“ယောင်လည်လည်”

TTNUMay 17, 20121min030

ယောင်လည်လည်

ယောင်လည်လည်ဖြစ်ရတဲ့ ဘဝကို ယောင်လည်လည်ဖြစ်ဖူးမှ သဘောပေါက်ကြမှာ။
နားမလည်ပါးမလည် ဘဝတုန်းကတော့ သူများ ယောင်လည်လည်ဖြစ်နေရင် တယ်ပြီး
စိတ်မရှည်ချင်ခဲ့ဘူးလေ။ ဘာဖြစ်နေတာတုန်း။ ဘာညာပေါ့နော။

ယောင်လည်လည်ဖြစ်နေတယ်ဆိုတာ ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေတာမျိုးပေါ့။
ဘိုတွေကတော့ Panic-stricken လို့ ပြောတယ် ထင်ပါရဲ ့။ စိုးရိမ်ပူပန် စိတ်ထိခိုက်တာ
များတော့ ကောင်းကောင်းလည်းမတွေးနိုင်၊ ကြောင်းကျိုးလည်းမဆင်ခြင်နိုင် ဖြစ်ရတာမျိုးပေါ့။

အော်..ပြောရင်းနဲ့ လေဝေ့နေပြန်ပါပြီ။ ပြောချင်တာက ဒီလိုပါ။
လွန်ခဲ့တဲ့ (၁၂)နှစ်… (၂၀၀၀)ခုနှစ်တုန်းက စာရေးဆရာ၊ ကဗျာဆရာ၊ ဒါရိုက်တာ၊ ပန်းချီဆရာ
မောင်မိုးသူ (ဘကြီးမိုး) ရဲ ့ အသက် (၇၀)ပြည့် မွေးနေ့ပွဲကို ရန်ကုန်မြို ့ ရွှေကျင်နိကာယ
ကျောင်းတိုက်မှာ မေလ (၁၇) ရက်နေ့ မှာကျင်းပခဲ့ပါတယ်။
အဲဒီပွဲမှာ ဘကြီးမိုးက သူကိုယ်တိုင်ရေး ကဗျာတစ်ပုဒ်ကို ရွတ်ဆိုပြခဲ့ပါတယ်။
ဒီကဗျာရဲ ့ အမည်က “ယောင်လည်လည်”တဲ့။

 

စာရေးဆရာ၊ ကဗျာဆရာ၊ ဒါရိုက်တာ၊ ပန်းချီဆရာ မောင်မိုးသူ (ဘကြီးမိုး)

 

ဘကြီးမိုးဟာ (၁၉၉၉ခုနှစ် ဒီဇင်ဘာ ၃ ရက်)နေ့က ကွယ်လွန်သွားရှာတဲ့ ဇနီးသည် မအမာကို
တမ်းတ ပြီးရေးခဲ့တဲ့ ကဗျာလေး ဖြစ်ပါတယ်။ ဖတ်ကြည့်ပါဦးနော်။

ယောင်လည်လည်

အမာမရှိတဲ့ အိမ်အပြန်မှာ
သားသမီးတွေ ဘယ်လောက်များများ
မြေးတွေ ဘယ်လောက်များများ
စကားပြောစရာလူမရှိ
ဆူမည့်သူမရှိ၊ ပူမည့်သူမရှိ
ပကတိဟင်းလင်းပြင်
ဂြိုဟ်သေဂြိုဟ်မျောတစ်ခုလိုပါပဲ
အသက်ရှင်သူမရှိ
သစ်ပင်မရှိ၊ သတ္တဝါမရှိ၊
ပန်းမရှိ၊ လပြည့်ဝန်းမရှိ၊
နိတ္ထိ။

စံပယ်ပန်းခြောက်လေးများနှင့်အတူ
မီးသင်္ဂြု ိဟ်လိုက်တဲ့အခါ ပြာဖြစ်
အချစ်တွေ မချန်ရစ်ခဲ့တော့ဘူးထင်ပါရဲ ့။

သားသမီးတွေရဲ ့အကျိုး
အပေါင်းအသင်း၊ ဆွေမျိုးတွေရဲ ့အကျိုး
တိုင်းကျိုးပြည်ကျိုး လူမျိုးရဲ ့ အကျိုး
သယ်ပိုးဖို့ကျန်ရစ်ပေတော့လို့
မေးငေါ့ပြီးထွက်သွားလေသလားမသိ
ပကတိ တစ်ယောက်တည်းငါ
ဟင်းလင်းပြင်ဂြိုဟ်မျောကမ ္ဘာမှာ
ဘာလုပ်လို့ဘာကိုင်ရမှန်းမသိသေး။

မောင်မိုးသူ
(၂၀၀ဝ ခုနှစ်)

 

ကျမလေ ဘကြီးမိုးကဗျာလေးဖတ်ပြီး တော်တော်ခံစားသွားမိတယ်။
အော်သူ့ခမျာ…လို့လည်းတွေးမိတယ်။ အခုတော်ပါသေးရဲ ့။ အများအကျိုးသည်ပိုး
နေရင်း ဒေါ်ကြီးမာကို တမ်းတမ်းတတ နဲ့ အရမ်းမခံစားရတော့တာလေ။

ဘကြီးမိုးဟာ စာပေလောကထဲကို (၁၉၅၃) ကတည်းကဝင်ရောက်ခဲ့ပါတယ်။
ကဗျာတွေ စတင်ရေးသားရင်းနဲ့ လုံးချင်းဝတ္ထုတွေ၊ ဘာသာပြန်တွေရေးခဲ့ပါတယ်။
“ ရန်ကုန်သားနဲ့ မန ္တလေးသူ” လုံးချင်းဝတ္ထု ဆိုရင် အထူးအောင်မြင်ကျော်ကြားခဲ့ပါ
တယ်။ ဘာသာပြန်တွေကတော့ “ စိတ္တဇ” ၊ “ အိပ်မက်ကုန်သည်” ၊ “ အိပ်ဇိုးဒက်”၊
“ ကျားကုတ်ကျားခဲ”၊ တို့ဟာ အောင်မြင်ကျော်ကြားစာအုပ်များဖြစ်ခဲ့ပါတယ်။
ရုပ်ရှင်ဇာတ်ညွှန်းမှာတော့ “ ရေပွက်ပမာ” ၊ “ အချစ်ဆုံးမုန်းသူ” ၊ “မုန်းရစ်လေဦး” အပါ
အဝင် ဇာတ်ညွှန်းများစွာရေးသားခဲ့သူဖြစ်ပါတယ်။ ပြီးတော့ “ ကျွန်တော့်နာမည်ကျော်ကျော်”
“ မှုံနံသာ ခြယ်ကာသပါလို့” ၊ “စံရွှေမြင့် လေးခင်ခင်” စတဲ့ နာမည်ကြီးဇာတ်ကားများရဲ ့
ဒါရိုက်တာတစ်ဦးလည်းဖြစ်ပါတယ်။ ပန်းချီလောကမှာလည်း နာမည်ရှိခဲ့သူ တစ်ဦးပါ။
(၂၀၀၅) ခုနှစ်မှာ အဇဋာပန်းချီခန်းမမှာ Emotion တစ်ကိုယ်တော် ပြပွဲ ပြသခဲ့ပါတယ်။

 

ဘကြီးမိုးရေးခဲ့တဲ့ အဲဒီ ယောင်လည်လည် ဆိုတဲ့ ကဗျာလေးကို ကျမ ခဏခဏ ဖတ်မိတယ်။
ဖတ်ခါစက ဖတ်ပြီးတိုင်းလွမ်းရတဲ့ ကဗျာလေးဟာ အခုတော့ ဖတ်ပြီးတိုင်း အားတင်းထားဖို့
အားပေးနေသလိုပါပဲ။ ကျမလေ ဆရာမောင်မိုးသူ (ဘကြီးမိုး) ကိုကျေးဇူးတင်နေလိုက်တာ။
ဆရာ့ အကြောင်းပါတဲ့ စာတွေဆိုရင် နှစ်ခေါက် သုံးခေါက်ဖတ်မိတဲ့အထိပါပဲ။ ဆရာရေးတဲ့
“လွမ်းတော်မူဖို့ စာကိုစီတယ်” စာအုပ်ကိုဆိုရင် အပိုင်ဝယ်ထားတာ၊ သူငယ်ချင်းတစ်ယောက်
ငှားသွားတာနဲ့ အသစ်ပြန်ဝယ်ထားရပါတယ်။

ကျမယောင်လည်လည် ဖြစ်ခဲ့ရတဲ့ ဘဝကို စာတွေဖတ်ပြီး အားတင်းကာလျှောက်နေတာပေါ့ရှင်။
ဒီနေ့ ဒီဆောင်းပါးလေးရေးဖြစ်သွားတာကလည်း ဘကြီးမိုး အသက် (၈၂)နှစ်ပြည့်တဲ့
(မေလ ၁ရရက်)နေ့ မို့ပါ။ ဆရာ မောင်မိုးသူ (ဘကြီးမိုး) ပျော်ရွှင်မွေးနေ့ ဖြစ်ပါစေ။
သားသမီးတွေရဲ ့အကျိုး
အပေါင်းအသင်း၊ ဆွေမျိုးတွေရဲ ့အကျိုး
တိုင်းကျိုးပြည်ကျိုး လူမျိုးရဲ ့ အကျိုး
သယ်ပိုးသည် ထက် သယ်ပိုးနိုင်ပါစေဆရာကြီးရှင့်။

ဆုတောင်းမေတ္တာပို့သလျက်
ယောင်လည်လည် မဖြစ်တော့တဲ့
TTNU

30 comments

  • TTNU

    May 17, 2012 at 2:41 pm

    ဆရာ့ပုံတူ ပန်းချီလေးကို ဆရာမြင့်မောင်ကျော်ရဲ ့ Facebook မှ ခွင့်တောင်း
    Credit ပြပြီးကူးယူထားတာပါ။ ဆရာဦးမြင့်မောင်ကျော်… ကျေးဇူးထပ်တင်ပါတယ်နော်။

    Reply

  • Khaing Khaing

    May 17, 2012 at 2:49 pm

    တီချာနုရေ …….. ကဗျာလေးကအနှစ်သာရရှိလှပါတယ် …… တပည့်မက စာပေလေ့လာမှုအားနည်းပါတယ် ……. အခုလိုရွာထဲမှာ တီချယ်တို့လို့အသိပညာကြွယ်သူတွေ မျှဝေတာလေးကိုပဲဖတ်ဖြစ်ပါတယ် …….. အပြင်မှာတော့ စာအုပ်ဆိုတာ စင်ပေါ်မှာပဲထားထားခဲ့တဲ့ တပည့်မိုက်မပါ …

    Reply

  • ဗိုက်ကလေး

    May 17, 2012 at 2:52 pm

    တီချယ်ကြီးရေ
    ကျနော်တော့
    ဘယ်တော့များ ဘကြီးမိုးလို ယောင်လည်လည်ဖြစ်လာမလဲ စိုးရိမ်မိပါရဲ့ဗျား..
    ယောင်လည်လည်ဘဝမှ ကင်းရှင်းကြပါစေဗျား..
    ကျေးဇူးတင်ပါတယ

    Reply

    • လူ ဟား

      May 17, 2012 at 3:07 pm

      ဟင်း…ဗိုက်ကလေးပြောမှဘဲ…
      သေချာတယ်..ဗိုက်ကလေးရေ…. တစ်နေ့နေ့တော့ ယောင်လည်လည် ဖြစ်ရအုံးမှာဘဲ..။
      ခုတော့ မယောင်မလည်လေးဘဲ နေလိုက်ကြအုံးစို့။

      Reply

  • ahnyartamar

    May 17, 2012 at 3:00 pm

    ဆရာ မောင်မိုးသူ (ဘကြီးမိုး) ပျော်ရွှင်မွေးနေ့ ဖြစ်ပါစေ။

    Reply

  • kai

    May 17, 2012 at 3:35 pm

    လွမ်းစရာ့ကဗျာ ဆိုတာထက်.. အချစ်ကဗျာလို့တောင်ပြောချင်ပါတယ်..
    … ဘဝအဖေါ်ဆိုတာ.. ဘာလဲလို့.. .. လှစ်ပြသလိုပါပဲ..

    သွားနှင့်သူရဲ့.. ပုံတူပန်းချီကားလေး.. ရုပ်ထုကလေး.. ရှိနေရင်.. သူ့မှာ.. စကားပြောဖေါ်ရသွားမယ်ထင်မိပါရဲ့..

    Reply

  • nozomi

    May 17, 2012 at 3:50 pm

    ကျွန်တော် စိတ်ပူမိတာလဲ အဲဒီယောင်လည်လည်ဖြစ်မှာပဲ
    (တကယ်ကို စိတ်ပူတာ ၊ မဖြစ်သေးတာကို ကြိုပူတတ်လိုက်တာလို့ အပစ်တင်လဲ ခံရမှာပဲ )

    မဖြစ်ချင်ပါဘူး လို့ ဆုတောင်းနေရုံနဲ့ ဘယ်သူမှ ပြည့်စေလို့ ဖြည့်ပေးနိုင်တဲ့ အရာမှ မဟုတ်တာ

    တစ်ခါတစ်လေ အိမ်မှာ စိတ်တိုင်းမကျတာ အလိုမကျတာ တွေရှိလို့ အဆင်မပြေဖြစ်လိုက်ချင်ပေမဲ့
    အဲဒီ ယောင်လည်လည်ဆိုတဲ့ အချိန်မျိုး ( မတော်တဆများ ) ရှိလာခဲ့ရင် နောင်တမရအောင်
    စိတ်ကိုလျှော့ နားလည်ပြီး အချိန်တိုင်းပျော်ရတဲ့ မိသားစုဘဝလေး ဖြစ်အောင် ကြိုးစားနေမိတယ်

    အကြောင်းအရာလေးအတွက်ရော ၊ ကဗျာလေးအတွက်ပါ အထူးကျေးဇူးတင်မိပါတယ် ဆရာမကြီးခင်ဗျာ

    Reply

  • pooch

    May 17, 2012 at 5:19 pm

    တီချယ်ရေ ဒါဆို အမေလည်း ယောင်လည်လည်ဖြစ်နေတာ ၁၅ နှစ်နီးပါးရှိတော့မယ်။ တော်သေးတာက အနော်တို့ညီမနှစ်ယောက်ကို ဆူပူနေရတာနဲ့ သိပ်တော့ လည်း ယောင်ချိန်မရဘူး ထင်ပါရဲ့ :mrgreen:

    Reply

  • aye.kk

    May 17, 2012 at 5:35 pm

    တီချယ်ရေ..
    ဘကြီးမိုးရေးတဲ့ရုပ်ရှင်ဇတ်ညွန်းကားကို..
    သူငယ်ချင်းမိဘတွေကျိုက်ထိုမှာရုံတင်ခဲ့စဉ်အခါတုံးက..
    လက်မှတ်တွေရောင်းအားကောင်းပြီး၊ရုံလျှံထွက်တာအမှတ်ရနေမိပါတယ်..
    အိမ်ကလည်းရုပ်ရှင်ရုံလမ်းထဲမှာဆိုတော့..
    သူငယ်ချင်းနဲ ့အတူအပျော်တွေကူးစက်ခဲ့ရတယ်..
    ငယ်ငယ်ကအရမ်းနှစ်သက်ခဲ့ဘူးတဲ့ဇတ်ကားတွေပါ..
    ဘကြီးမိုးရေးတဲ့ကဗျာလေးကလည်းအဓိပါယ်ရှိလွန်းလှနေတာမို ့..
    ဖတ်ရတာဝမ်းသာကျေးဇူးတင်မိရပါတယ်..
    တီချယ့်ကိုအမြဲလေးစားလျှက်ပါလို ့ပြောလိုက်ပါရစေ..။။

    Reply

  • ကိုရင်စည်သူ

    May 17, 2012 at 6:53 pm

    တီချယ်ကြီးရေ.. ဘကြီးမိုးလို ယောင်လည်လည်ဖြစ်ရင် ရှောင်ဖယ်ဖယ်မဖြစ်ကြဖို့
    ဒီအချိန်ကတည်းက ပြင်ဆင်စရာရှိတာ ပြင်ဆင်ရမယ်လို့ အတွေးပွားမိပါတယ်ခင်ဗျာ..
    လောလောဆယ်တော့ ယောင်ချာချာ ဘဝကို အပြီးသတ်ချင်နေပါတယ်ခင်ည…

    လေစားစွာဖြင့်
    ကိုရင်စည်သူ (မိုးတိမ်)

    Reply

  • မဟာရာဇာ အံစာတုံး

    May 17, 2012 at 9:47 pm

    တီချယ်ကြီးရေ ..
    ဘကြီးမိုးရဲ့ ကဗျာလေးက ကောင်းလိုက်တာဗျာ ..
    ချစ်ရမယ့်လူ မရှိတော့တဲ့ ကမ္ဘာကြီးမှာ
    ယောင်လည်လည် ဖြစ်ရတာလေးကို ရေးပြသွားတာ ..
    အရမ်းမိုက်တယ်ဗျာ …
    ဘကြီးမိုးရဲ့ ရေးခဲ့တဲ့ စာအုပ် နာမည်တွေကိုတော့ ကြားဖူးတယ်ဗျ ..
    ဒါပေမယ့် မဖတ်ဖူးပါဘူး ..
    စာအုပ်ဆိုင်ရောက်ရင်တော့ ဝယ်ပြီး ဖတ်ရဦးမယ်ဗျာ ..
    ကျေးကျေး …

    Reply

  • Khin Latt

    May 17, 2012 at 10:44 pm

    တီချယ်ကြီးရှင့်
    ကဗျာလေးကို စိတ်မကောင်းစွာနဲ့ ခံစားသွားပါတယ်။
    ဘကြီးမိုးခမျာ နှစ်ပေါင်းများ ယောင်လည်လည် ဖြစ်နေခဲ့တာ ကို တွေးကြည့်လို့ရပါတယ်။
    တိုင်းကျိုးပြည်ကျိုး လူမျိုးရဲ ့ အကျိုးသယ်ပိုးဖို့ စိတ်ဓာတ်ရှိတဲ့ ဘကြီးမိုး ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်းလိုက်ပါတယ်။
    ကျွန်တော့ နာမည် ကျော်ကျော် က ကျော်ဟိန်း ကို ကျော်ဟိန်း ဖြစ်စေမဲ့ ရုပ်ရှင်ကားထင်ပါရဲ့။

    Reply

  • ချစ်ရမယ့်သူမရှိရင် ယောင်လည်လည်ဖြစ်မှာစိုးလို့
    အင်တာနက်မှာ လေလှိုင်းထဲက မိတ်ဆွေတွေကို ကြိုရှာထားတာလေ။
    စကားပြောဖော်ရအောင်။

    Reply

  • တီချယ် ပြောလို ့ပါဘဲ ကျနော်လဲ. ယောင်လည်လည်ဖြစ်နေတယ်ဆိုတော့
    Panic-stricken လို့ ပြောရမယ်ထင်ပါရဲ ့။

    Reply

  • TTNU

    May 18, 2012 at 10:18 am

    ဗိုက်ကလေးသို့…
    ဘယ်တော့များ ဘကြီးမိုးလို ယောင်လည်လည်ဖြစ်လာမလဲ စိုးရိမ်မိနေတဲ့မောင်ဗိုက်
    ကလေးရေ….
    အရံတွေ ရှိတယ်မဟုတ်လား။ ဥပမာ… (အရူးမကြီး။ ပုလင်းလေးတွေ။) 😛

    အညာတမာသို့…
    တီချာနဲ့ အတူ မွေးနေ့ ဆုကူတောင်းပေးလို့ ကျေးဇူးတင်ပါနယ်နော်။

    ကိုခိုင်သို့…
    ဘဝအဖေါ်ဆိုတာ.. ဘာလဲ။ ဆိုတဲ့မေးခွန်းကို ဒီကဗျာလေးထဲမှာ ဖော်ပြထားတာ
    ကောင်းတယ်နော်။ ဒါကြောင့် ဘိုလို Better half လို့ ပြောကြတာနေမှာ ကိုခိုင်ရေ။ 🙂

    နိုဇိုမီသို့…
    နောင်တမရအောင် စိတ်ကိုလျှော့ နားလည်ပြီး အချိန်တိုင်းပျော်ရတဲ့
    မိသားစုဘဝလေး ဖြစ်အောင် ကြိုးစားနေမိတ ကောင်းလိုက်တဲ့ ဆောင်ရွက်မှုပါပဲ။
    ဒါမှ လူဖြစ်ရကျိုးနပ်မယ်မဟုတ်ပါလား။

    Reply

  • Moe Z

    May 18, 2012 at 10:23 am

    ယောင်လည်လည်တဲ့လား တီချာရေ ..
    ကဗျာလေးဖတ်ပြီး စိတ်မကောင်းဖြစ်သွားပြီ
    ဘကြီးမိုးကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ..

    တီချာကတော့ အလုပ်နဲ့လက်မပြတ်လို့ ယောင်လည်လည်ဖြစ်မှာ
    မဟုတ်ဘူးထင်ပါတယ်နော် …
    တီချာလည်း ကျန်းမာပါစေ …

    Reply

  • ဆူး

    May 18, 2012 at 10:34 am

    ဒီကဗျာလေးကို ဖတ်ပြီး အဘိုး ကို သတိရတယ်။
    ဆူး အဘိုးလည်း အဘွားဆုံးတာ ကြာလှပြီ.. သူက နားလည်း လေးတော့ ဘယ်သူနဲ့မှ စကားသိပ်မပြောဖြစ်ဘူး။ တနေ့ တနေ့ ပက်လက်ကုလားထိုင် အဟောင်းလေးမှာ ယပ်တောင်လေး တချောင်းနဲ့ ထိုင်နေတာပဲ.. သူ နဲ့ စကားပြောလိုက်ရင် သူဆီက အမြဲ ကြားရတာ နင့် အဘွား ရှိတုန်းက ဘယ်လို ဘာညာနဲ့ ပြောပြတယ်။
    အသက်ကြီးလေ တယောက်နဲ့ တယောက် ကလေးလို ရန်ဖြစ်ကြလည်း သိပ်ချစ်ကြတာ အမှန်ပဲ။
    အသက်ရှည်လေ အသက်တူတန်း စိတ်တူတဲ့ လူတွေ သေကုန်ကျရင် ပိုပြီး အထီးကျန်ဆန်ကြတယ်။

    Reply

  • ကြောင်ကြီး

    May 18, 2012 at 10:36 am

    ယောင်လည်လည်
    ကြောင်ကယ်မယ်
    ဗျောင်ဆွယ်ဒယ်
    မောင်ငယ်ရယ်..။

    Reply

  • TTNU

    May 18, 2012 at 10:39 am

    Pooch သို့…
    အမေ့ ရင်ထဲ ဘယ်လိုဟာနေမလဲဆိုတာမျှဝေခံစားပေးတဲ့
    သမီးတွေရှိနေသေးလို့ တော်ပါသေးရဲ ့နော်။

    မအေးကေသို့…
    ဟုတ်ပါ့မအေးကေရယ်။ တီချာတို့ ငယ်ငယ်တုန်းက Entertainment ဆိုလို့
    ရုပ်ရှင်ကားကြီးတွေပဲ ရှိခဲ့တာနော။ ကားတိုင်းကိုမှတ်မိနေသလောက်ပါပဲနော်။
    ရွှေဘ ဆိုလည်းကြိုက်လိုက်တာပဲ၊ ဟီးရိုးမို့လို့လေ။ 🙂

    ကိုရင်သို့…
    အခု ဘာပြုလို့ယောင်ချာချာ ဖြစ်နေရတာပါလိမ့်။ ယောင်လည်လည်မဖြစ်ခင်
    ယောင်ချာချာ အရင်လုပ်ထားတာလား။ ❓

    မောင်အံစာသို့…
    လွမ်းတော်မူဖို့စာကိုစီတယ် ကတော့ ကွယ်လွန်သွားရှာသူတွေ အတွက် လွမ်းစရာ
    လေးတွေရေးထားတာ။ ရှာဖတ်ကြည့်ပါလား။ ချစ်တတ်ရင် မျက်ရည်ဝဲသွားမယ်။ 😥

    Reply

  • windtalker

    May 18, 2012 at 10:52 am

    ဆရာမရေ လေးစားစွာဖြင့် အကြံပြုချင်သည်မှာ
    ယောင်လည်လည်ကို ကုးသက်သာနိုင်ရန် ချွေးမ မြေး လိုအပ်မည် ထင်ပါကြောင်း။
    ဆရာမိုး ၏ ကဗျာ နှင့် အကြောင်းအရာများကို ဖတ်ရသည့်အတွက် ကျေးဇူးတင်ပါကြောင်း ရယ်ပါ။

    Reply

    • TTNU

      May 18, 2012 at 2:57 pm

      မောင်ပေရေ…
      ဘကြီးမိုးကဗျာထဲမှာပါသားပဲ။
      (အမာမရှိတဲ့ အိမ်အပြန်မှာ
      သားသမီးတွေ ဘယ်လောက်များများ
      မြေးတွေ ဘယ်လောက်များများ
      စကားပြောစရာလူမရှိ) ဆိုမှနော်။

      ယောင်လည်လည်ဖြစ်ရတဲ့အထဲ ချွေးမတွေ၊ မြေးတွေ ရှုပ်နေရင်
      ပိုကြောင်လည်လည်ဖြစ်နေပါဦးမယ်ဟ။

      Reply

  • TTNU

    May 18, 2012 at 11:03 am

    မလတ်သို့…
    ဟုတ်တယ်မလတ်ရေ၊ ဘကြီးမိုးတင်ပေးတဲ့ မင်းသား/သမီးတွေထဲမှာ
    တစ်ခုအပါအဝင်ပေါ့။ ဘကြီးမိုးက အခု ဒေါ်စုစီစဉ်တဲ့ ဗိုလ်ချုပ်အတ္ထုပ္ပတ္တိ
    ရုပ်ရှင်ကားအတွက်လည်း နာယကထင်တယ်။

    ကိုပေါက်သို့…
    အင်တာနက်မှာ လေလှိုင်းထဲက မိတ်ဆွေတွေရှာပြီးယောင်လည်လည်
    မဖြစ်အောင်နေတာကောင်းပါတယ်။ မီးမလာ၊ ကော်မကောင်းတာမျိုးတွေ
    များလာရင် ယောင်နေဦးမှာပဲ ကိုပေါက်ရယ်။ 🙁

    အတိသဉ္ဖာ နာဂရချစ်သူသို့…
    Panic-stricken ဖြစ်ဖို့ မောင်ရင်က ငယ်သေးတယ်မဟုတ်လားကွယ်။

    မိုးစက်သို့…
    (တီချာကတော့ အလုပ်နဲ့လက်မပြတ်လို့ ယောင်လည်လည်ဖြစ်မှာ
    မဟုတ်ဘူးထင်ပါတယ်နော်) အင်း…. တစ်ခါတစ်လေတော့လည်း….

    ဆူးသို့…
    အသက်ရှည်လေ အသက်တူတန်း စိတ်တူတဲ့ လူတွေ သေကုန်ကျရင်
    ပိုပြီး အထီးကျန်ဆန်ကြတယ်ဆိုတာ မှန်တယ်။ ဟို ရုပ်ရှင်တစ်ကားရှိပါရောလား။
    အခုပြောပြဖို့ နာမည် မေ့နေတယ်။ မသေဆေးသောက်လိုက်ရပြီးဒီလူနဲ့
    သူ့ကြွက် သက်တမ်းတွေရှည်နေတာလေ။ Old People’s Home ရောက်သွားပြီး
    မိတ်ဆွေတွေ အသီးသီးသေကုန်တယ်၊ သူနဲ့ သူ့ ကြွက်မသေနိုင်တော့ပဲ
    စိတ်ညစ်နေရပုံ ဖော်ပြထားတဲ့ ကားပေါ့။

    ကိုကြီးကြောင်သို့…
    ယောင်လည်လည်
    ကြောင်ကယ်မယ်လား
    ကြောင်ကိုဘယ်သူကယ်ပါ့မယ်။

    Reply

    • မောင်ဘလိူင်

      May 18, 2012 at 2:03 pm

      တီချာကြီး ပြောတဲ့ ဇာတ်ကားက ၁၉၉၉ ခုနှစ်မှာ မင်းသား
      တွမ်ဟန့်စ် နဲ့ရိုက်တဲ့ The Green Mile ဖြစ်မယ်ထင်တယ်။

      Reply

      • kai

        May 18, 2012 at 2:35 pm

        ရေးမလို့တွေးပြီးအောက်ကိုကြည့်တော့.. ကိုရင်ဘလှိုင်က.. မန့်ပြီးနေပြီ..
        ဟုတ်ပါလိမ့်မယ်..
        အဲဒီကားပါပဲ.. ကြိုက်လို့သေသေချာချာကို မှတ်မိနေတာ…။
        The Green Mile (1999)

        ဆိုတော့….
        တီချယ်ရေ…
        အခုဆေးတမျိုးပေါ်နေတယ်…
        ဖျက်ချင်တဲ့.. ဦးနှောက်မီမိုရီကို.. ရွေးဖျက်လို့ရတဲ့ဆေး..
        ယောင်လည်လည်သံယောဇဉ်ကိုလည်း. အဲဒါနဲ့..ရှင်းရမယ်ထင်တယ်နော… :mrgreen:

        The Forgetting Pill Erases Painful Memories Forever | Wired …
        http://www.wired.com/magazine/2012/02/ff_forgettingpill/all/1
        Feb 17, 2012 – New research shows that memories are formed and then actually rebuilt — and soon scientists may be able to target and erase specific …

        Reply

      • TTNU

        May 18, 2012 at 3:01 pm

        ကိုဘလှိုင်ရေ…
        ဟုတ်တယ်။ကျေးဇူးပါ။ ယောင်လည်လည်တို့ဘဝ
        မေ့လည်လည်ဖြစ်ချင်နေပြီထင်ပါရဲ ့။

        Reply

  • TTNU

    May 18, 2012 at 3:06 pm

    ကိုခိုင်ရေ…
    ပုံကလေးနှင့်တကွ ဖော်ပြပေးတာ သိပ်ကြိုက်တာပဲ။
    “ဖျက်ချင်တဲ့.. ဦးနှောက်မီမိုရီကို.. ရွေးဖျက်လို့ရတဲ့ဆေး..”
    The Forgetting Pill Erases Painful Memories Forever တဲ့လားကွယ်။
    ကိုခိုင်ရေ… ငါ့သားတို့ ကြီးလာရင်သိလာပါလိမ့်မယ်။ တစ်ခါတစ်လေ
    ဖျက်ချင်တဲ့ မီမိုရီ၊ Painful Memories၊ ထဲမှာလည်း လွမ်းစရာလေးတွေရှိနေပြန်ရောတဲ့။

    ဒီတစ်ခါလည်း Choose as a Best Comment လေးအဖြစ် ရွေးပါရစေကွယ်။

    မေတ္တာဖြင့်
    တီချာနု

    Reply

    • Khin Latt

      May 18, 2012 at 3:26 pm

      Teacher,
      That’s exactly what I wanted to say. 🙂
      Thanks.
      Love
      Ma Latt

      Reply

  • Khin Latt

    May 18, 2012 at 3:25 pm

    မှတ်မှတ်ရရ – အဲဒီကားကို ဘန်ကောက်မှာနေတုန်းက ကြည့်ခဲ့ရတာ။
    Tom Hanks ကြောင့်ကြည့်ခဲ့တာ။
    ဒါပေမဲ့ ကြည့်ပြီး နောက်တော့ ဇာတ်လမ်းကိုပါ ကြိုက်ခဲ့တယ်။

    ပြောချင်တာက တော့ အဲဒီ အကြောင်း မဟုတ်ပါဘူး။
    သူကြီးညွန်းတဲ့ “ဖျက်ချင်တဲ့.. ဦးနှောက်မီမိုရီကို.. ရွေးဖျက်လို့ရတဲ့ဆေး.” ဆိုတာကို ဖတ်ရင်း မန့်ချင်လာတာပါ။
    ဒီနေ့ ခေတ်မှာ – လူ့ခန္တာကြီး ကို မအိုအောင်၊ မနာအောင် ကာကွယ်ရေး နည်းမျိုး စမ်းသပ်မှုတွေ လုပ်လာကြတယ်။
    တစ်ချို့ ကလေးမွေးလာရင် အဲဒီကလေးရဲ့ အချင်းစ ကို သိမ်းပြီး နောင်ဖြစ်လာမဲ့ သူ့ရဲ့ ရောဂါတွေကို ကာကွယ်ဖို့၊ ရုပ်ရည် အိုမင်း မသွားဖို့ စသဖြင့်ပေါ့။
    ဟိုးအရင် ခေတ်နဲ့ ယှဉ်ရင် ပိုပြီး အဲဒီ ဘက်တွေမှာ တိုးတက်လာတယ် ဆိုနိုင်တယ်။
    တွေးမိတာပါ။
    နောင် နှစ်၁၀ဝ လောက်မှာ
    အဲလို အိုခြင်း၊ နာခြင်း ဘေး တွေ မရှိတော့ဘူး။
    လူ့ခေါင်းထဲမှာ စိတ်ညစ်ညူး စရာ အကြောင်း တွေ မရှိတော့ဘူး။
    လို့များ ဆိုလာခဲ့ရင်ပေါ့လေ။
    ဗုဒ္ဓဘုရား ရဲ့ လူအို၊ လူနာ၊ လူသေ ကို တွေ့ပြီးတော့ လူ့ခန္တာကြီး ကို ထမ်းထားရလို့ ရလာတဲ့ ဒုက္ခတွေ က နေ တွေ့လာတဲ့ တရား ကို ဘယ်လို သက်သေပြ ကျင့်ကြံ ကြမယ် ဆိုတာ ကြိုပြီး ပြင်ဆင်စဉ်းစား ထားသင့်၊ မသင့်။ 🙄
    သူကြီး ဆီမီနာ ခေါ်ပါ။ 🙂

    Reply

  • Ch@vez

    May 18, 2012 at 3:36 pm

    တီချာကြီးပိုစ့်ကို
    ကွန်းမန့်တွေနဲ့ မြိုင်၂ဆိုင်၂ ဖတ်ရှုရင်း အားပေးသွားကြောင်းပါဗျ…

    သို့
    အရီး
    မပူပါဘူး အရီးရယ် ..
    ဖောက်ပြန်လာတဲ့ ရာသီဥတု…
    ပြောင်းလဲလာတဲ့ လူနေမှု စနစ်
    အဲ့ဒါတွေကြောင့်
    ရောဂါ အသစ် အသစ်တွေလည်း
    ပေါ်လာ ကြဦးမှာ မို့ပါ…
    အနာဂါတ်ဟာ ဘယ်ဘက်ကကြည့်ကြည့် စိန်ခေါ်မှု အပြည့်..
    😀

    အဲ့ … ဇဂါးအတင်းစပ်လို့ အရီးပြောတဲ့

    တစ်ချို့ ကလေးမွေးလာရင် အဲဒီကလေးရဲ့ အချင်းစ ကို သိမ်းပြီး နောင်ဖြစ်လာမဲ့ သူ့ရဲ့ ရောဂါတွေကို ကာကွယ်ဖို့၊ ရုပ်ရည် အိုမင်း မသွားဖို့ စသဖြင့်ပေါ့။

    လုပ်ထားတဲ့ ဟိုမင်းသမီး အကြောင်းမေ့ပျောက်ပစ်ချင်လို့ ..

    သဂျီးရေ ..
    အဲ့ဆေးဝယ်တိုက်ပါ….

    Reply

  • blackchaw

    May 26, 2012 at 6:59 pm

    နောက်ကျနေတဲ့ ကွန်းမန့် အတွက် ခွင့်လွှတ်ပါ တီချယ်ကြီးရေ။
    ကျွန်တော်လည် ကိုနိုဇိုးမိကြီးပြောသလို
    ယောင်လည်လည် ဖြစ်မှာကိုတော့ တကယ်ကြောက်မိပါတယ်
    အသက်ရလာတော့ နည်းနည်းလည်း စိုးရိမ်တတ်စပြုလာပါတယ်။
    ဘယ်လိုပဲ ဖြစ်ဖြစ် သတိပေးသလို ဖြစ်နေလို့
    ကျေးဇူးတင်ပါတယ် တီချယ်ကြီးခင်ဗျာ။

    Reply

Leave a Reply

Your email address will not be published.