။

ဗမာစကားမှာ “အကြော” ဆိုတာကို အလွယ် သုံးတတ်ကြတယ်။ Nerve အာရုံကြော၊ Muscle ကြွက်သား၊ Tendon အရွတ်၊ အကုန် အကြောချည်းဘဲ ပြောတယ်။ တခါတလေ ဘာပြောတယ်ဆိုတာ မှန်းမရတတ်ဘူး။ “ရှက်ကြောပြတ်တာ” တာ့ ဆရာဝန်ရော၊ လူနာပါ အတူတူ သိကြတယ်။ တခြားလူမျိုးတွေက မသိကြရှာဘူး။

သွေးကြောဆိုတာ နှလုံးကနေ တကိုယ်လုံး ရောက်အောင်လွှတ်ပေးတဲ့ Artery သွေးလွှတ်ကြော နဲ့ ခန္ဓာကိုယ်အနှံ့ကနေ နှလုံးဆီကို ပြန်လာတဲ့ Vein သွေးပြန်ကြော ဆိုပြီး နှစ်မျိုးရှိတယ်။ Capillaries သွေးကြောမျှဉ်လေးတွေ ဆိုတာလည်း ရှိပါသေးတယ်။ မျက်စိနဲ့တော့ မမြင်နိုင်ဘူး။ Varicose veins သွေးကြောထုံးရောဂါက သွေးပြန်ကြောမှာ ဖြစ်တာပါ။

သွေးပြန်ကြော အတွင်းမှာ တဖက်သတ်သာ သွေးစီးအောင်လုပ်ပေးတဲ့ Leaflet Valves အဆို့ရှင်တွေ ရှိနေတယ်။ သွေးလွှတ်ကြောကတော့ နှလုံးက ညှစ်ပေးလို့ သွေးစီးသွားစေနိုင်ပေမဲ့၊ သွေးပြန်ကြောထဲက သွေးတွေ နောက်ပြန် မစီးအောင် သူတို့ကနေ လုပ်ပေးကြတယ်။ ဒီကောင်တွေ ကောင်းကောင်း အလုပ် မလုပ်တော့ရင် ဒီရောဂါ ရတယ်။ အမှန်က အကြောတွေ ထုံးနေတာတော့ မဟုတ်ဘူး။ ဖေါင်း-ရောင်-တွန့်နေတာပါ။ ခပ်ပြာပြာ၊ အရေပြားပေါ်မှာ ဖေါင်းကြွနေတာ။ အများဆုံး တွေ့နိုင်တာက ခြေသလုံး နောက်ဖက်မှာ။ ကြာလေ ဖေါင်းလေ။ ကြည့်မကောင်းတာအပြင် နာတတ်တယ်။ ယားတတ်တယ်။

အသက် ၅ဝ ကျော်ရင် ၂ ယောက်မှာ ၁ ယောက်လောက် အနည်းနဲ့အများ ရှိလာတတ်တယ်။ အမျိုးသမီးတွေမှာ ပိုများတယ်။ မျိုးရိုး လိုက်တတ်တယ်။ ကိုယ်ဝန်ဆောင်ရတာ၊ အဝလွန်တာ၊ သွေးဆုံးတာ၊ အသက်ကြီးတာ၊ အကြာကြီး ရပ်ရတာ၊ ခြေထောက် ခိုက်မိတာတွေကြောင့် ဖြစ်လာစေနိုင်တယ်။ Piles လိပ်ခေါင်းဆိုတာလည်း စအိုမှာ ဒီလိုသဘော ဖြစ်တာပါဘဲ။ ဒါ့အပြင် ခပ်ဆင်ဆင် Spider veins ပင့်ကူလို ဖြစ်နေတာလည်း ရှိတယ်။

ခြေထောက် ရောင်လာမယ်။ Cramps ကြွက်သား နာတာ ဖြစ်တတ်တယ်။ သူကို ခိုက်မိလို့ အနာဖြစ်ရင် ပျောက်ခဲလှတယ်။ အနာကို ခိုက်မိပြန်ရင် သွေးအလွန်ထွက်မယ်။ ခြေမျက်စိအနားမှာ ဖြစ်လေ့ရှိတယ်။ နှင်းကူနာလိုပါ ဖြစ်လာတတ်တယ်။ အသက်ကြီးသူတွေဆိုရင် Thrombophlebitis သွေးပြန်ကြောရောင်တာ ဖြစ်တတ်တယ်။ ပြဿနာ ကြီးတာက သိပ်ဆိုးမှပါ။ သွေးလျှောက်တာ နည်းလွန်းလာလို့။ လမ်းတောင် မလျှောက်နိုင်၊ မရပ်နိုင် ဖြစ်လာတယ်။ တချို့ကြ အနာက Carcinoma or Sarcoma ကင်ဆာ ပြောင်းသွားတတ် သေးတယ်။

ခြေထောက်မြှင့်ထားပြီး နားပါ။ Compression stockings ကြပ်အောင်စီမံထားတဲ့ ခြေအိမ်တမျိုး ဝတ်ထားပါ။ နာတာကို Ibuprofen သောက်ရတယ်။ Aspirin ကတော့ သွေးခဲတာအတွက်ပါ ကောင်းတယ်။ အစာလမ်း သွေးမယိုအောင်တော့ သတိထားပါ။ သွေးခဲတာဖြစ်ရင် သွေးမခဲဆေး Anti-coagulation ပေးမယ်။ Thrombectomy, Foam Sclerotherapy အခဲကိုခွဲထုတ်တာ လုပ်ရတယ်။

သွေးကြောထုံးတာကို သမားရိုးကျ ခွဲစိတ်နည်းက Vein stripping ဖြစ်တယ်။ ဖြစ်တဲ့သွေးပြန်ကြောကို ခွဲထုတ်ပြစ်တာပါ။ ခေတ်ပေါ်နည်းကတော့ Ultrasound သုံးပြီး Sclerotherapy နဲ့ ရေဒီယိုလှိုင်းသုံးတဲ့ Radiofrequency ablation နောက်ပြီး လေဆာသုံးတဲ့ Endovenous laser နည်းတွေဖြစ်တယ်။ ခြေထောက်ကနေ နှလုံးဆီကို ပြန်လာတဲ့ သွေးတွေရဲ့ ၉၀% က အတွင်းပိုင်းက သွေးပြန်ကြောတွေကနေ လုပ်ပေးတာမို့၊ သွေးကြောထုံး ဖြစ်စေတတ်တဲ့ အပေါ်ယံ သွေးပြန်ကြောကို ခွဲစိတ်ထုတ်ပြစ်တာ ပြဿနာမကြီးဘူး။

ခြေထောက် အဖျားပိုင်းကို မြှင့်ထားပြီး နားပါ၊ ထိုင်နေရင်လည်း ခြေထောက်တွေကို ချိတ်မထားနဲ့။ အောက်ပိုင်း အဝတ်အစား ခပ်ချောင်ချောင်ဝတ်။ ထမီ နဲ့ ဂါဝန်။ စကပ်လည်းရတယ်။ မတိုစေနဲ့ အကြောထုံးတာ လူမြင်မယ်။ အဝ မလွန်၊ အလွန် မဝစေနဲ့။ ရပ်ရတဲ့ အလုပ်မှန်သမျှ ရှောင်။ မတ်တတ်ရွာကလူတွေ သတိထား။ မရပ်ရအောင် ရေတောင် မချိုးနဲ့ ရေဘဲကူး။ ရှူပေါက်ရင်လည်း ရပ်မပေါက်နဲ့။ အမျိုးသမီးတွေ အဖြစ်များတာ ဒါ့ကြောင့်တော့ မဟုတ်ဘူး။ ကိုယ်ဝန်မဆောင်နဲ့။ သွေးမဆုံးစေနဲ့။ အသက် မကြီးစေနဲ့။

Dr. တင့်ဆွေ ရေးသားထားသည်များကို ပြန်လည်ဝေမျှလိုက်သည်။

Leave a Reply

Your email address will not be published.